နေလည်ပိုင်းအထိ ဖားကန့်တွင် မြေစာပုံပြိုလို့ ရုပ်အလောင်း ၁၂၅လောင်းရှာဖွေရရှိထား

နေလည်ပိုင်းအထိ ဖားကန့်တွင် မြေစာပုံပြိုလို့ ရုပ်အလောင်း ၁၂၅လောင်းရှာဖွေရရှိထား
ဓာတ်ပုံ - ဦးရွှေသိန်း

ဇူလိုင် ၂

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းလုပ်ကွက်များတွင် မြေစာပုံပြိုကျတာကြောင့် နွံရည်များနှင့် ရေမဆေး ကျောက်ရှာဖွေသူ ၂၀၀ခန့်မျောပါသွားခဲ့ပြီး သေဆုံးသူ ရုပ်အလောင်း ၁၂၅လောင်းကို ရှာဖွေရရှိထားကြောင်း ဆိပ်မူကျေးရွာအုပ်စု အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဦးရွှေသိန်းက ပြောသည်။

ဒီလိုရှာဖွေရရှိသော ရုပ်အလောင်း ၁၂၅လောင်းသည် နေ့လည် ၁၂နာရီခွဲအထိ ရှာဖွေတွေ့ရှိ ထားသောစာရင်းဖြစ်ပြီး အုပ်ချုပ်ရေးပိုင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူမှုကူညီရေးအသင်းများက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေကြသည်။

“ဝါးဖောင်တွေနဲ့အဆင်သင့်လုပ်ပြီးတော့မှ သက်ဆိုင်ရာလူမှုအဖွဲ့အစည်းတွေရော ကယ်ဆယ်ရေးလုပ်ငန်းတွေဆက်လုပ်နေတယ်’’ဟု ဦးရွှေသိန်းကပြောသည်။

ဖားကန့်ဒေသတွင် နှစ်စဉ်မြေပြိုတာကြောင့်လူသေဆုံးမှုများရှိနေပြီး ဒီလိုသေဆုံးမှုများသည် စည်းကမ်းမဲ့ ကျောက်စိမ်းတူးဖော်မှုများ၏ ဘေးထွက်ဆိုးကျိုးဖြစ်ကြောင်းလည်း ဦးရွှေသိန်း ကပြောပါသည်။

ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာ လခူးချောင်ရပ်ကွက်တွင်ရှိသော တစ်သုံးလုံး ၊ ရတနာကြယ်၊ ကျောက်မျက်ရွှေကြည်၊ ရတနာဆန်းရွှင် ၊ ဧရာရတနာစုပေါင်းလုပ်ကွက်ဟောင်းနေရာများတွင် ရေမဆေးကျောက်ဝင် ရောက်တူးဖော်နေသည့်အချိန် ယခုရက်ပိုင်းအတွင်းက မိုးဆက်တိုက်ရွာ သွန်းမှုကြောင့် ဒီကနေ့ ဇူလိုင်လ ၂ ရက်နေ့နံနက်ပိုင်းက မြေစာပုံပြိုကျမှုဖြစ်ခဲ့ခြင်းဖြစ်သည်။

ဒေသခံများနှင့် ကူညီကယ်ဆယ်ရေးလုပ်နေသူများ၏ ပြောဆိုချက်တွေအရ မြေစာပုံပြိုကျ သည့်အချိန်တွင် ရေမဆေးကျောက်ရှာဖွေသူ ၂၀၀နီးပါးရှိနေကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly