နှစ်တစ်ရာမြန်မာ့ရုပ်ရှင်အား နိုင်ငံရေးထောင့်မှ ဝင်စားကြည့်ခြင်း - အပိုင်း (၂)

By လင်္ကျာဝင်း
04 July 2020
နှစ်တစ်ရာမြန်မာ့ရုပ်ရှင်အား နိုင်ငံရေးထောင့်မှ ဝင်စားကြည့်ခြင်း - အပိုင်း (၂)

ရုပ်ရှင်ဆင်ဆာဖက်ကို အတန်ငယ်ပြန်ကောက်ပါရစေ။ အရင်အပိုင်းမှာဆိုခဲ့သလို အများပြည်သူကြည့်ရှုရန် မသင့်တဲ့ဆင်ဆာနဲ့ နိုင်ငံရေးဆင်ဆာ နှစ်ပိုင်းမှာ အများပြည်သူဆင်ဆာကအစောပိုင်းကတည်းက စခဲ့တယ်။

အစိုးရတစ်ရပ်ရပ်ရဲ့ မူဝါဒနဲ့ပေါ်ခဲ့တာမျိုးမဟုတ်ဘဲရုပ်ရှင်ပြဇာတ်မောင်းသူ(ဒါမှမဟုတ်) ရုပ်ရှင်ရုံပိုင်(ဒါမှမဟုတ်) ရုပ်ရှင်ရုံအပေါ် ဩဇာရှိသူတစ်ဦးဦးရဲ့သဘောထားနဲ့ စတင်ပေါ်ပေါက်ခဲ့တယ်လို့ ယူဆနိုင်ဖွယ်ရှိပါတယ်။

မြန်မာ့ရုပ်ရှင်ဟာ ၁၉၂၀ ခုနှစ်မှာစတင်တာ မှန်ပေမယ့် မြန်မာပြည်ကို ရုပ်ရှင်စရောက်တာကတော့၁၉၀၁ ခုနှစ်ကတည်းက ဖြစ်ပြီး နိုင်ငံခြားကား အတိုလေးတွေ စပြတာလို့ MRTV ကထုတ်လွှင့်တဲ့မြန်မာ့ရုပ်ရှင် စိန်ရတုစကား ဝိုင်းမှာ ဒါရိုက်တာ ဦးပြည့်စုံက ပြောပါတယ်။ နောက်ပိုင်းမှာတော့အရှည်တွေပြပါတယ်။ အဲဒီလိုပြတဲ့အခါမှာ လက်ဝါး ဆင်ဆာအကြောင်းကို မြန်မာ့ရုပ်ရှင်ဖခင်ဒါရိုက်တာကြီး ဦးညီပုက အခုလိုပြောပြပါတယ်။

အင်ပါယာ၊ စီနီမားဒီပဲရစ်၊ အယ်ဖလင်စတုံးဆိုတဲ့ ရုံသုံးရုံ ယခုဗိုလ်ချုပ်ဈေးရှေ့မှာ ပေါ်လာတယ်။ရုံတွေရှေ့မှာ ညဈေးတန်းကြီးရှိတယ်။ စားရင်းသောက်ရင်းနဲ့ ရုပ်ရှင်ဝင်ကြည့်ကြတယ်။ အဲဒီရုံမှာမှတ်မှတ်ရရ ကျွန်တော်ကြည့်ဖူး တဲ့ ကားတစ်ကားရှိတယ်။ နီးရိုးဘုရင်ကြီးပါတဲ့ ကားပဲ။

အဲဒီဘုရင်ရူးကြီးဟာ သူထင်ရာတွေ လျှောက်လုပ်တယ်။ သူ့ရဲ့ အပျိုတော်ရံတွေကို အင်္ကျီတွေအတင်းချွတ်ပစ်တယ်။ ကိုယ်တုံးလုံးကြီးတွေ ဖြစ်ကုန်တာပေါ့။ နောက်ပြီး အပျိုတော်တွေကိုသူကပွေ့ချီပြီး သလွန်ပေါ်ကိုတင် မှန်ဘီလူးအဝိုင်းကြီးနဲ့ ခေါင်းကစပြီး ကြည့်တော့တာပဲ။ Close up တွေနဲ့မမြင်ချင်တာတွေ အကုန်မြင်ရတော့တာပဲ။ ကျွန်တော်ပထမနေ့ ပထမဦးဆုံးပွဲကြည့်လိုက်ရတော့ဒါတွေအကုန် မြင်လိုက်ရတယ်။ နောက်ရက်တွေကျတော့ ဒီအခန်းတွေ မပါတော့ဘူးခင်ဗျ။

လက်ဝါးဆင်ဆာဆိုတာ ပေါ်လာတယ်။ အဲဒီအခန်းတွေရောက်ရင် အော်ပရေတာ ပြစက်မောင်းသူကပြစက်မှန်ဘီလူးရှေ့မှာ လက်ဝါးနဲ့တိုး ကာလိုက်တော့ မမြင်ရတော့ဘူးပေါ့။ အဲဒီကစပြီး ဆင်ဆာဆိုတာပေါ်လာလေ ရော့သလားလို့ထင်မိတယ်။ (စာ ၁၁မှ - မြန်မာ့ရုပ်ရှင်ဆရာကြီးများ၏ အဆိုအမိန့်များ၊စိတ်ကူးချိုချိုစာပေ၊ ၂၀၁၈ - မေ -ဒု-ကြိမ်)ပြစက်မောင်းသူက ဟိုအခန်းတွေရောက်ရင် ပြဇာတ်မှန်ဘီလူးကို လက်ဝါးနဲ့ကာတယ်လို့ ဆိုပါတယ်။ ဒါဟာ ပြစက်မောင်းသူ သဘောထား ဖြစ်ကောင်းဖြစ်မယ်။ ရုံပိုင်ရှင်ရဲ့ သဘောထားလည်းဖြစ်နိုင်တယ်။ နောက်ပြီး ရုံအပေါ် ဩဇာရှိသူ တစ်ဦးဦး(မြို့မိမြို့ဖဖြစ်စေ)က ဒါတော့မသင့်ဘူးဆိုပြီးမပြဖို့ တားတာမျိုး လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကျနော်ဖြစ်နိုင်ခြေသုံးမျိုးလုံးကို တင်ပြခဲ့တာပါ။

ဘယ်လိုပဲဖြစ်စေ မြန်မာပြည်အတွက်တော့ အမျိုးသားယဉ်ကျေးမှုနဲ့ စံထိုးတိုင်းတာပြီး စတင်တားမြစ်ခဲ့တဲ့လက်ဝါးဆင်ဆာဟာ လူထုဆင်ဆာစစ်စစ်ပဲ ဖြစ်ပါတယ်။ မှန်ကန်သင့်တော်မှု လည်းရှိတယ်မဟုတ်လား။

မြန်မာ့ရုပ်ရှင် အနုပညာရှင်တွေဟာ နယ်ချဲ့အင်္ဂလိပ်ကို ဇာတ်လမ်းဇာတ်ကွက်ပါတဲ့ ရုပ်ရှင်တွေနဲ့တိုက်ပွဲဝင်ခဲ့ ရုံတင်မက မှတ်တမ်းရုပ်ရှင်တွေနဲ့လည်း တတ်နိုင်သလောက်အံတုခဲ့ကြတာ တွေ့ရပါတယ်။

တစ်ခေတ်တစ်ခါက အလွန်နာမည်ကြီးခဲ့တဲ့ အင်္ဂလိပ်ဆန့်ကျင်ရေးသမား တောပုန်းကြီး ဗိုလ်စံဖဲဆိုတာကြားဖူး ကြမှာပါ။ နယ်ချဲ့အင်္ဂလိပ်နဲ့ လက်ကိုင်တုတ်တွေရဲ့ ကောက်ကျစ်တဲ့ ဖိနှိပ်မှုတွေကိုတန်ပြန်ဆန့်ကျင်ရင်း သေဒဏ်ပေး ခံလိုက်ရတဲ့ ပုဂ္ဂိုလ်ကြီးပေါ့။ အဲဒီပုဂ္ဂိုလ်ကြီးရဲ့နယ်ချဲ့လက်ကျရောက်ပြီးဖြစ်စဉ်တွေကို သတင်းမှတ်တမ်းရုပ်ရှင်အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ကြတာကိုပဲရော့ ဦးဆန်နီစာအုပ် စာမျက်နှာ ၇၈ မှာ ခုလိုဖော်ပြထားတာ တွေ့ရတယ်။

“ဗြိတိသျှပုလိပ်တပ်ဖွဲ့မှ စံဖဲအားဖမ်းဆီးရမိသည်နှင့် ဘားမားအတ်ဖလင်နှင့် ဒဂုန်ပဦးဘတင်တို့သည် စံဖဲအား အချုပ်ခန်းမှ တရားရုံးသို့ ခေါ်ဆောင်ပုံ၊ တရားရုံးတွင် တရားစစ်ဆေးပုံ၊တရားရုံးမှ အချုပ်ခန်းသို့ ပြန်လည် ခေါ်ဆောင်ပုံတို့နှင့် စံဖဲနေထိုင်ခဲ့သည့် တောတွင်းစခန်းများနှင့်ကျင်လည်ရာဒေသများကိုပါ သတင်းကားအဖြစ်ရိုက်ကူးခဲ့သည်။ ထို့နောက်ဆင်ဆာအဖွဲ့၏ ခွင့်ပြုချက်ဖြင့်၁၉၂၈ ခုနှစ်တွင် အော်လံပီယာရုံတွင် ဇာတ်လမ်း  ရုပ်ရှင်ကား တစ်ကားနှင့် ပူးတွဲ၍ ပြသခဲ့သည်။

မြန်မာပြည်သူတို့မှာ စံဖဲအား သူရဲကောင်းတစ်ဦး အဖြစ်လေးစားစွာ ကြည်ညိုပြီး ကြီးမားစွားစိတ်ဝင်စားခြင်းကြောင့် စံဖဲသတင်းကားအား ကြိတ်ကြိတ်တိုး ကြည့်ရှုအားပေးခဲ့ကြသည်။ သို့ရာတွင်စံဖဲသတင်းကားရုံတင်အပြီး စတုတ္ထမြောက်ရက်တွင် ဗြိတိသျှအစိုးရ၏ ရုပ်ရှင် ဆင်ဆာအဖွဲ့သို့ပင်အကြောင်းကြားမှုမပြုဘဲ ဗြိတိသျှအစိုးရ ပုလိပ်မင်းကြီးမှ စံဖဲသတင်းကားအား အပြီးအပိုင်သိမ်းယူခဲ့သည်။”

တောင်သူလယ်သမားအရေးတော်ပုံကြီးရဲ့ခေါင်းဆောင် ဂဠုန်ဆရာစံ အဖမ်းခံရတော့လည်းမြန်မာအဆွေ ဖလင်က မှတ်တမ်းရုပ်ရှင် ရိုက်ကူးနိုင်ခဲ့ပုံကိုလည်း ပဲရော့ဦးဆန်နီစာအုပ် စာမျက်နှာ ၈၄ မှာအခုလိုဖော်ပြခဲ့ပြန်ပါတယ်။

“မြန်မာအဆွေဖလင်က ဆရာစံအား ရုံးတင်စစ်ဆေးသည်မှ သေဒဏ်ပေးသည်ထိ ဖြစ်စဉ်များအားရုပ်ရှင်အဖြစ်မှတ်တမ်းတင်၍ ရုံတင်ပြသခွင့်ပြုပါရန် ဗြိတိသျှအစိုးရအာဏာပိုင်များထံသို့ တင်ပြခဲ့ရာခွင့်ပြုချက်ရရှိ ခဲ့သည်။ ထို့ကြောင့် ၁၉၃၁ ခုနှစ်တွင် ဆရာစံသတင်းမှတ်တမ်းရုပ်ရှင်ကားကို“သွေးညီတို့တိုင်းပြည်မြန်မာတို့ဂုဏ်ရည် သွေးညီတို့များသည် လွတ်မြောက်လမ်းကိုရည်” ……စသည့်ပဏာမတေးဖြင့် ပြည်သူတို့အား နှိုးဆော်ခဲ့သည့် ချစ်သွေးညီ ရုပ်ရှင်ကားဖြင့် ပူးတွဲပြသခဲ့သည်။ပြသလေရာ ရုပ်ရှင်ရုံများတွင် ကြိတ်ကြိတ်တိုးစည်ကားခဲ့သည်။”

ဗိုလ်စံဖဲသတင်းကားနဲ့ ဆရာစံသတင်းကား ရုံတင်ပြသချိန်ဟာ သိပ်မကွာပါဘူး။နယ်ချဲ့အစိုးရဆိုပေမယ့် ဒီမိုကရေစီ အတော်အတန်ရှိလို့သာ ရုံတင်ပြခွင့်ရတာပေါ့။ ပြောရရင် ဗိုလ်စံဖဲရောဆရာစံပါ အင်္ဂလိပ်ကို လက်နက် ကိုင်ဆန့်ကျင်ခဲ့သူချည်းပဲ။ တစ်ဖက်က ပြန်တွက်ကြည့်ရင်တော့ငါတို့ကိုတော်လှန်ပုန်ကန်ဖို့မကြိုးစားနဲ့၊ ပုန်ကန်ခဲ့ရင် အခု စံဖဲတို့ မောင်စံတို့လို ဖြစ်သွားမယ်။တွေ့တယ်မဟုတ်လားဆိုပြီး ပြထားချင်တဲ့သဘောလည်း ရှိမှာပါ။ ဆရာစံလယ်သ မားပုန်ကန်မှုကျဆုံးတော့ ကျဆုံးတဲ့လယ်သမား သူပုန်တွေကို ခေါင်းဖြတ်ပြီး ပြည်ဂါတ်တဲရှေ့မှာအများပြည်သူကို ပြခဲ့ဖူးတယ်။ အင်မတန်ယဉ်ကျေးသိမ်မွေ့ပြီး လူကြီးလူကောင်းဆန်လှပါတယ်ဆိုတဲ့ အင်္ဂလန်ကျွန်းက အင်္ဂလိပ်များ မှာအထက်ကလို ရုန့်ရင်းကြမ်းတမ်းပြီး လူမဆန်တဲ့လုပ်ရပ်တွေရှိနေလေတော့လည်း သူတို့ဒီမိုကရေစီက ယုံရခက်ခက်ပဲ။

ဗိုလ်စံဖဲသတင်းကားဆိုရင်ဆင်ဆာခွင့်ပြုချက်နဲ့ ပြတာပဲ။ ဒါပေမယ့် အင်္ဂလိပ်တွေလိုချင်တဲ့ အကျိုးသက်ရောက်မှုမျိုးမရလို့လားမသိဘူး၊ ပြပြီး လေးရက်နေတော့ ပုလိပ်မင်းကြီးက ဆင်ဆာအဖွဲ့ကိုတောင်အကြောင်းမ ကြားဘဲ သိမ်းယူလိုက်သတဲ့။ ဒါကိုထောက်ရှုရင် ပြည်ထဲရေးဌာနကိုအတော်လုပ်ပိုင်ခွင့်ပေးထားတာ တွေ့ရတယ်။တော်လှန်ရေးကောင်စီတက်ပြီးတဲ့နောက်မှာတော့ အဲ့ဒီလို မှတ်တမ်းရုပ်ရှင်ကားတွေ ရုံတင်ပြသဖို့နေနေသာသာ ရိုက်ကူးဖို့တောင် အခွင့်အရေးမရကြတော့ပါဘူး။ ငါတို့ကိုဆန့်ကျင်ရင်ဒါမျိုးဖြစ်သွားမယ်ဆိုတဲ့ထောင့် မျိုးက ရိုက်ပြဖို့တောင် အုပ်စိုးသူတွေ ယောင်ပြီးမစဉ်းစားခဲ့ကြပါဘူး။

တော်လှန်ရေးကောင်စီ ဈေးဦးဖောက်ခဲ့တဲ့ သမဂ္ဂအဆောက်အဦ ဗုံးခွဲမှတ်တမ်းရုပ်ရှင်၊ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးနဲ့ ဗိုလ်နေဝင်းကို အာခံသူ ဗိုလ်ကြီးအုန်းကျော်မြင့်တို့ရဲ့ဘဝမှတ်တမ်းရုပ်ရှင်တွေရှိနေခဲ့ရင် ဘယ်လောက်ကောင်းမလဲလို့ တွေးမိတယ်။ စစ်အာဏာရှင်တွေရဲ့ဆိုးသွမ်း ယုတ်မာမှုမှတ်တမ်း မှတ်ရာတွေကို အများပြည်သူ မျက်တွေ့ခံစားနိုင်တာပေါ့။ ဒါကြောင့်ပဲသူတို့ပြုတဲ့ မတရားမှုမှန်သမျှ အကုန်လက်စဖျောက်ခဲ့တာချည်းပါ။

အင်္ဂလိပ်နယ်ချဲ့ ဆန့်ကျင်ရေး ဇာတ်လမ်းရုပ်ရှင်တွေကို ကြည့်ကြရအောင်ပါ။

“၁၉၃၀ ခုနှစ်က ဆရာစံခေါင်းဆောင်သော တောင်သူလယ်သမားအရေးတော်ပုံကိုဂုဏ်ပြုသောအားဖြင့် ဒါရိုက်တာ ဦးပါကြီးက အလံတောင်ရုပ်ရှင်ကားကို ရိုက်ကူးသည်။ ဘချစ်၊ခင်မြရင်တို့ ခေါင်းဆောင်ပါဝင်သည်။ ဆရာစံဂဠုန်တပ်ဖွဲ့များသည် သာယာဝတီခရိုင်အလံတောင်တောတွင် တပ်စွဲကာ ဗြိတိသျှကိုလိုနီ နယ်ချဲ့အစိုးရအား ပုန်ကန်တိုက်ခိုက်ခဲ့သောဇာတ်လမ်းဖြစ်သည်။ [ စာ ၆၅/၆၆ - အေးကြူလေးရေး မြန်မာ့ရုပ်ရှင်ငွေရတုသမိုင်းဝင်များ စာအုပ်၊မိုးခွင်းကြယ်စာပေ/ ၂၀၁၆ အောက်တိုဘာ (ပ- ကြိမ်)]

အလံတောင်ဇာတ်ကားမှာ ဆရာစံဆိုတဲ့ နာမည်တစ်လုံးမှ မပါပေမယ့် လယ်သမားအရေးတော်ပုံကိုအကောင်းဆုံးသရုပ်ဖော်နိုင်ခဲ့တယ်လို့ အဆိုရှိပါတယ်။ အဲ့ဒီကားကို ပဲရော့ရုပ်ရှင်က ထုတ်လုပ်ပါတယ်။

ဒီဇာတ်ကားနဲ့ ပတ်သက်လို့ ထုတ်လုပ်သူ ဦးဆန်နီက “သူတို့ ကြိုးပေးသတ်လို့ တကယ့်လူတော်ကြီးတွေဆုံးရှုံးခဲ့ရတာ တိုင်းပြည်အတွက် ဘယ်လောက်နစ်နာသလဲဗျာ၊ ကျုပ်ဒီလိုဂုဏ်ပြုလိုက်လို့မသကာနစ်နာလှရင် ဇာတ်ကားကုန်ကျ စရိတ်ပေါ့၊ ဒီလိုရည်ရွယ်ချက်နဲ့ ဒီကားကိုထုတ်လုပ်တာ”လို့ပြောခဲ့တာကို ဦးဆန်နီစာအုပ်မှာ ဖတ်ရပါတယ်။

ငွေကြေးနစ်နာဆုံးရှုံးမှာ အမှုအခင်းဖြစ်မှာကို လုံးဝထည့်မတွက်ဘဲ ဆရာစံလယ်သမား သူပုန်ကိုဂုဏ်ပြုတဲ့ ပဲရော့ဦးဆန်နီတို့လို ရုပ်ရှင်ထုတ်လုပ်သူ သူရဲကောင်းတွေ အင်္ဂလိပ်ခေတ်မှာ ပေါ်ထွန်းခဲ့တာဂုဏ်ယူစရာပဲဖြစ်ပါတယ်။

ဒါရိုက်တာ ဦးဘသာရိုက်ကူးပြီး မောင်မောင်အေး၊ မေကြည်တို့ပါဝင်တဲ့သခင်မျိုးဇာတ်ကားဟာလည်း မျိုးချစ် စိတ်ကို လှုံ့ဆော်တဲ့ ရုပ်ရှင်တစ်ကားပဲ ဖြစ်ပါတယ်။

ဇာတ်ကားရုံတင်ပြသနေစဉ်မှာပဲ ဆင်ဆာအဖွဲ့က ပြဇာတ်ခန်းကိုရောက်ရှိလာပြီး ဇာတ်ကားကိုဖြတ်တောက်ယူသွားတယ်လို့ သိရပါတယ်။ အဲဒါကြောင့်လည်း ပရိတ်သတ်ကပိုပြီးအားပေးခဲ့ကြပါတယ်တဲ့။

“ဗုဒ္ဓရာဇာ” ဆိုတဲ့ကားဆိုရင်လည်း နယ်မြို့မှာပြသနေတုန်း ဆင်ဆာအဖွဲ့က ပြသခွင့်အပြီးတိုင်ပိတ်သိမ်းခံ လိုက်ရပါတယ်။

အဲဒီခေတ်နယ်ချဲ့ဆန့်ကျင်ရေးနဲ့ မျိုးချစ်စိတ် လှုံ့ဆော်ရေးဇာတ်ကားအချို့ကို ဖော်ပြရမယ်ဆိုရင်ဒို့ဒေါင်းလံ၊ ဒေါင်းဒင်္ဂါး၊ ရန်နိုင် - ရန်အောင်၊ ဆင်ကြီးဂဠုန်ချီ၊ သူပုန်သွေး၊ ရန်ကြီးအောင်စတာတွေဖြစ်ပါတယ်။ လက်လှမ်းမှီသလောက်ပါ။ ကျန်တာတွေရှိနိုင်ပါတယ်။

မြန်မာ့ရုပ်ရှင်ပေါ်ဦးစကာလမှာပဲ မြန်မာ့ရုပ်ရှင်ဟာ နယ်ချဲ့ဆန့်ကျင်ရေးနဲ့ အမျိုးသားရေးတာဝန်ကိုနိုင်သလောက်ဝန်ထမ်းခဲ့တာ နှစ်ထောင်းအားရဖွယ်‌ တွေ့ရပါတယ်။

၁၉၂၀ နဲ့ ၁၉၃၀ ပြည့်နှစ်အကြား မြန်မာ့ရုပ်ရှင်ဇာတ်ကားများကို ရုပ်ရှင်ဒါရိုက်တာ ဆရာကြီးဦးညီပုက (မြန်မာ့ရုပ်ရှင်ဆရာကြီးများ၏ အဆိုအမိန့်များ စာအုပ်မှာ) အခုလိုအပြောရှိပါတယ်။

“၁၉၂၀ - ၁၉၂၅ ခုနှစ်အတွင်း သင်ခန်းစာပေး၊ အိမ်ထောင်ရေး၊ ရှေးဟောင်းပုံပြင်နဲ့ဟာသဇာတ်ကားများ အများဆုံးရိုက်ကူးကြတာကိုတွေ့ရပါတယ်။ ၁၉၂၆ - ၁၉၃၀ ခုနှစ်များအတွင်းအချစ်၊ ဓာတ်ပုံလှည့်စားမှု၊ ဗိုလ် ဇာတ်ကားများ၊ ရာဇဝင်သိုက်သမိုင်းနဲ့ ဟာသဇာတ်ကားများ အများဆုံးပါဝင်တာကို တွေ့ရပါတယ်။”

၁၉၂၀ - ၁၉၃၀ ပြည့်နှစ်အတွင်း ရုပ်ရှင်ကုမ္ပဏီပေါင်း ၁၁ ခုက ရုပ်ရှင်ကားပေါင်း ၂၀၀ ကျော်ထုတ်လုပ် တင်ဆက်ခဲ့တယ်လို့ မှတ်တမ်းရှိပါတယ်။ အဲ့ဒီကားပေါင်း ၂၀၀ ကျော်ထဲမှာ ဇာတိမာန်ကားအနည်းဆုံး ၁၀ ကားလောက်တော့ပါမယ်ထင်ပါတယ်။ ငါးရာခိုင်နှုန်းလောက်ပေါ့။ ဆရာကြီးဦးညီပုကတော့ခေါင်းစဉ်တစ်ခုအနေနဲ့ ထည့်တောင် ညွှန်းဆိုမသွားပါဘူး။

ဆက်လက်ဖော်ပြပါမယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly