နယ်စပ်ပြဿနာထက်ပိုနေသည့် အိန္ဒိယ-တရုတ်ပဋိပက္ခ

By AsiaTimes / Bertil Lintner
04 July 2020
နယ်စပ်ပြဿနာထက်ပိုနေသည့် အိန္ဒိယ-တရုတ်ပဋိပက္ခ

ဇူလိုင် ၄

ဇွန်လလယ်က ဟိမဝန္တာနယ်စပ်၌ အိန္ဒိယ-တရုတ် နှစ်ဖက်စစ်တပ်များ ခိုက်ရန်ဖြစ်ပွားကာ အိန္ဒိယစစ်သား အယောက် ၂၀ သေဆုံးပြီးနောက် နှစ်နိုင်ငံစလုံးသည် လိပ်ခဲတည်းလည်းအခြေအနေ၌ တိုက်ခိုက်ရန် အသင့်အနေ အထားဖြစ်နေသောကြောင့်  နှစ်ဦးနှစ်ဖက် မျက်ခြေမပြတ်စောင့်ကြည့်နေမှုသည် အငြင်းပွားဖွယ်နယ်စပ်ကို မည်သည့်ဘက်က ပိုင်ဆိုင်သင့်သည့်ဆိုသည်မှာ အဓိကအကြောင်းအရာမဟုတ်ကြောင်း သိသာထင်ရှားလာသည်။

အမှန်စင်စစ် အဆိုပါပဋိပက္ခသည် အာရှ၏အင်အားကြီး နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက်ပြိုင်ဆိုင်မှုဖြစ်ပြီး အထူးသဖြင့် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း (BRI) ကို ငြင်းပယ်သည့် အိန္ဒိယကို အပြစ်ပေးလိုသော တရုတ်၏ စိတ်ဆန္ဒပင်ဖြစ်သည်ဟု လေ့လာသုံးသပ်သူများက ဆိုသည်။

အိန္ဒိယနှင့် ၎င်း၏ မဟာမိတ်နှင့်မိတ်ဖက်များ အထူးသဖြင့် အမေရိကန်တို့သည် ကိုဗစ်-၁၉ ရောဂါကို တိုက်ဖျက်နေစဉ် အချိန်ကိုက်ပြီး တရုတ်က အင်ဒို-ပစိဖိတ်ဒေသကို ယခုအချိန်၌ မည်သူက အပြည့်အဝထိန်းချုပ်ထားကြောင်း အိန္ဒိယ၏ အိမ်နီးချင်းနိုင်ငံများအား သတင်းစကားပါးရန် စိတ်အားထက်သန်နေခြင်းဖြစ်သည်။

အနောက်နိုင်ငံများ ကပ်ရောဂါနှင့် နပန်းလုံးနေရချိန်တွင် ယုံကြည်မှုလွန်ကဲနေသော တရုတ်အနေဖြင့် ၎င်းအာဏာကိုပြချင်နေသည်ကို နားလည်သော်လည်း ပေကျင်း သည် အခြားနိုင်ငံများကို ရန်လိုခြင်းဖြင့် တစ်ချိန်တည်းတွင် ကိုယ်ပေါင်ကိုယ်လှန်ထောင်းသည့်ဖြစ်ရပ်ကို အဘယ်ကြောင့် လုပ်နေသည်ဆိုသည်မှာ စဉ်းစားစရာပင်ဖြစ်သည်။

တရုတ်သည် ၎င်းတို့၏ ရပ်တည်ချက်ကို မည်သည့်နိုင်ငံက ပွင့်လင်းစွာ ဝေဖန်လိုစိတ်ရှိပြီး မည်သည့်နိုင်ငံက နှုတ်ဆိတ်နေသည်ကို အကဲဖြတ်ရန် စစ်အေးတိုက်ပွဲစမ်းသပ်မှုတစ်ခုအနေဖြင့် ဟိမဝန္တာနယ်စပ်ကိုသာမက တောင်တရုတ်ပင်လယ်နှင့် ထိုင်ဝမ်အပေါ်ကိုပါ အာဏာပြနေသည်ဟု လေ့လာသုံးသပ်သူအချို့က ယုံကြည်ထားကြသည်။

သို့သော် ဤကိစ္စနှင့်စပ်လျဉ်း၍ တရုတ်သည် အိန္ဒိယကို ယှဉ်ပြိုင်ရာတွင်  မျှော်လင့်မထားသောအခြေအနေကို ရင်ဆိုင်နိုင်ရပေသည်။  

အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသော ကွန်မြူနစ်ပါတီ၏ The Global Times သတင်းစာ၌ ယုံကြည်စိတ်ချရသောမဟာဗျူဟာမိတ်ဖက်များအား ဇွန်လ ၁၅ ရက်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် ပူးပေါင်းရန်အပါအဝင် အိန္ဒိယကို ပြင်းထန်သော သတိပေးချက်များ ရေးသားလိုက်သော်လည်း တရုတ်ဘာသာဖြင့်ထုတ်ဝေသော ဒေသတွင်းမီဒီယာတွင် လာဒက်တောင်တန်း လိပ်ခဲတည်းလည်းအခြေအနေကို အသေးစိတ် မဖော်ပြခဲ့ပေ။

ရှန်ဟိုင်းမှ အလွတ်တန်း ပညာရှင် တစ်ဦးဖြစ်သည့် Hu Zhiyong  က “ အိန္ဒိယအနေနဲ့ နယ်စပ်တင်းမာမှုတွေကို မြင့်တက်စေခဲ့မယ်ဆိုရင် နှစ်ဖက် ဒါမှမဟုတ် သုံးဖက်ရဲ့ စစ်ဘက်ဆိုင်ရာဖိအားပေးမှုတွေ ရင်ဆိုင်ရနိုင်တယ်” ဟု သတင်းစာတွင် ရေးသားခဲ့သည်။
အဆိုပါအစီရင်ခံချက်များနှင့် ဝေဖန်ချက်များသည် နိုင်ငံရပ်ခြားစာဖတ်ပရိသတ်များ အထူးသဖြင့် အိန္ဒိယအတွက် ရည်ရွယ်ရေးသားကြောင်း သိသာထင်ရှားနေပြီး နှစ်နိုင်ငံအကြား ၁၉၆၂ ခုနှစ်က ဖြစ်ပွားခဲ့သည့် တောင်တန်းနယ်နိမိတ်စစ်ပွဲတွင် အိန္ဒိယ၏ ‘ကြီးမားသောရှုံးနိမ့်မှု’ ဟု မေလ ၂၅ ရက်ထုတ် သတင်းစာတွင် ညွှန်းဆိုဖော်ပြခဲ့ပြီး အိန္ဒိယကို အမှတ်ရစေခဲ့သည်။

ဇွန် ၂၂ ရက်ထုတ် The Global Times ၏ အယ်ဒီတာ့အာဘော်တွင်လည်း “အိန္ဒိယ၏ ဂနာမငြိမ်သော အမျိုးသားရေးဝါဒီများဖြင့် နယူးဒေလီကို လမ်းမှားမပို့သင့်ကြောင်း၊ အိန္ဒိယကို အတိတ်က အမှားမျိုး ထပ်မှားခွင့်မပေးရန် သတိပေးချင်ပါသည်” ဟု ရေးသားခဲ့သည်။ ထို့ပြင် တရုတ်သည် ၁၉၆၂ က ကဲ့သို့မဟုတ်ဘဲ ယခုအခါ ဒေသဆိုင်ရာ မဟာမိတ်များရှိနေရုံသာမက၊ အိန္ဒိယထက် ဂျီဒီပီ ငါးဆများသော စက်မှုနိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ အိန္ဒိယထက်လည်း ကာကွယ်ရေးအသုံးစရိတ်ပိုမိုကြောင်း၊ အိန္ဒိယ၏ခေတ်မီလက်နက်များအားလုံးသည် ပြည်ပမှ တင်သွင်းထားခြင်းဖြစ်ပြီး တရုတ်၏ခေတ်မီလက်နက်အများစုမှာ ပြည်တွင်း၌သာထုတ်လုပ်ကြောင်း ရေးသားထားသည်။

ထိုအချက်များမှာ မှန်ကောင်းမှန်နိုင်သော်လည်း အိန္ဒိယသည် ၁၉၆၂ က ကဲ့သို့ စစ်ဘက်ဆိုင်ရာ အဆင်သင့်မဖြစ်သော နိုင်ငံမဟုတ်တော့ဘဲ တရုတ်ကိုကြံ့ကြံ့ခံနိုင်ကြောင်း မကြာသေးခင်က ဖြစ်ရပ်များက သက်သေပြနေသည်။ ယခုရန်ပွဲသည် ၁၉၆၇ ခုနှစ် စက်တင်ဘာက တိဗက်နှင့် စစ်ကင်ဒေသကြားရှိ တောင်ကြားလမ်းနှစ်ခုအကြားတွင် နှစ်နိုင်ငံ တိုက်ပွဲဖြစ်ပွားပြီးနောက် ပထမဆုံး စမ်းသပ်မှုဖြစ်သည်။

ထိုအချိန်ကလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသည် အခြေအနေကို တလွဲမမှတ်ရန်နှင့် ၁၉၆၂ ခုနှစ်က အမှားမျိုး ထပ်မလုပ်ရန် လတ်တလော သတိပေးချက်နှင့်တူညီသော အသုံးအနှုန်းမျိုး သုံးပြီး ကြေညာချက်ထုတ်ပြန်ခဲ့သည်။

၁၉၆၇ ဟိမဝန္တာနယ်စပ်တိုက်ပွဲ၌ တရုတ်ဘက်က သေဆုံးသူ ၃၄၀ ဦးနှင့် ဒဏ်ရာရသူ ၄၅၀ ဦး၊ အိန္ဒိယဘက်က သေဆုံးသူ ၈၈ ဦးနှင့် ဒဏ်ရာရသူ ၁၆၃ ဦး ရှိသည်ဟူသော အိန္ဒိယ၏ ထုတ်ပြန်ချက်ကို အလွတ်တန်း လေ့လာသူများနှင့် အတတ်ပညာရှင်များက စောဒကတက်ခဲ့ခြင်းမရှိချေ။

ထိုဖြစ်ရပ်ပြီးနောက်  ၁၉၇၅ ခုနှစ် အောက်တိုဘာလက ဟိမဝန္တာအရှေ့ပိုင်း အာရူနာချာပရာဒေ့ရှ်ပြည်နယ်ရှိ အာသံရိုင်ဖယ်လက်နက်ကိုင်တပ်ဖွဲ့ကို တရုတ်တပ်များက ချုံခိုတိုက်ခိုက်ခဲ့သော ဆိုးရွားသော လက်နက်ကိုင်တိုက်ပွဲတစ်ခုသာဖြစ်ပွားခဲ့သည်။ အဆိုပါတိုက်ပွဲ၌ ရိုင်ဖယ်တပ်မှ လေးဦးသေဆုံးခဲ့သော်လည်း နှစ်နိုင်ငံကိုပိုင်းခြားသည့် မိုင်ပေါင်း ၃၅၀၀ အရှည်ရှိ မတည်ငြိမ်သော နယ်စပ်တစ်လျှောက် တင်းမာမှုများကို မမြင့်တက်စေခဲ့ပေ။

၁၉၈၆ ခုနှစ်နှောင်းပိုင်းနှင့် ၁၉၈၇ ခုနှစ်အစောပိုင်းကာလတွင်လည်း အရူနာချာပရာဒေ့ရှ်ပြည်နယ်တွင် တရုတ်နှင့် အိန္ဒိယစစ်တပ်မှ တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာ ထိပ်တိုက်တွေ့ခဲ့ကြသော်လည်း တိုက်ခိုက်မှုများမဖြစ်ပွားပေ။ ထိုဖြစ်ရပ်တွင် တရုတ်တပ်များကို ဆုတ်ခွါရန် ဖိအားပေးခဲ့ကြသည်။

ထိုစဉ်က နယ်စပ်၌ တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Krishnaswamy Sundarji အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ အိန္ဒိယတပ်အရာရှိက “ အခုအချိန်က ၁၉၆၂ ခုနှစ်တုန်းကနဲ့ မတူတော့ဘူးဆိုတာ တရုတ်ကို ပြချင်တယ်။ သူတို့ အခုရင်ဆိုင်နေရတဲ့ အိန္ဒိယစစ်တပ်ဟာ ကွဲပြားခြားတယ်ဆိုတာ သူတို့ကို ပြချင်ပါတယ်” ဟုဆိုသည်။

အမှန်စင်စစ် အိန္ဒိယတပ်သည် အင်အားတောင့်တင်းပြီး ခေတ်မီလာခဲ့ကာ ကမ္ဘာ့အကျယ်ပြန့်ဆုံးနှင့်ခေတ်အမီဆုံးမဟာဗျူဟာမြောက်သော ပြင်ပထောက်လှမ်းရေးအဖွဲ့အစည်းများအနက်တစ်ခုအဖြစ် ဖွဲ့စည်းခဲ့ပြီး နျူကလီးယားပိုင်ဆိုင်သော နိုင်ငံဖြစ်လာခဲ့သည်။ အိန္ဒိယသည် ၁၉၉၉ ခုနှစ်က ဂျမူးနှင့် ကက်ရှ်မီးယားပြည်နယ်တွင် အိမ်နီးချင်း ပါကစ္စတန်နှင့်ဖြစ်ပွားခဲ့သော ကာဂီစစ်ပွဲအပါအဝင် တိုက်ပွဲများတွင် အောင်နိုင်ခဲ့သည်။

အိန္ဒိယတွင် တက်ကြွလှုပ်ရှားနေသော တပ်အင်အား ၁.၄ သန်းကျော်နှင့် အရန်တပ်ဖွဲ့ တစ်သန်းနီးပါးရှိပြီး ကမ္ဘာ့အကြီးဆုံး စေတနာ့ဝန်ထမ်းတပ်ဖွဲ့ကို ပိုင်ဆိုင်ထားသည်။ ၁၉၉၀ ခုနှစ်များတွင် ကာကွယ်ရေးပစ္စည်းများထုတ်လုပ်မှုလျော့ကျခဲ့သော်လည်း ၂၀၁၈-၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁.၄၆ ဘီလီယံတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများကို တင်ပို့နိုင်ခဲ့သည်။

နှစ်နိုင်ငံစလုံးက ပဋိပက္ခကို လုံးလုံးလျားလျား ဖြစ်ချင်ဖွယ်မရှိသော်လည်း နယ်စပ်ကိစ္စအပေါ် ကတောက်ကဆတ်ဖြစ်ခြင်းကို အလွယ်တကူ ဖြေရှင်းနိုင်လိမ့်မည်မဟုတ်ပေ။ ပြဿနာတစ်ခုမှာ အိန္ဒိယကို အုပ်ချုပ်ခဲ့သော ကိုလိုနီဗြိတိသျှတို့သည် တစ်ချိန်က တရုတ်တို့ပိုင်ဆိုင်ခဲ့သော ပိုင်နက်များကို ပိုင်းခြားလျက် အဆိုပြုနယ်စပ်မျဉ်းများစွာ ရေးဆွဲခဲ့သောကြောင့်ဖြစ်သည်။

ပထမနယ်စပ်မျဉ်းတစ်ခုမှာ ၁၉ ရာစု ကိုလိုနီအုပ်ချုပ်ရေးမှူးနှစ်ဦးအမည်ပေးထားသည့် Ardagh-Johnson နယ်စပ်မျဉ်းဖြစ်ပြီး ယနေ့အိန္ဒိယ၏ တရားဝင်မြေပုံပေါ်တွင်ရေးဆွဲထားသော နယ်စပ်မျဉ်းဖြစ်သည်။ နောက်တစ်ခုမှာ ဗြိတိသျှအရာရှိနှစ်ဦးအမည်ဖြစ်သည့် MacCartney-MacDonald နယ်စပ်မျဉ်းဖြစ်ပြီး အကြမ်းအားဖြင့် တရုတ်တို့တောင်းဆိုမှုအရ ဆွဲထားသောမျဉ်းဖြစ်သည်။

အိန္ဒိယက ၎င်းပိုင်ဆိုင်သည်ဟု အငြင်းပွားနေသော အဆိုင်ချင်းဒေသသည် အလွန်ဝေးကွာပြီး တရုတ်က အဆိုပါဒေသကို ဖြတ်လျက် ရှင်ကျန်းနှင့် တိဗက်ရှိ လာဆာမြို့ကို အဝေးပြေးလမ်းတည်ဆောက်ထားသည်ကို အိန္ဒိယ ရှာဖွေတွေ့ရှိခဲ့သည်။ ဇွန်လလယ်က ရန်ပွဲဖြစ်ပွားခဲ့သည့် ဂယ်ဝမ်တောင်ကြားနေရာသည်လည်း ၁၉၆၂ ခုနှစ်စစ်ပွဲအတွင်းက မီးစတစ်ခုဖြစ်ခဲ့သည်။  

ယနေ့ နယ်စပ်ထိန်းချုပ်မျဉ်း (LAC) သည် MacCartney-MacDornald နယ်စပ်မျဉ်း၏ အနောက်ဘက်တွင်ရှိသည်။ နောက်ထပ်ကြီးမားသောပြဿနာတစ်ခုမှာ အိန္ဒိယက တရားဝင်မြေပုံများပေါ်တွင် တောင်းဆိုမှုအတိုင်း နယ်စပ်မျဉ်းကို သတ်သတ်မှတ်မှတ် ရေးဆွဲထားသော်လည်း တရုတ်တို့က ပိုမိုတိုးချဲ့လာပြီး မကြာခဏ ပြောင်းလဲနေခဲ့သည်ဟု အိန္ဒိယညှိနှိုင်းစေ့စပ်သူများက ဆိုသည်။

တရုတ်သည် ၎င်းတို့နိုင်ငံအား ခေတ်သစ်ကမ္ဘာ၏ဗဟိုချက်အဖြစ် ရှေ့တန်းတင်နေသောကြောင့်  ထိုသို့ နယ်စပ်မျဉ်းများအားပြောင်းလဲခြင်းသည် အိမ်နီးချင်းနိုင်ငံများအား စိုးရိမ်မှုဖြစ်ပေါ်စေသည်။ ဟိမဝန္တာမှသည် တောင်တရုတ်ပင်လယ်အရေးအထိ နယ်နိမိတ်များကို စမ်းသပ်စူးစမ်းခြင်းဖြင့် တရုတ်သည် တုံ့ပြန်မှုများကို အကဲခတ်နေပြီး တောင်းဆိုမှုများကို လိုအပ်သလို မြှင့်တင်လုပ်ဆောင်နေခြင်းဖြစ်သည်။

တရုတ်သည် အိန္ဒိယနှင့် မီးကုန်ယမ်းကုန် စစ်မက်ဖြစ်ပွားဖွယ်မရှိသော်လည်း ဒေသတစ်လွှား BRI စီမံကိန်းကို ရှေ့တန်းတင်လုပ်ဆောင်နေသောကြောင့် အငြင်းပွားမှုသည် တခြားနည်းများဖြင့် အရှိန်မြင့်ကောင်းမြင့်လာနိုင်သည်။ ကိုဗစ်-၁၉ ဒဏ်ကို အလူးအလဲခံစားနေကြရသော်လည်း နှစ်နိုင်ငံအကြား အရေးပါနေဆဲဖြစ်သည့် ကုန်သွယ်မှုတိုးတက်ရန် ရည်ရွယ်၍ အဆိုပါစီမံကိန်းကိုလုပ်ဆောင်နေခြင်းဖြစ်သည်။

ဖေဖော်ဝါရီလက နယ်စပ်ပြဿနာ စတင်ကြီးထွားလာသည်နှင့်အမျှ တရုတ်သို့ အိန္ဒိယ၏ပို့ကုန်တန်ဖိုးသည်  ၂၀၁၉ ခုနှစ် အလားတူအချိန်နှင့်နှိုင်းယှဉ်ပါက ၁၃.၇ % သို့ကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံသာရရှိခဲ့သည်။

ဟောင်ကောင်သို့တင်ပို့မှုမှာလည်း အမေရိကန်ဒေါ်လာ ၆၈၁ သန်းသာရရှိခဲ့ပြီး ၆၂.၄ % ကျဆင်းခဲ့သည်။ အနာဂတ်ကုန်သွယ်မှုအတွက် ကိုဗစ်-၁၉ ၏ သက်ရောက်မှုနှင့် ပိုမိုကျယ်ပြန့်သော ပဋိပက္ခဖြစ်နိုင်ခြေများကို စောင့်ကြည့်ရဦးမည်ဖြစ်သည်။
သို့သော်လည်း တရုတ်သည် နယ်စပ်ထိန်းချုပ်မျဉ်းတစ်လျှောက်တွင် စစ်အင်အား ဖြည့်တင်းနေသည်မှာ အသေအချာပင်။ အိန္ဒိယစစ်သားများသေဆုံးခဲ့သည့် ဇွန်လလယ်ခိုက်ရန်ဖြစ်ပွားမှု၌ တရုတ်တပ်ဖွဲ့ဝင်များသည် ဆူးဝါယာကြိုးများဖြင့်ပတ်ထားသော တုတ်များနှင့် သံမှိုရိုက်ဂဟေဆော်ထားသော သံချောင်းများကို အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

သေနတ်ပစ်သံမကြားရဘဲ ရန်ပွဲကို လျင်မြန်စွာ အသာရသွားသည့်အကြောင်းရင်းကို ထိုအချက်များက သက်သေပြနေသည်။ သို့သော် နယ်စပ်ထိန်းချုပ်မျဉ်းတစ်လျှောက် နှစ်ဖက်စလုံး၌ ယခုအခါ အသစ်တည်ဆောက်ထားသောဘန်ကာများ၊ ရွက်ဖျင်တဲများနှင့် သိုလှောင်ရုံများ ရှိနေခြင်းသည် အသေအကျေတိုက်ပွဲတစ်ခုအတွက် စတင်ပြင်ဆင်နေကြောင်း အဓိပ္ပါယ်သက်ရောက်သည်။

 တရုတ်အနေဖြင့် ကြမ်းတမ်းသောလက်နက်များထက် စစ်အင်အားကို အသုံးပြုပြီး အိန္ဒိယကို အမှန်တကယ် သင်ခန်းစာပေးချင်နေကြောင်း ဖြစ်နိုင်သော်လည်း  ၂၀၂၀ ခုနှစ်တွင်ဖြစ်ပွားသော မည်သည့်လက်နက်ကိုင်ပဋိပက္ခမဆို ဆက်လက်ဖြစ်ပွားနိုင်ခြေမရှိသလို  ၁၉၆၂ ခုနှစ်က အနိုင်ရခဲ့သော တိုက်ပွဲကဲ့သို့ အဆုံးသတ်လိမ့်မည်မဟုတ်ကြေင်း တရုတ်အနေဖြင့် ယခုအချိန်၌ သိနေသင့်ပေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly