ရုရှထံမှ အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်ဖိုး တိုက်လေယာဉ်များ အိန္ဒိယ ဝယ်ယူမည်

ရုရှထံမှ အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်ဖိုး တိုက်လေယာဉ်များ အိန္ဒိယ ဝယ်ယူမည်

ဇူလိုင် ၄

အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံဖိုးရှိ ရုရှတိုက်လေယာဉ် ၃၃ စင်း ဝယ်ယူခြင်းနှင့် အခြား ၅၉ စင်း အဆင့်မြှင့်တင်ခြင်းတို့အတွက် လက်မှတ်ရေးထိုးသည်။

နျူကလီးယားလက်နက်ပိုင် အိမ်နီးချင်း တရုတ်နိုင်ငံနှင့် တင်းမာမှု မြင့်တက်နေစဉ် ယခုကဲ့သို့ အိန္ဒိယက လုပ်ဆောင်လာခြင်းလည်း ဖြစ်သည်။

MiG-29 တိုက်လေယာဉ် ၂၁ စင်းနှင့် Su-30 MKI ၁၂ စင်း ဝယ်ယူခြင်းအပြင် ရှိထားသည့် MiG-29s စင်းရေ ၅၉ စင်းအား အဆင့်မြှင့်တင်ခြင်းသည် အိန္ဒိယလေတပ်၏ တိုက်ခိုက်ရေးတပ်စုကို အင်အားဖြည့်သွင်းခြင်း ဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။

ထိုပြင် ကြည်း၊ ရေ၊ လေတပ် သုံးတပ်စလုံးအတွက် ပြည်တွင်း၌ ဒုံးကျည်စနစ်များ ဖွံ့ဖြိုးရေး၊ လက်နက်ခဲယမ်းများနှင့် ကြဉ်းတပ်အတွက် ခြေလျင်တိုက်ခိုက်ရေးယာဉ်များ အဆင့်မြှင့်တင်ခြင်းတို့ကိုလည်း အတည်ပြုခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

အိန္ဒိယ၏ ကာကွယ်စွမ်းရည်များကို မြှင့်တင်ခြင်းသည် မိမိတို့၏ နယ်စပ်များအား ကာကွယ်နိုင်ရန် အားကောင်းသည့် လက်နက်ကိုင်တပ်များ လိုအပ်ပြီး ဝန်ကြီးချုပ် မိုဒီ လှုံ့ဆော်ထားသည့် ‘ကိုယ်ပိုင်ရပ်တည်သော အိန္ဒိယ’အဖြစ် ဖော်ဆောင်ရေးတို့အတွက် ဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ဖြည့်စွက်ဆိုထားသည်။

ယခုကဲ့သို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လာခြင်းသည် ဝန်ကြီးချုပ် မိုဒီက ရုရှသမ္မတ ဗလာဒီမာပူတင်နှင့် ဖုန်းပြောဆိုပြီးနောက်တွင် ထုတ်ပြန်လာခြင်းပဲ ဖြစ်သည်။

၂၀၂၆ ခုနှစ်တိုင် ဆက်လက်အုပ်ချုပ်နိုင်မည့် ဖွဲ့စည်းပုံပြင်ဆင်မှုကို နိုင်ငံတစ်ဝန်း မဲပေးထောက်ခံမှုရသည့်အတွက် ပူတင်အား မိုဒီက ဂုဏ်ပြုစကားကို ဖုန်းဖြင့် လှမ်းပြောခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်လအတွင်း အိန္ဒိယကာကွယ်ရေးဝန်ကြီး ရာ့ချ်နက်ဆင်းချ်က မော်စကိုသို့ ၇၅ ကြိမ်မြောက် အောင်ပွဲနေ့စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ရုရှနိုင်ငံသည် အိန္ဒိယ၏ စစ်အေးကာလ မဟာမိတ်ဖြစ်ခဲ့ပြီး အိန္ဒိယ၏ အကြီးဆုံး စစ်လက်နက်ပစ္စည်း ထောက်ပံ့သည့်နိုင်ငံလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly