ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၁၁ သန်းကျော်ရှိ

ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၁၁ သန်းကျော်ရှိ

ဇူလိုင် ၄

ကမ္ဘာလုံးဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုသည် သောကြာနေ့အထိစာရင်းအရ ၁၁ သန်းကျော်ခဲ့ပြီး ခုနစ်လအတွင်းတွင် လူပေါင်း သန်းဝက်ကျော်ကိုသေဆုံးစေခဲ့သည်ဟု ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

နှစ်စဉ်မှတ်တမ်းတင်ထားသော ပြင်းထန်တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်းထက် နှစ်ဆပိုများကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောသည်။

ကာကွယ်ဆေးရရှိရန်မှာလည်း တစ်နှစ်မက ကြာနိုင်သည့်အတွက် ရောဂါဒဏ်အဆိုးရွားဆုံးခံရသောနိုင်ငံများသည် လုပ်ငန်းခွင်နှင့်နေ့စဉ်ဘဝ၌ ကျယ်ပြန့်သောသတိပေးချက်များနှင့်အတူ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုနှေးကွေးစေရန် လော့ဒေါင်းများကို စနစ်တကျ ဖြေလျှော့ပေးလျက်ရှိသည်။

အမေရိကန်ပြည်နယ်အများစုတွင် ကူးစက်မှုများ မြင့်တက်ခဲ့ပြီး ကြာသပတေးနေ့က ကိုဗစ်-၁၉ ကူးစက်မှုအသစ် ၅၅ ၄၀၀ ဦးထက်မနည်းရှိခဲ့ကာ နေ့စဉ်ကူးစက်မှုစံချိန်အသစ်တင်ခဲ့သည်။ ရောဂါကူးစက်မှုများ တစ်ဖန်မြင့်တက်လာ၍ ပြည်နယ်အစိုးရများသည် လုပ်ငန်းများပြန်ဖွင့်ပေးမည့်အစီအစဉ်ကို ရပ်ဆိုင်းခဲ့ရသည်။

အမေရိကန်တွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၁၂၉ ၀၀၀ ကျော်ရှိပြီး တစ်ကမ္ဘာလုံးသေဆုံးသူအရေအတွက်၏ လေးပုံတစ်ပုံနီးပါးခန့်ရှိသည်။

ဘရာဇီးတွင်လည်း ရောဂါကူးစက်သူ ၁.၅ သန်းခန့်ရှိပြီး လက်တင်အမေရိကတွင် ရောဂါကူးစက်ခံရသူမှာ ကမ္ဘာတစ်ဝန်းကူးစက်ခံရမှု၏ ၂၃ % ရှိသည်။ အိန္ဒိယသည်လည်း အာရှ၏ ဗဟိုချက်သစ်ဖြစ်လာခဲ့ပြီး ဗိုင်းရပ်စ်ကူးစက်သူ ၆၂၅ ၀၀၀ ဦးအထိ မြင့်တက်ခဲ့သည်။

တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကိုဗစ်နှင့်ဆက်စပ်၍သေဆုံးသူ  ၅၂၀ ၀၀၀ ကျော်ရှိထားပြီး အကြမ်းအားဖြင့် နှစ်စဉ်တုပ်ကွေးကြောင့်သေဆုံးသူအရေအတွက်နှင့်အတူတူပင်ဖြစ်သည်။ အိန္ဒိယနှင့်ဘရာဇီးတို့တွင် နေ့စဉ်ကူးစက်မှု ၁၀ ၀၀၀ အထက်ရှိနေပြီး ကပ်ရောဂါသည် အဆင့်အသစ်သို့ ချင်းနင်းဝင်ရောက်လာပြီဖြစ်သည်။

တရုတ်၊ နယူးဇီလန်နှင့်ဩစတြေးလျတို့တွင် ဒေသတွင်းကူးစက်မှုများကိုနှိမ်နင်းနိုင်ခဲ့သော်လည်း ပြီးခဲ့သည့်လက ရောဂါဖြစ်ပွားမှုအသစ်များ ထပ်မံတွေ့ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly