ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ ဖြစ်နိုင်လား

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ ဖြစ်နိုင်လား
ပုံ- ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တွေ့ရစဉ် (Thaka Trivune ဝက်ဆိုဒ်)

ဇူလိုင် ၄

လာမည့် နိုဝင်ဘာ ၈ ရက်နေ့ဆိုလျှင် မြန်မာနိုင်ငံတွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)က ထုတ်ပြန်ကြေညာထားပါသည်။

ထို့ကြောင့် နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲ အနိုင်ရရှိရေးအတွက် ပြင်ဆင်မှုများ လုပ်နေကြပြီး ဖြစ်သလို ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေးနှင့် ကိုယ်စားလှယ်လောင်းများ ရွေးချယ် စိစစ်အတည်ပြုခြင်း လုပ်ငန်းစဉ် များကိုလည်း ပြင်ဆင် ဆောင်ရွက်နေကြပြီး ဖြစ်သည်။

အဆိုပါ ပြင်ဆင်မှုများအနက် ပြည်သူလူထုနှင့် နိုင်ငံရေး လေ့လာသုံးသပ်သူများကြားမှာ စိတ်ပါဝင်စားစွာဖြင့် ဆွေးနွေးငြင်းခုံနေကြသည့် အရေးကိစ္စတစ်ခုရှိနေသည်။ ဤအရေးကိစ္စမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအလွန်မှာ သမ္မတ ဖြစ်လာမလားဆိုသည့် ဆွေးနွေးငြင်းခုံမှု ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောဆို ဆောင်ရွက်မှုများသည် စစ်သားတစ်ဦးထက် နိုင်ငံရေးသမား တစ်ဦးကဲ့သို့ ဖြစ်တည်နေခြင်းအပြင် နိုင်ငံရေးလောကထဲသို့ ဝင်ရောက်ရန်လည်း ကြိုးပမ်းနေ ခြင်းများကြောင့် ဖြစ်သည်။

အလားတူ လာမည့် ၂၀၂၁ ခုနှစ်တွင် အသက် ၆၅ နှစ်ပြည့်ကာ တပ်မတော်တာဝန်ထမ်းဆောင်မှု ပြီးမြောက်၍ အနားယူရတော့မည့် အချိန်ဖြစ်ပြီး ရွေးကောက်တင်မြောက်သည့် နိုင်ငံရေးလောကထဲသို့ ဝင်ရောက် လာနိုင်ခြေရှိသည်ဆိုသော သုံးသပ်ချက်များကြောင့် ဖြစ်ပါသည်။

ပုံ - ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်က တွေ့ရစဉ် (ရိုက်တာ)

ဤသို့ဆိုလျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ အလွန်မှာ သမ္မတ ဖြစ်နိုင်ရေး မဖြစ်နိုင်ရေး အခြေအနေများက မည်သို့ရှိမလဲ။

ရိုးရှင်းစွာ စဉ်းစားကြည့်ပါက တပ်မတော်သည် ပြည်ထောင်စုလွှတ်တော်တွင် ၁၆၆ မဲ ရွေးကောက်ခံစရာ မလိုဘဲ ဥပဒေအရ ရရှိထားသည့်အတွက် ပြည်ထောင်စုလွှတ်တော် ၃၃၃ နေရာ အနိုင်ရသည့် ပါတီက အစိုးရဖွဲ့နိုင်သော အခြေအနေအရဆိုလျှင် ညီအစ်ကိုတော်ဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(USDP)အနေဖြင့် အမျိုးသားလွှတ်တော်နှင့်ပြည်သူ့လွှတ်တော် ၁၆၇ နေရာ အနိုင်ရပါက ပူးပေါင်း၍ အစိုးရ ဖွဲ့နိုင်သည်။

ထိုသို့ အစိုးရတစ်ရပ်ကို တပ်မတော်နှင့် USDP ကြား ပူးပေါင်းကာ အစိုးရဖွဲ့နိုင်လျှင် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် သမ္မတ ဖြစ်နိုင်ခြေ အနီးစပ်ဆုံးဖြစ်သည်။ သို့သော် မေးခွန်း ထုတ်စရာမှာ လာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် USDP အနေဖြင့် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်နေရာ ၁၆၇ နေရာ အနိုင်ရ ပါ့မလားဆိုသည့် အချက်ဖြစ်သည်။

အများစုကတော့ အနိုင်ရနိုင်ခြေ မရှိဟု သုံးသပ်ထားကြပြီး အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်နေရာ ၁၀၀ အနိုင် ရအောင်ပင် မနည်းကြိုးစား ရနိုင်ခြေရှိသည်ဟု အကဲဖြတ်များက သုံးသပ်လျက်ရှိ နေကြသည်။ အဆိုပါ အခြေအနေ အတိုင်းဆိုလျှင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ ဖြစ်နိုင်ခြေမှာ အခွင့်အရေး နည်းမည် ဖြစ်သည်။

ဤသို့မဟုတ်ဘဲ တပ်မတော်နှင့် USDP သည် ၎င်းတို့နှင့် မိတ်ဖက် ပါတီများဖြစ် ဝန်ကြီးရာထူး နေရာများ အပေး အယူလုပ်ကာ ပူးပေါင်း၍ အစိုးရဖွဲ့နိုင်ခဲ့ပါကလည်း တနည်းတဖုံး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတဖြစ် နိုင်ရေး ရှိလာနိုင်ပြန်သည်။

တဘက်ကနေ ပြန်သုံးသပ်ကြည့်ပြန်ရင်လည်း ဗမာမဟုတ်သော တိုင်းရင်းသားတစ်ဦးကို သမ္မတ တင်မြှောက် ကာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးဖြင့် နိုင်ငံကို ဦးဆောင် သွားရေးကိုလည်း ဖန်တီး လာနိုင်ခြေလည်း ရှိနိုင်သည်။

အထက်ပါ အခြေအနေများကို လေ့လာ သုံးသပ်ကြည့်လျှင် တပ်မတော်နှင့် USDP ကြား ပူးပေါင်းကာ အစိုးရ ဖွဲ့နိုင်ပါက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ ဖြစ်လာနိုင်ခြေ ရှိသကဲ့သို့ တပ်မတော်- USDP နှင့် မိတ်ဖက် ပါတီများ စုပေါင်းကာ အစိုးရဖွဲ့နိုင်ပါက သမ္မတ သို့မဟုတ် အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်လာနိုင်သော အခြေအနေများ ဖြစ်သည်။

ပုံ - ဒေါ်အောင်ဆန်းစုကြည်- ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်- ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးတို့ကို တွေ့ရစဉ် (NRPC)

ထိုသို့မဟုတ်ဘဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အများစု မထင်မှတ်ထားသည့် ဆောင်ရွက်မှု တစ်ခုကို လုပ်ကာ သမ္မတဖြစ်ရေးကို ကြိုးပမ်းလာနိုင်ခြေလည်း ရှိသည်။ ထိုအချက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( NLD)နှင့် အယူအပေး လုပ်ကာ NLD နှင့် တပ်မတော် ပူးပေါင်း၍ အစိုးရဖွဲ့ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ ဖြစ်ရေးကို ဆောင်ရွက်နိုင်ခြေ ရှိသည်။

အများစုကတော့ မည်သည့် အခြေအနေမှ မဖြစ်နိုင်ဘူးဟု သုံးသပ်ကြမည် ဖြစ်သည်။ NLD ၏ ဒုဥက္ကဋ္ဌလည်း ဖြစ် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကတော့ တပ်မတော်နှင့် NLD ဆွေးနွေးညှိနှိုင်း မှု မရှိကြောင်း ၂၀၂၀ ခုနှစ်၊ ဇွန် ၂ ရက် နေပြည်တော်မှာ သတင်းမီဒီယာများဖြင့် တွေ့ဆုံစဉ် ပြောခဲ့သည်။

 

သို့သော် နိုင်ငံရေးတွင် ထာဝရ မိတ်ဆွေမရှိ၊ ထာဝရရန်သူ မရှိဆိုသည့် စကားအတိုင်း ရန်သူမှ မိတ်ဆွေဖွဲ့ကာ နိုင်ငံတော် တည်ဆောက်ရေးကို ကြိုးပမ်းနိုင်ခြေရှိသည်။အလားတူ လူ့စိတ်သည် တစ်နာရီအတွင်းမှာပင် အပြောင်းအလဲများ အမျိုးမျိုးဖြစ်တတ်သည်ဟု စိတ်ပညာရှင်များနှင့် အတွေးအခေါ် ပညာရှင်များက ပြော ဖူးသည်။

လက်တွေ့ နိုင်ငံရေး အခြေအနေအရ ရန်သူမှ မိတ်ဆွေအဖြစ် သဘောထားကာ နိုင်ငံတော်တည်ဆောက်ရေးအတွက် ကြိုးပမ်းနေသော လက်နက်ကိုင်အဖွဲ့များဖြင့် ပူးပေါင်းမှု ကို လက်တွေ့ သာဓကအဖြစ် လေ့လာကြည့်ပါက မဖြစ်နိုင်ဘူးဆိုသည်မှာ မရှိဆိုသော စကားရပ်ကို ယှဉ်ထိုး ကြည့်နိုင်ပါသည်။

ထို့ကြောင့် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲအလွန် အစိုးရ ဖွဲ့စည်းနိုင်ရေး အပြတ် အသတ် အနိုင်မရကြပါက တပ်မတော်နှင့် NLD ကြား ပူးပေါင်းဆောင်ရွက်ရေး မလုပ်နိုင်ဟု မည်သူမှ အာမခံ နိုင်ခြင်း မရှိပေ။

ပုံ - ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော်အရာရှိကြီးများကို တွေ့ရစဉ် (EPA)

လတ်တလော နိုင်ငံရေးနှင့်စစ်ရေး အခြေအနေများကို လေ့လာကြည့်ပါက တပ်မတော်နှင့် NLD ကြား အထိုက် အလျောက် ပူးပေါင်း ဆောင်ရွက်လျက် ရှိနေသည်ကို တွေ့နိုင်ပါသည်။

ဥပမာအားဖြင့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝဒေသမှာ ဖြစ်ပွားနေသော ရခိုင်လက်နက်ကိုင်(AA) နှင့် တပ်မတော်ကြား တိုက်ပွဲတွင် NLD အစိုးရသည် တပ်မတော်ကို ချီးကျူးမှုများ ထုတ်ပြန်ကာ AA အဖွဲ့အား ၂၀၂၀ ခုနှစ်၊မတ်လ ၂၃ ရက်က အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းဟု ထုတ်ပြန်ကြေညာပေးခဲ့သည်။

ယခင် ၂၀၁၇-၂၀၁၈ ခုနှစ်များအတွင်းက တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များသည် လွှတ်တော် အတွင်းမှာ AA ကို အကြမ်းဖက် သတ်မှတ်ပေးရန် အဆိုတစ်ရပ် တင်သွင်း ဆွေးနွေးစဉ်က NLD ကိုယ်စား လှယ်များ ကန့်ကွက်ခဲ့ ကြခြင်းကြောင့် အထမမြောက်ခဲ့သော်လည်း ယခု အခင်းအကျင်း တစ်ခုမှာတော့ NLD အစိုးရသည် AA ကို အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းကြေညာပေးခဲ့သည်။

ထို့ပြင် အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)က တပ်မတော်ကို လူမျိုးသုဉ်း သတ်ဖြတ်မှု ကျူးလွန်သည်ဟု ဆိုကာ တရားစွဲဆိုခြင်းကြောင့် တရားရင်ဆိုင်နေရစဉ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ICJ တရားရုံးသို့ သွားရောက်ကာ ဖြေရှင်းခဲ့ရာမှာ တပ်မတော်ကို ကာကွယ်ပေးနေသည်ဟုပင် အများက ပြောနေကြ သည်။

NLD ၏ နာယကတစ်ဦးဖြစ်သူ ဦးဝင်းထိန်က ဘီဘီစီနှင့် အင်တာဗျူး တစ်ခုတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြင်လိုက်ပါက သမ္မတဖြစ်နိုင်သည်ဟု ဆိုသည်။

တဖက်မှာလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “အုပ်ချုပ်ရေးအတွေ့ အကြုံ ကျွန်တော့်မှာ အများကြီးရှိ တယ်။ တိုင်းမှူးလုပ်ခဲ့တာရှိတယ်။ နောက်ပြည်နယ် ဥက္ကဋ္ဌ လုပ်ခဲ့တာ ရှိတယ်။ ဒီအတွေ့အကြုံတွေက တပ်မတော် အတွက်ကော၊ တိုင်းပြည် အတွက်ကော၊ ပြည်သူ့အတွက်ကော၊ ဘယ်လိုပဲဖြစ်ဖြစ် အထောက် အကူရမယ့် ဟာလို့ ကျွန်တော်ယုံကြည်ပါတယ်။ ကျွန်တော်က တာဝန်ထမ်းဆောင်ခဲ့တဲ့ နှစ်ပေါင်း ၄ဝ ကျော် ကာလအတွင်းမှာ တိုင်းပြည်အတွက်၊ ပြည်သူအတွက်လုပ်ခဲ့တာ၊ ကျွန်တော်ဆက်ပြီးတော့ ဒီလိုပဲသွားမှာပါ”ဟု ရုရှားနိုင်ငံသို့ ရောက်နေစဉ် ၂၀၂၀ ခုနှစ်၊ ဇွန် ၂၅ ရက်က ရုရှားအခြေစိုက် Arguments and Facts သတင်း ဌာနနှင့် တွေ့ဆုံ မေးမြန်းခန်းတစ်ခုတွင်  ပြောခဲ့သည်။

အဆိုပါ စကားအသွားအလာ အခြေအနေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံရေးထဲသို့ ဝင်ရောက်၍ ရွေးကောက်တင်မြောက်ခြင်းကနေ နိုင်ငံအုပ်ချုပ်ရေး တာဝန် များကို ဆက်လက် ဆောင်ရွက်သွားရန် စိတ်ဆန္ဒများ ရှိနေကြောင်း သုံးသပ်နိုင်မည် ထင်ပါသည်။

NLD ၏ ဒုဥက္ကဋ္ဌလည်းဖြစ် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်လည်းဖြစ်သူ ဒေါက်တာဇော်မြင့်မောင်ကတော့ တပ်မတော်နှင့် NLD ကြား ဆွေးနွေးမှုများ မရှိကြောင်း၊ ဦးဝင်းထိန် ပြောစကားများသည် NLD ၏ မူဝါဒများ မဟုတ်ကြောင်း၊ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရန်လည်း စဉ်းစားထားမှုမရှိကြောင်း ၂၀၂၀ ခုနှစ်၊ဇွန် ၂ ရက်က နေပြည်တော်မှာ သတင်းထောက်များဖြင့် တွေ့ဆုံစဉ် ပြောခဲ့သည်။

ဤအတိုင်း အမှန်တကယ်ပဲ တပ်မတော်နှင့် NLD ကြား ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အလွန်တွင် ပူးပေါင်း နိုင်ခဲ့ မည်ဆိုလျှင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သမ္မတ ဖြစ်လာနိုင်ပြီး ဒေါ်အောင်ဆန်းစုကြည် သို့မဟုတ် NLD က တစ်စုံတစ်ယောက်မှာ အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးဖြင့် အပြန်အလှန်ထိန်းညှိကာ အစိုးရ တစ်ရပ်ကို ဖွဲ့စည်း၍ နိုင်ငံတော် တည်ဆောက်ရေးကို ပုံဖော်လာနိုင်သည်။

ဤသို့မဟုတ်ဘဲ တပ်မတော်နှင့် NLD ပူးပေါင်းဆောင်ရွက်မှု မလုပ်နိုင်ခဲ့လျှင်၊ ပူးပေါင်းဆောင်ရွက်မှု မဖြစ်ခဲ့ လျှင်၊ မလုပ်ပါက ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် NLD အနေဖြင့် အစိုးရဖွဲ့နိုင်ရေးအတွက် အမျိုးသား လွတ်တော်နှင့် ပြည်သူ့လွှတ်တော်နေရာ ၃၃၃ နေရာ အနိုင်ရမှသာလျှင် အမှီအခို ကင်းစွာဖြင့် အစိုးရဖွဲ့ နိုင်မည် ဖြစ်သည်။

 

ပုံ - တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည်- ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့ကိုတွေ့ရစဉ် (NRPC)

NLD ပဲ သီးသန့် အစိုးရ ဖွဲ့နိုင်လျှင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ ဖြစ်နိုင်ခြေမှာ အားနည်းသွား မည် ဖြစ်ပြီး အကယ်၍ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တပ်မတော်က ပြင်ဆင်ခဲ့မည်ဆိုလျှင် NLD က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သမ္မတရာထူး တင်မြှောက်နိုင်ပြီး NLD ထဲက တစ်စုံတစ်ဦး သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည်က အတိုင်ပင်ခံပုဂ္ဂိုလ် အဖြစ် ဆောင်ရွက်လာနိုင်သည်။

နောက်တနည်းကို စဉ်းစား ကြည့်မည်ဆိုပါက NLD သည် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်နေရာ ၂၀၀ သို့မဟုတ် ၂၀၀ ကျော်သာနိုင်မည်၊ တပ်မတော်က ၁၆၆ နေရာ USDP မှ ၄၀ နေရာဆိုလျှင် စုစုပေါင်း ၂၂၆ နေရာရှိမည်ဆိုပါက အစိုးရဖွဲ့နိုင်ရေး အားပြိုင်မှု ဖြစ်လာမည့်အတွက် တိုင်းရင်းသား ပါတီများ၏ မဲမှာ အဓိက အဆုံးအဖြတ် ပေးမည် ဖြစ်ကာ  မည်သည့် ပုံစံဖြင့် အစိုးရကို ဖွဲ့စည်းလာမလဲဆိုသည့်မှာ စိတ်ဝင်စား စရာ ကောင်းသကဲ့သို့ ညွန့်ပေါင်း အစိုးရ ပေါ်ပေါက်လာမလား ဆိုသည်မှာလည်း စိတ်ဝင်စားစွာဖြင့် စောင့် ကြည့်ရပေမည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ စာရေးဆရာ ဦးကျော်ဝင်းကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ ဖြစ်ရေး မဖြစ်ရေးက အဓိကမဟုတ်ဘဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတဖြစ်ပါက မြန်မာနိုင်ငံသားများ တည်ဆောက်လိုသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ရည်မှန်းချက်သည် ပိုမိုနီးစပ်လာမလား ဝေးကွာသွားမလားဆိုသည့် အချက်က ပိုမိုအရေးကြီးသည်ဟု ဆိုသည်။

တိုင်းရင်းသား ခေါင်းဆောင်တစ်ဦးကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် နိုင်ငံတကာတွင် တရားစွဲဆိုခံထားရသည့်အတွက် သမ္မတဖြစ်ရန် ခက်ခဲနိုင်ကြောင်း၊ သမ္မတဖြစ်ပါက နိုင်ငံတကာက တရားစွဲ ဆိုထားခြင်းကြောင့် ဥရောပနိုင်ငံများသို့ မည်သို့ သွားရောက်မည်နည်းဟု မေးခွန်းထုတ်လေသည်။

မည်သို့ပင်ဆိုစေကာမူ တိုင်းရင်းသားပါတီများနှင့် တိုင်းရင်းသား အဖွဲ့အစည်းများသည် ၂၀၂၀ အထွေထွေရွေး ကောက်ပွဲအပြီး မည်သည့် အစိုးရ ဖွဲ့စည်းမှု ပေါ်ပေါက်လာမည်လဲကို ကြိုတင် သုံးသပ်ကာ ပြင်ဆင်မှုများ ပြု လုပ်ထားရန် လိုအပ်သကဲ့သို့ လွှတ်တော်အတွင်းမှာ ပြည်မပါတီနှင့် တပ်မတော်က လွှမ်းမိုးထားမှု မခံရရေး ပြည်ထောင်စုလွှတ်တော်အတွင်းမှာ ကိုယ်စားလှယ် ၁၀၀ နီးပါးလောက် ရရှိအောင် ကြိုးစား ပြင်ဆင်ရန်  လိုအပ်သည်။

ဤသို့ ကြိုတင် ပြင်ဆင်မှုများ မပြုလုပ်ထားပါက ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အလွန် ဖြစ်တည်လာမည့် အစိုးရသည် တိုင်းရင်းသားများ လိုလားချက်ကို မဖြည့်စီးပေးနိုင်ခြင်း သို့မဟုတ် တိုင်းရင်းသားများ လိုလားချက် အား မသိကျိုးကျွံပြုခဲ့လျှင် လွှတ်တော်အတွင်း ရောက်ရှိနေသော တိုင်းရင်းသားပါတီများကသာ လိုအပ်ချက်ကို ဖြည့်စွက်နိုင်မည်ဖြစ်သည်။

ထို့ကြောင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲသည် ယှဉ်ပြိုင်မှု ပြင်းထန်ကြမည်ဖြစ်သလို ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအလွန် ဖြစ်တည်လာမည့် အစိုးရ ဖွဲ့စည်းမှုမှာလည်း စိတ်ဝင်စားစရာ ကောင်းလှပါသည်။

မည်သို့ပင်ဆိုစေကာမူ ၂၀၂၀ အလွန် ဖြစ်တည်လာမည့် အစိုးရသစ်သည် မြန်မာနိုင်ငံသားများ လိုလား တောင်းတလျက်ရှိသော နှစ်ပေါင်း ၇၀ ကျော်ကြာ ဖြစ်ပွားလာသည့်  ပြည်တွင်းစစ် ရပ်တန့်နိုင်ရေးနှင့် ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်မလားဆိုသည်မှာ အလွန်အရေးကြီးလှပါသည်။

ဤသို့မဟုတ်ဘဲ တိုင်းရင်းသားများနှင့် နီးစပ်မှုမရှိဘဲ အလှမ်းဝေး ကွာသွားပါက ပြည်တွင်းစစ်မှာ ရှည်ကြာ သွားနိုင်သကဲ့သို့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာလည်း အလှမ်းဝေးသွားနိုင်ပါကြောင်း သတိပြုရန် လိုအပ်ပေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly