၂၀၂၀ ကောက်ကြောင်းနဲ့ သစ်ခုတ်သမားများ

၂၀၂၀ ကောက်ကြောင်းနဲ့ သစ်ခုတ်သမားများ
ဓာတ်ပုံ - သူရ / မဇ္ဈိမ

 သန့်ဇော် ( သန်လျင် )

သစ်ခုတ်သမားက သစ်ခုတ်ပြီး ၊ ပန်းပုထုတဲ့ သူကပန်းပုထု ကြ. . တဲ့ ။ ဒီစကားကို ပမာထားပြီး ကျွန်တော်တို့ နိုင်ငံရေးလောကကို ခိုင်းနှိုင်းတာ လုံးဝဥဿုံ မမှန်ဘူးဆိုတာကတော့ ယနေ့မြန်မာ့ နိုင်ငံရေးမြင်ကွင်းက အထင်း သား မြင်နေရပြီပဲဖြစ်ပါတယ်။ တကယ်တန်းတော့ သစ်ခုတ်သမားတွေ ကိုယ်တိုင် ပန်းပုဆရာတွေ ဖြစ်နေကြတာကိုလည်း ဒီနေ့ လူတွေ ထည့်ပြော လာကြပြီပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ တချို့ ခနော်ခနဲ့ စကားလုံး တချို့ကြောင့် နိုင်ငံရေးနယ်ပယ်မှာ လူတော်တွေ၊ လူကောင်း တွေနဲ့ နိုင်ငံရေးကျွမ်းကျင်သူတွေ သမိုင်းကြောင်းရှိသူတွေ ဘေးရောက်သွားကြတယ်ဆိုရင် သင် ငြင်းနိုင်ပါ့မလား။ အဲဒီအထဲမှာ သစ်ခုတ်သမားဆိုသူတွေလည်း အများကြီးရှိနေသေးတာကိုလည်း ငြင်းမရတဲ့ အနေအထား တစ်ခုပါ။

သေချာတာကတော့ လာမယ့် ၂၀၂၀ ကို ဘယ်လိုဖြတ်သန်းကြမလဲ ဆိုတဲ့ အကြံပြုချက်တွေကိုတော့ အထက်ကဖော်ပြခဲ့သလို သစ်ခုတ်သမားလည်းဖြစ်၊ နိုင်ငံရေးအကျဉ်းသားလည်းဖြစ်၊ ပန်းပုထုဆစ်နေ သူလည်းဖြစ်တဲ့ ပါတီဝင်အချို့ကတော့ ပြတ်ပြတ်သားသား ပြောကြမယ်လို့ ယုံကြည်ရပါတယ်။ နိုင်ငံရေးဆိုတာ ကိုယ်တိုင်ဖြတ်သန်းဖူးမှ နိုင်ငံရေးရဲ့ သဘောတရား အတိမ်အနက်ကို သိမှာဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးမှာတော့ ကိုယ်နဲ့ပူးတွဲ လုပ်ကိုင်နေရတဲ့သူတွေက တစ်ချိန်က ဆန့်ကျင်ဖက် အဖွဲ့စည်း တွေ ဖြစ်လို့ ပိုလို့တောင် ကိုယ်တွေ့ဖြတ်သန်းမှုတွေက အလွန် အရေးကြီးကြောင်း နားလည်ရမှာဖြစ်ပါ တယ်။

ဟုတ်ပါပြီ။ ပြီးခဲ့တာတွေကို သင်ခန်းစာယူရင်း ကျွန်တော်တို့ဟာ ပြုပြင်ပြောင်းလဲရေးတွေကို မလုပ် မဖြစ် လုပ်ကိုလုပ်ရတော့မှာဖြစ်ပါတယ်။ ဒီနေရာမှာတော့ ဖြစ်ခဲ့တဲ့ ကိစ္စတွေလည်း သိနေကြလို့ မပြော တော့ပါဘူး။ ဖြစ်နေတဲ့ကိစ္စတွေကိုလည်း သိနေကြလို့ မပြောချင်တော့ပါဘူး။ ၂၀၂၀ ဟာ အထိခိုက်လွယ် အပွန်းရှလွယ် အက်ကွဲလွယ်တဲ့ မြန်မာ့ဒီမိုကရေစီရေးရဲ့ ဒုတိယအချိုးအကွေ့ကိုရောက်နေတာကို သတိ ပြုရမှာဖြစ်ပါတယ်။

လာမယ့် ၂၀၂၀ မှာတော့ ဆိုင်းဘုတ် နဲ့ အလံကိုကြည့်ပြီး၊ တံဆိပ်ကိုကြည့်ပြီး မဲပေး ပါလို့ ပြောမယ်ဆိုရင်တော့ ဟာသတစ်ခုပဲ ဖြစ်မယ်ဆိုတာလည်း အားလုံးသိနေကြပြီပဲဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့ဟာ ကိုယ့်ကိုယ် ကိုယ် မညှာစတမ်း မညာစတမ်း ဝေဖန်အလုပ် လုပ်ကြပါမှ နိုင်ငံကို ကယ်တင်နိုင်မှာ ဖြစ်တယ်ဆိုတာ သဘောပေါက်ဖို့ လိုပါတယ်။

နိုင်ငံရေးဆိုတာ နိုင်ငံအရေး၊ နိုင်ငံရဲ့ အုပ်ချုပ်ရေး၊ နိုင်ငံရဲ့ တရားစီရင်ရေး၊ နိုင်ငံရဲ့ ဥပဒေပြုရေး၊ နိုင်ငံရဲ့ စီးပွားရေး(တစ်နည်း) နိုင်ငံရေးဘောဂဗေဒနဲ့ နိုင်ငံတကာရဲ့ နိုင်ငံရေးနဲ့ နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ်တွေကို အနည်းဆုံးတော့ တီးမိခေါက်မိတာထက် ပိုရမှာဖြစ်ပါတယ်။ ဒါ့အပြင် စတုတ္ထမဏ္ဍိုင်လို့ လူသိများတဲ့ မီဒီယာအကြောင်းကိုလည်း သိရှိပြီးဖြစ်ရပါမယ်။

နိုင်ငံရေးလုပ်တဲ့သူတိုင်းဟာ အခြေခံရိုးသားရမှာဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့ကတော့ မြန်မာ့နိုင်ငံရေးမှာ သမိုင်းကြောင်းရှိသူ တစ်စိုက်မတ်မတ်လုပ်နေသူ ဖြစ်ရပါမယ်။ နိုင်ငံရေးကို နားလည်တတ်ကျွမ်းပြီး စကားပြောလိမ္မာပါး နပ်သူ ဖြစ်ရပါမယ်။ ပြည်သူတွေရဲ့ နေ့စဉ်ဘဝတွေကို လက်ပွန်းတတီး သိရှိပြီး ဒီမိုကရေစီရေးကို ယုံကြည်သက်ဝင်သူ ဖြစ်ရပါမယ်။ တိုင်းပြည်ရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောသလို အတန်းပညာထက် အသိပညာဗဟုသုတကြွယ်ဝသူ ဖြစ်ရပါမယ်၊ နိုင်ငံရေးဝမ်းစာရှိသူတွေ ဖြစ်ရပါမယ်။ မိမိပါတီကို သစ္စာစောင့်သိသူ ဖြစ်ရပါမယ်။ နိုင်ငံရေးသိပ္ပံနဲ့ နိုင်ငံရေး ဘောဂဗေဒတွေကို ဘယ်လောက်ပဲ အာဂုံဆောင်နိုင် ဆောင်နိုင် လက်တွေ့မရှိတဲ့ နိုင်ငံရေးနဲ့တော့ မြန်မာ့နိုင်ငံရေးကို ဝင်ရောက်လုပ်ဖို့ဆိုတာကတော့ ၂၀၂၀ မှာ ဝေလာဝေးပဲ ဖြစ်တယ်ဆိုတာကိုလည်း သတိပြုရမှာ ဖြစ်ပါ တယ်။ လူကြီး လူငယ် အမျိုးသား အမျိုးသမီးကိစ္စကိုတော့ လက်ရှိမြန်မာ့ နိုင်ငံရေးမှာ အခရာမကျ ဘူးလို့ဘဲ ပြောပါရစေ။ အထက်က ဆိုခဲ့တဲ့ အရည်အချင်းများ ပြည့်စုံရင် အမျိုးသား အမျိုးသမီးကိစ္စဟာ အငြင်းပွားစရာမရှိလို့ဘဲ ပြည်သူတွေက နားလည်ကြပါတယ်။ လူသားတွေဟာ အတွေ့အကြုံတွေ ကြောင့်သော်လည်းကောင်း ၊ ခေတ်စနစ်ရဲ့ ပြောင်းလဲလာမှုတွေကြောင့်သော်လည်း ကောင်း၊ တမုဟုတ်ချင်း သိလာမှု၊ တဖြည်းဖြည်းခြင်း သိလာမှုတွေ ရှိလာကြပြီ ဖြစ်တယ်ဆိုတာလည်း သတိပြုရ မှာပဲ ဖြစ်ပါတယ် ။

ဒါကြောင့် ကျွန်တော်တို့ဟာ ၂၀၂၀ အချိုးအကွေ့ကို ကောင်းကောင်း ဖြတ်သန်းနိုင်ဖို့ မဖြစ်မနေ လိုအပ် လာပြီ ဖြစ်ကြောင်းနဲ့ ၂၀၂၀ ရွေးကောက်ပွဲကောက်ကြောင်းဟာလည်း ပြည်သူတွေရဲ့ ဆင်ခြင်တုံတရား နဲ့ တိုက်ရိုက် အချိုးညီနေပါကြောင်း တင်ပြလိုက်ရပါတယ်။

သန့်ဇော်( သန်လျင် )

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly