စောဒေးဗစ်လားအမှုကို စွဲချက်တင်ပြီး ဆက်လက်စစ်ဆေးရန် တရားရုံးဆုံးဖြတ်

စောဒေးဗစ်လားအမှုကို စွဲချက်တင်ပြီး ဆက်လက်စစ်ဆေးရန် တရားရုံးဆုံးဖြတ်
ဓာတ်ပုံ - သူရ / မဇ္ဈိမ

ဇူလိုင် ၂

တရားဟောဆရာ စောဒေးဗစ်လားနှင့် ဦးဝေထွန်းတို့နှစ်ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် စွဲချက်တင်ပြီး ဆက်လက်စစ်ဆေးရန် မရမ်းကုန်းမြို့နယ် တရားရုံးက ဇူလိုင်လ ၂ ရက်နေ့ (၉) ကြိမ်မြောက်ရုံးချိန်းတွင် အမိန့်ချမှတ်လိုက်သည်။

စွပ်စွဲခံရသူတို့ဘက်မှ အမှုလိုက်ပါဆောင်ရွက်ပေးနေသော တရားလွှတ်တော်ရှေ့နေ ဦးအောင်ကြည်ဝင်းက“တရားစွဲဆိုတဲ့ ပုဒ်မနဲ့ပဲ စွဲချက်တင်တယ်။ ဖြေရှင်းရမှာပေါ့နော်။ ရုံးချိန်းကတော့ အင်္ဂါနေ့။ ပြန်ခေါ်သက်သေတစ်ယောက်ခေါ်ထားတယ်။ သက်သေတင်ပြဖို့အခြေအနေက စောသေးတ
ယ်။ ” ဟု ပြောသည်။

ယခုအမှုတွင် တရားလိုဘက်က တင်ပြလာသည့် တရားလိုပြသက်သေ ၁၂ ဦးကို စစ်ဆေးခဲ့ပြီးနောက် ဇွန်လ ၃၀ ရက်နေ့ ရုံးချိန်းတွင် တရားလိုနှင့် တရားပြိုင် နှစ်ဖက်ရှေ့နေနှစ်ဦးက အမှုကို စွဲချက်တင်၊ မတင် အပြန်အလှန်လျှောက်လဲချက်ပေးခဲ့ကြသည်။

ယင်းနောက် တရားလိုဘက်က လျှောက်လဲချက်သည် ခိုင်လုံကြောင်း တရားသူကြီးက ယူဆသည့်အတွက် စွဲဆိုထားတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေပုဒ်မ ၂၅ ဖြင့် စွဲချက်တင်လိုက်ခြင်း ဖြစ်သည်။

လာမည့်ရုံးချိန်းကို ဇူလိုင်လ ၇ ရက်နေ့ကို ချိန်းဆိုထားပြီး ဒေါက်တာနော်အယ်ထူးထူးကို ပြန်ခေါ်သက်သေအနေဖြင့် စစ်ဆေးရန် ရှိနေခြင်း ဖြစ်သည်။

မရမ်းကုန်းမြို့နယ် တရားသူကြီး ဦးမိုးဆွေက “ဒီကနေ့မှာ စွပ်စွဲခံရသူများအပေါ် သဘာဝဘေးအန္တရာယ်ဆိုင်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် စွဲချက်တင်ပြီး အပြစ်ရှိမရှိမေးမြန်းရာ စွပ်စွဲခံရသူများက အပြစ်မရှိကြောင်း ထုချေပပြီး စွပ်စွဲခံရသူများက တရားလိုပြသက်သေ ဒေါက်တာနော်အယ်ထူးထူးအား ပြန်ခေါ်စစ်မေးလိုကြောင်း လျှောက်ထားသဖြင့် ဒေါက်တာနော်အယ်ထူးထူးကို စစ်ဆေးဖို့ ဇူလိုင်လ ၇ရက်နေ့ကို ချိန်းဆိုခဲ့ပါတယ်။” ဟု ပြောသည်။

ယခုအမှုသည် အလျင်အမြန်ဆောင်ရွက်ရမည့် မှုခင်းအမျိုးအစားထဲတွင် ပါဝင်သည့်အတွက် သုံးလအတွင်း အပြီး သတ်အမိန့်ချမှတ်သွားမည်ဖြစ်ကြောင်း မရမ်းကုန်းမြို့နယ် တရားရုံးက သတင်းထောက်များကို ပြောဆိုထားသည်။

တရားဟောဆရာစောဒေးဗစ်လားနှင့် နဝရတ်တေးသံသွင်းပိုင်ရှင်ဦးဝေထွန်းတို့သည် ကိုဗစ် ၁၉ ကာလအတွင်းမှာ အစိုးရကချမှတ်ထားသည့် စည်းမျှည်း၊ စည်းကမ်းတွေကို ဖောက်ဖျက်သည်ဆိုပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုခံထားရခြင်း ဖြစ်သည်။

သဘာဝဘေးအန္ဒရာယ်ဆိုင်ရာ ဥပဒေပုဒ်မ ၂၅ သည် ပြစ်မှုထင်ရှားရင် ထောင်ဒဏ် သုံးနှစ်အထိချမှတ်နိုင်သလို ငွေဒဏ်လည်း ချမှတ်နိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly