‘ဘိုင်ယန်မြူးနစ်ဟာ ကြီးမားတဲ့ ရည်မှန်းချက်တွေရှိတဲ့ ကြီးကျယ်တဲ့ ကလပ်အသင်းပါ။’ - လီရွိုင် ဆာနေး

‘ဘိုင်ယန်မြူးနစ်ဟာ ကြီးမားတဲ့ ရည်မှန်းချက်တွေရှိတဲ့ ကြီးကျယ်တဲ့ ကလပ်အသင်းပါ။’ - လီရွိုင် ဆာနေး
Photos: Bayern Munich

လီရွိုင် ဆာနေးဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီးနောက် သူက ဘွန်ဒစ်လီဂါအသင်းဟာ ကြီးမားတဲ့ ရည်မှန်းချက်တွေရှိတဲ့ ကြီးကျယ်တဲ့ ကလပ်အသင်းတစ်သင်းဖြစ်တယ်လို့ ပြောပါတယ်။

အသက် ၂၄ နှစ်ရှိ ဂျာမနီတောင်ပံကစားသမားဟာ မန်ချက်စတာစီးတီးကနေ ပေါင် ၅၄.၈ သန်းအထိ ရှိလာမယ့် ကနဦးပြောင်းရွှေ့ကြေး ပေါင် ၄၄.၇ သန်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းဆီ ပြောင်းခဲ့တာပါ။

ဆာနေးဟာ ၂၀၁၆ ခုနှစ်က ရှော်ကေးအသင်းကနေ စီးတီးအသင်းဆီ ပေါင် ၃၇ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်နဲ့ လိဂ်ဖလား ၂ ကြိမ် ဆွတ်ခူးခဲ့ပါတယ်။

"ဘိုင်ယန်နဲ့ ရနိုင်သလောက် ဖလားတွေအများကြီး ကျနော် ဆွတ်ခူးရယူလိုပါတယ်။ ပြီးတော့ ချန်ပီယံလိဂ်ဖလားက ထိပ်ဆုံးဦးစားပေးဖြစ်တယ်။"လို့ သူက ပြောပါတယ်။

ဆာနေးဟာ ပြီးခဲ့တဲ့နှစ်က ပြည်တွင်းဖလား နှစ်ကြိမ်ဆက် ရယူရာမှာ စီးတီးအသင်းရဲ့ အဓိက အစိတ်အပိုင်းတစ်ခုဖြစ်ပေမယ့်လည်း ယခုရာသီမှာ အချိန်တော်တော်များများ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပါတယ်။

သူဟာ စီးတီးအသင်းအတွက် ၁၃၅ ပွဲကစားပေးခဲ့ရာ ၃၉ ဂိုးသွင်းယူခဲ့ပြီး ဂိုးဖန်တီးမှု ၄၅ ကြိမ်ပြုလုပ်ခဲ့ပါတယ်။

"ကျနော်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင်က ဘိုင်ယန်အသင်းမှာ အကောင်းဆုံးဂျာမန်ကစားသမားတွေ စုဆောင်းဖို့နဲ့ လီရွိုင်ရဲ့ ခေါ်ယူမှုဟာ ဒီရည်မှန်းချက်ကို အရေးပါစေပါတယ်။"လို့ ဘိုင်ယန်ရဲ့ အမှုဆောင်အရာရှိချုပ် ရူမန်နီဂီက ပြောပါတယ်။

ဂျာမနီအသင်းအတွက် ၂၁ ပွဲ ကစားထားတဲ့ ဆာနေးဟာ ယခုရာသီ ချန်ပီယံလိဂ်မှာ ဘိုင်ယန်အသင်းအတွက် ကစားပေးနိုင်ခြင်း မရှိသေးပေမယ့် သူဟာ လာမယ့်အပတ်မှာ အသင်းနဲ့ လေ့ကျင့်ခန်း စတင်တော့မှာဖြစ်ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly