အမေရိကန်၌ တစ်နေ့တည်း လူ ၅၀၀၀၀ နီးပါး ကိုရိုနာဗိုင်းရပ်စ် ကူးစက်

အမေရိကန်၌ တစ်နေ့တည်း လူ ၅၀၀၀၀ နီးပါး ကိုရိုနာဗိုင်းရပ်စ် ကူးစက်

ဇူလိုင် ၂

အမေရိကန်နိုင်ငံတွင် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ကိုရိုနာဗိုင်းရပ်စ် အသစ်ကူးစက်သူဦးရေသည် ၅၀၀၀၀ နီးပါးအထိ ရှိကြောင်း ရိုက်တာ၏ စစ်တမ်းကောက်ယူချက်အရ သိရသဖြင့် ကပ်ဘေးစတင်ချိန်မှ အများပြားဆုံး တစ်နေ့တည်း ကူးစက်မှု ဖြစ်သည်။

ယခု စံချိန်တင်ကူးစက်မှုသည် အစိုးရထိပ်တန်း ကူးစက်ရောဂါပညာရှင်က အမေရိကန်အနေဖြင့် တစ်နေ့လျှင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူပေါင်း တစ်သိန်းအထိ နှစ်ဆမြင့်တက်နိုင်သည်ဟု သတိပေးထားပြီးနောက်တွင်လည်း ဖြစ်သည်။

အမေရိကန်ပြည်သူများအနေဖြင့် နှာခေါင်းစည်းတပ်ဆင်ခြင်း၊ လူခွာနေခြင်းတို့ကဲ့သို့ ဗိုင်းရပ်စ် ကူးစက်မှုကို ဟန့်တားနိုင်မည့် လိုအပ်သော လုပ်ဆောင်မှုများကို တက်ညီလက်ညီ မဆောင်ရွက်ကြပါက တစ်နေ့ လူတစ်သိန်း အထိ ကူးစက်လာနိုင်သည်ဟု ဒေါက်တာဖော့စီက သတိပေးခဲ့ခြင်း ဖြစ်သည်။

ဇွန်လ ပထမသီတင်းပတ်အတွင်း နိုင်ငံ၌ နေ့စဉ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူပေါင်း ၂၂၀၀၀ နီးပါး ရှိခဲ့သည်။ ဇွန်လ နောက်ဆုံးခုနစ်ရက်တွင် ကူးစက်မှုနှုန်းသည် နှစ်ဆတက်ကာ ၄၂၀၀၀ နီးပါးအထိ နေ့စဉ် ကူးစက်လာ ခဲ့သည်။

ဘရာဇီးနိုင်ငံသည် တစ်ရက်တည်း၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၅၀၀၀၀ ကျော်အထိ ရှိသော တစ်ခုတည်းသော နိုင်ငံဖြစ်သည်။ အမေရိကန်တွင် အင်္ဂါနေ့က ဗိုင်းရပ်စ် ကူးစက်သူ အနည်းဆုံး ၄၉၂၈၆ ဦး ရှိခဲ့သည်။

အမေရိကန်နိုင်ငံအတွင်း ကူးစက်မှုများ၏ ထက်ဝက်ကျော်မှာ နိုင်ငံလူဦးရေ၏ ၃၀ ရာခိုင်နှုန်း ရှိသော အာရီဇိုးနား၊ ကယ်လီဖိုးနီးယား၊ ဖလော်ရီဒါနှင့် တက္ကဆက်တို့မှ ဖြစ်သည်။ အဆိုပါ ပြည်နယ်လေးခုစလုံးတွင် ဇွန်လက ကူးစက်မှုနှုန်း နှစ်ဆကျော်တက်သည့် အခြားပြည်နယ် ဆယ်ပြည်နယ်တွင် ပါဝင်လာခြင်းပဲ ဖြစ်သည်။

လျင်မြန်စွာ ကူးစက်နေသော ဗိုင်းရပ်စ် ပျံ့နှံ့မှုကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဟန့်တားမှုများ မလုပ်ဆောင်ခဲ့ပါက နေ့စဉ် ကူးစက်မှုနှုန်းသည် တစ်သိန်းအထိ ရှိလာနိုင်သည်ဟု အမျိုးသား ဓာတ်မတည့်မှုနှင့် ကူးစက်ရောဂါ ဌာနအကြီးအကဲ ဒေါက်တာ အန်တိုနီဖော့စီက အင်္ဂါနေ့၌ ဆီးနိတ်လွှတ်တော်တွင် ပြောခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ ကူးစက်မှု မြင့်မားနေတဲ့ ဧရိယာတွေကိုပဲ ဦးတည်ချက် မထားသင့်ဘူး။ ဘေးအန္တရာယ်က တစ်နိုင်ငံလုံးအတွက် ကျရောက်နေတာ ဖြစ်တယ်။”ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly