ကောင်းကျိုးထက် ဆိုးကျိုးပိုများတဲ့ အုန်းနို့အကြောင်း

ကောင်းကျိုးထက် ဆိုးကျိုးပိုများတဲ့ အုန်းနို့အကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win | ရေးသားသူ Ye Myo Myat

အုန်းနို့ဆိုတာ မြန်မာလူမျိုးတွေနဲ့ အာရှလူမျိုး အများစုအတွက်တော့ နေ့စဉ် ရင်းနှီးတဲ့ အစားအစာထဲမှာ ပါဝင်နေပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ မြန်မာလူမျိုးတွေအတွက်ဆိုရင်တော့ အုန်းနို့ခေါက်ဆွဲ ပေါ့ဗျာ။ ထိုင်းနိုင်ငံမှာဆိုရင်လည်း ထမင်းနဲ့ တွဲစားလို့ရတဲ့ တချို့ဟင်းလျာတွေကို အုန်းနို့နဲ့ ရောပြီး ချက်တာမျိုးလည်း ရှိပါတယ်။ နွားနို့နဲ့ မတည့်တဲ့သူတွေအနေနဲ့လည်း အစားထိုးအနေနဲ့ အုန်းနို့ကို စားသုံးလို့ရတာကြောင့်လည်း နာမည်ကျော် လူကြိုက်များလာခြင်းပဲ ဖြစ်ပါတယ်။

ဒီတော့ လူတိုင်း စားနေကြတဲ့ အုန်းနို့ဆိုတာ ကျန်းမာရေးအတွက် ကောင်းနိုင်သလားလို့ မေးစရာရှိလာပါတယ်။ တကယ် ပြန်စစ်ဆေးကြည့်လိုက်တဲ့အခါမှာ အုန်းနို့ဟာ အုန်းဆီလောက်တောင် ကျန်းမာရေးအကျိုးကျေးဇူး မပေးနိုင်ဘဲ ဘေးထွက်ဆိုးကျိုး ပိုများနိုင်တာကို တွေ့ရပါတယ်။

အုန်းနို့ဟာ ဘာကြောင့် ကျန်းမာရေးအတွက် မကောင်းတာလဲ။

၁။ အုန်းနို့ဆိုတာ သဘာဝအုန်းသီးကနေ ရတဲ့ နို့မဟုတ်ပါဘူး။ အုန်းသီးအထဲမှာ ရှိနေတဲ့ အဖြူဖတ် အသားတွေကို ကြိတ်ပြီး ပူနေတဲ့ ရေထဲကို ထည့်ပြုတ်ကာ သမအောင် မွှေပေးရပါတယ်။ ရလာတဲ့ အနှစ်ကို ရေစစ်ဆန်ခါနဲ့ အုန်းသီးဖတ်တွေကို စစ်ပြီး နောက်ဆုံး ချိစ်ထဲထားတဲ့ အဝတ်အတွင်းကို ဖြတ်သန်းစေကာ ရလာတဲ့ နို့ရည်ဟာ အုန်းနို့ပါပဲ။ သဘာဝအတိုင်း ရတဲ့ နို့မဟုတ်ဘဲ လူချက်လုပ်ထားတာဖြစ်တာကြောင့် သဘာဝ အုန်းရည်၊ အုန်းဆီထက် ဆိုးကျိုး ပိုရှိပါတယ်။

၂။ အုန်းနို့မှာ ကျန်းမာရေးအတွက် ရေရှည်ဆိုးကျိုးဖြစ်စေတဲ့ ပြည့်ဝဆီ ပါဝင်မှု အရမ်းများပါတယ်။ ဒါကြောင့် အုန်းနို့ သောက်ပြီးရင် သွေးတက်သလိုဖြစ်တာ၊ ခေါင်းမူးတာ၊ ကိုက်လက်မအီမသာ ဖြစ်ပြီး လေးလံလာတာတွေ ဖြစ်ရတာပါ။ အထူးသဖြင့် သွေးတိုးရောဂါ၊ နှလုံးရောဂါရှိသူတွေ လုံးဝ မသောက်သင့်သလို နွေရာသီ နေအရမ်းပူနေတဲ့အချိန်မှာလည်း အုန်းနို့ကို လုံးဝမသောက်သင့်ပါဘူး။

၃။ အုန်းနို့တွင် အချိုဓာတ် ပါဝင်မှုမြင့်မားတဲ့အတွက် နေ့စဉ် စွဲမြဲသောက်ပါက ကိုယ်တွင်း အဆီနဲ့ ကယ်လိုရီကို မြင့်တက်စေပြီး အဝလွန်စေပါတယ်။

၄။ အုန်းနို့ဟာ အစာမကြေတာ၊ ရင်ပြည့်ရင်ကယ် ဖြစ်စေတာကြောင့် နဂို ဝမ်းမကောင်းတဲ့သူတွေ၊ ဝမ်းချုပ်တတ်သူတွေ၊ ဝမ်းသွားစဉ် ညှစ်ရတဲ့သူတွေဆိုရင် ပိုပြီးတောင် ဝမ်းပြဿနာတွေ ကြုံရနိုင်ပါတယ်။

၅။ နွားနို့အစားထိုးအနေနဲ့ အုန်းနို့ကို သောက်သုံးတဲ့သူတွေမှာ ကယ်လ်စီယမ်ဓာတ် ချို့တဲ့ခြင်း ကြုံရနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အုန်းနို့မှာ ကယ်လ်စီယမ်ဓာတ် မပါဝင်လို့ပါပဲ။ ဒီလိုမျိုး ကယ်လ်စီယမ်ဓာတ် မလုံလောက်ခြင်းဟာ အသက်ကြီးလာတဲ့အခါ အရိုး၊ သွားကျိုးလွယ်တာ၊ အရိုးပါးရောဂါတွေ၊ ကိုယ်လက်အင်္ဂါ၊ ကြွက်သား ကျုံ့တာတွေ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် အုန်းနို့ အရမ်းကြိုက်တဲ့သူတွေလည်း တန်ဆေး၊ လွန်ဘေး ဆိုတဲ့ အသိကို အမြဲကပ်ထားဖို့တော့ လိုမယ်နော်။ လုံးဝကြီး ရှောင်စရာတော့ မလိုပေမဲ့ နေ့တိုင်း စားတာမျိုးကတော့ လွန်တယ်လို့ ဆိုရမှာပါ။ အဲဒီတော့ အုန်းနို့ခေါက်ဆွဲဖြစ်ဖြစ်၊ အုန်းနို့ဖြစ်ဖြစ် ကြိုက်ရင်လည်း တစ်ပတ် သို့မဟုတ် တစ်လ တစ်ကြိမ်လောက်လေးပဲ စားပေးပါ။ သွေးတိုး၊ နှလုံး၊ အဝလွန်သူတွေ အနေနဲ့ အုန်းနို့ကို တတ်နိုင်သလောက် ရှောင်ပါ။ နွေရာသီလို ပူပြင်းတဲ့အချိန်တွေမှာ အုန်းနို့ခေါက်ဆွဲကို မစားကြဖို့ ထပ်ပြီးတော့ မှာချင်ပါတယ်။

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly