ကိုဗစ်နဲ့ ထောင်ကျခြင်းအနုပညာ - ၇

 

 

ထောင်ထဲက ရေးတဲ့စာ

သန့်ဇော်(သန်လျင်)

ကိုဗစ်နိုင်တင်းကို ကျွန်တော်တို့ လုံးဝဥဿုံအနိုင်မယူနိုင်သေးတာရယ်၊ ပြည်တော်ပြန် များကို သတိဂရုထားစောင့်ကျပ်နေရတာရယ်၊ ရက်ဆက် ရက်ခြားဆိုသလို တစ်ယောက် စ နှစ်ယောက်စ ရောဂါတွေ့ရှိနေတာရယ်၊ ကိုဗစ်ဒုတိယလှိုင်းကို သုံးသပ်တွက်ချက်နေရ တာရယ်တွေကြောင့် ရောဂါကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မ တီမှ ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန်လိုအပ်လို့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ ပြည်ထောင်စုဝန်ကြီးဌာနများမှ ရောဂါထိန်းချုပ် ကာကွယ်ရေးအတွက် ထုတ်ပြန်ထားတဲ့ ပြည်သူသို့ပြန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာ စာ၊ ညွှန်ကြားချက်များအား ၂၀၂၀ ပြည့် ဇူလိုင်လ ၁၅ ရက်နေ့အထိ တိုးမြှင့်သတ်မှတ် လိုက်ပါတယ်။

ခုတစ်ပတ်မှာတော့ ကျွန်တော်ထောင်ကျစဉ် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကို ထောင်ထဲကနေ လျှို့ဝှက်ရေးသားလိုက်တဲ့ စာတစ်စောင်အကြောင်း စာဖတ်ပရိတ်သတ်တွေ ကိုဗစ်ကာလ မပျင်းမရိရလေအောင် ဖော်ပြပေးမှာဖြစ်ပါတယ်။ နိဒါန်းပျိုးရရင်တော့ . .

၁၉၈၉ ခုနှစ် ဇူလိုင်လမှာ သန်လျင် မြို့နယ်ရှိ ရေနံချက်စက်ရုံ ဗုံးပေါက်ကွဲမှုဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူငယ် တွေဖြစ်တဲ့ ကျွန်တော်တို့ကို နိုင်ငံတော်ငြိမ်ဝပ် ပိပြားရေးမှုတည်ဆောက်ရေးအဖွဲ့(နဝတ) က၊ ကျွန်တော်တို့ ပါတီကို သိက္ခာကျအောင် ဖျက်ဆီးချင်တဲ့ရည်ရွယ်ချက်နဲ့ မမှန်မကန် စွပ်စွဲ ထောင်ချလိုက်တာပဲဖြစ်ပါတယ်။

ဒီလိုမျိုး မဟုတ်မမှန် မတရားသေဒဏ်ချလိုက်တာနဲ့ပတ်သက်ပြီး  လူငယ်တို့ သဘာဝ၊ မဟုတ်မခံစိတ်နဲ့ တစ်ခုခုတော့ တုန့်ပြန်ရလိမ့်မယ်ဆိုပြီး ကမ္ဘာကသိအောင် ကုလသမဂ္ဂ ကို စာရေးဖြစ်သွားတာပါ။ စာရေးတဲ့အခါ ပထမဆုံး ထောင်ထဲမှာ အထူးတားမြစ်ထားတဲ့ တားမြစ်ချက်တွေကို စတင်ချိုးဖျက်ရမှာဖြစ်ပါတယ်။

စာရွက်နဲ့ ဘောလ်ပင်ရရှိရေးဆောင်ရွက်ရပါတယ်။ လျှို့ဝှက်ရေးသားပြီး ရေးပြီးပစ္စည်း များကို ထိန်းသိမ်းရမှာ ဖြစ်ပါတယ်။ နောက် ရေးပြီးသားတွေကို ပြင်ပနဲ့ဆက်သွယ်ပြီး ထောင် အပြင်ကို ရောက်အောင် ထုတ်ရမှာပဲဖြစ်ပါတယ်။ နောက်ဆုံး ကမ္ဘာ့ကုလသမဂ္ဂဆီ ရောက်ရှိသွားဖို့ပဲ ဖြစ်ပါတယ်။

ကျွန်တော်ဟာ အရင်ဦးဆုံး စာရေးကရိယာများကိုရှာဖွေရပါတယ်၊ စာရွက်အချို့ကို ကျွန်တော်ကိုယ်တိုင် အယူခံရေးတဲ့အခါ တာဝန်ခံထောင်မှုးမသိအောင် ဝှက်ယူထားတာ တချို့ရှိပြီး ထပ်လိုနေတဲ့ စာရွက်နဲ့ ဘောလ်ပင်ကို ထောင်ဝန်ထမ်းနဲ့ ငွေပေးပြီး ထပ်မှာရ ပါတယ်။ ပစ္စည်းကရိယာစုံလင်သွားတဲ့အခါ လျှို့ဝှက်ပြီးစာကို ရေးရပါတယ်၊ ညဖက်က ကျွန်တော်နေတဲ့ ကြိုးတိုက်အခန်းထဲမှာ မီးမရှိတာကြောင့် နေ့ဖက်ကို အခွင့်ကောင်း ယူကာ စာရေးရပါတယ်။

စာရေးပြီးတဲ့အခါ စာကို သေချာ ကျစ်ကျစ်လျစ်လျစ် ထုတ်ပိုးပြီး၊ ဖွက်ထားပြီး အိမ်က ထောင်ဝင်စာလာတာကို စောင့်နေရပါတယ်။ အိမ်က ထောင်ဝင်စာလာရင် ထောင်ဝန် ထမ်းကတစ်ဆင့် အိမ်ကိုပေးလိုက်ဖို့ကိုလည်း ချိတ်ဆက်ထားပါတယ်။ စာကို သံရုံးက တစ်ဆင့် ကမ္ဘာကုလသမဂ္ဂကို ပို့ပေးဖို့ကိုလည်း စီစဉ်ထားပါတယ်။ ၁၉၈၉ ခုနှစ်ရဲ့ အင်းစိန်အကျဉ်းထောင် ဆိုတဲ့ ဆောင်းပါး တစ်ပုဒ်လည်း နိုင်ငံတကာ မဂ္ဂဇင်းတစ်ခုမှာ ဖော်ပြပေးဖို့ကိုလည်း တစ်ဆက်တည်း ရေးထားပါသေးတယ်။

သတ်မှတ်ထားတဲ့ရက်မှာ အိမ်က ထောင်ဝင်စာ(ဧည့်တွေ့)လာပါတော့တယ်။ ကျွန်တော် ထောင်ဝင်စာ သွားတွေ့တဲ့အချိန်မှာ ချိန်းဆိုထားတဲ့ ထောင်ဝန်ထမ်းလာရင် ပေးလိုက်ဖို့ ကိုလည်း အဲဒီအချိန် အခန်းထဲနေသူနှစ်ယောက်ကို သေချာမှာထားခဲ့ပါတယ်။ ကျွန်တော် ထောင်ဝင်စာ သွားတွေ့ပြီး အခန်းကိုပြန်ရောက်တဲ့အခါ အခန်းဖော်နေသူတွေက ဝန်ထမ်း လာတောင်းကြောင်း၊ သူတို့က ကြောက်၍မပေးလိုက်ကြောင်း ပြောပါတယ်။ သူတို့က ပထမ ပေးပေးမယ်ပြောပြီး တကယ့်တကယ်မှာ ကြောက်လန့်ပြီး မပေးလိုက်တာကို ကျွန်တော် တော်တော်ခံပြင်းသွားရပါတယ်။ ဒီနေ့တော့ ဘာမှမတတ်နိုင်တော့ဘဲ နောက် တစ်ပတ် အိမ်ကလာတဲ့အချိန်ကို ထပ်စောင့်ပြီး စာကို ဝန်ထမ်းတွေ မတွေ့အောင် ထပ်ဖွက်ရပါဦးမယ်။

ခဏနေတော့ အခန်းဖော်တွေဟာ ကြောက်လန့်ပြီး(အခန်းဖော်တွေကလည်း သေဒဏ် အကျဉ်းသားပဲနော်) မျက်နှာကြက်ကို နှစ်ယောက်ဆင့်ပြီးတက်၊ စာအထုတ်ကလေးကို အပေါ်ကို ဒီအတိုင်းတင်လိုက်ရင်ရသားနဲ့ ပစ်ပြီးတင်လိုက်တဲ့အခါ အခန်းအပြင်ဖက်ကို ကျသွားပါတော့တယ်။ အခန်းထဲကနေ လုံချည်တွေ စောင်တွေဆက်ပြီး လှမ်းကောက် ရတော့ ကိုယ့်လက်ထဲရောက်ကာနီးမှာ ကင်းလှည့်လာတဲ့ ထောင်မှုးက တွေ့သွားပါတယ်။ ဘယ်သူ့ဟာလည်းဆိုတော့ ကျွန်တော့ဟာပေါ့။ ဒါနဲ့ အခန်းကို ရှာဖွေရေး သုံးကြိမ်လုပ် ၊ ထောင်ရုံခန်းရောက် စစ်ဆေးမှုတွေလုပ်တာခံရ ၊ သုံးရက် သုံးညကို လုံးဝမအိပ်ရ မနားရ ဘဲ စစ်ဆေးပြီးတော့မှ ကျွန်တော်နေခဲ့တဲ့အခန်းကို ပြန်ပို့ပါတေယ်။

ထောင်ပြစ်ဒဏ်အဖြစ် သံခြေချင်း ၃ လ ခတ်၊ ရေချိုး ၁၀ ရက်ပိတ်၊ ထောင်ဝင်စာ ၃ လ ပိတ်ပါတယ်။ သူတို့ ကျွန်တော့ကို ဘယ်လိုပဲ လုပ်လုပ် ကျွန်တော်ကတော့ စိတ်ထဲ တေး မှတ်ထားလိုက်ပါတယ်။ မတရားမှုတွေကတော့ ဆက်တိုက်ကျွန်တော်တို့ ခံနေရ တာပါ။ ဒီအတွက် ကျွန်တော် ပြစ်ဒဏ်ပြီးတဲ့အခါ ထပ်မံစာရေးပြီး အမျိုးမျိုး ကြိုးစားပါ တယ်။ ပိုက်ဆံတွေလည်း တော်တော်ကုန်ပါတယ်။ ကျွန်တော်လည်း အန္တရာယ်နဲ့ ကစားရတာ လည်း အသားကျလာပါတော့တယ်။ လူငယ်ဆိုတော့ မဟုတ်မခံမာန်ကတော့ အပြည့်ပဲ ဖြစ်ပြီး ကြောက်စိတ် သိတ်မရှိလှပါဘူး၊ စွန့်စားရတာကို သဘောတွေ့နေပါတယ်။

ဒီလိုနဲ့ ကျွန်တော်တို့ရဲ့ အမှုမှန်ပေါ်ပေါက်ရေး နိုင်ငံတကာသို့ပေးစာအခန်းကဏ္ဍဟာ ကြိုးစားရင်းနဲ့ပဲ ၁၉၉၀ ပြည့် စက်တင်ဘာ ၂၅ နေ့ရောက်တော့ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရပါတီကို အာဏာလွှဲပေးရေး ထောင်ထဲကနေ ဆန္ဒပြကြလို့ ကျွန်တော်တို့ကို ရိုက်နှက်ပြီး  သရက်ထောင်ကို ပြောင်းရွှေ့ခံလိုက်ရပါတော့တယ်။ ထောင်တွင်းသပိတ် တိုက်ပွဲ၊ စာဥသီချင်းတွေကို ထောင်ပတ်ချာလည်မှာဖွင့်ပြီး ရိုက်လို့ စာဥအရေးအခင်းလို့ လူသိများပါတယ်(ထိုအကြောင်းကို ရုပ်ရှင်အဖြစ်ရိုက်ပြီး၊မကြာခင်ပြသမှာဖြစ်)။

သရက်ထောင်ကိုရောက်ပြီး ကျွန်တော်ဟာ နဝတ ရဲ့ မတရားမှုကို နိုင်ငံတကာသိအောင် လုပ်ဖို့ နည်းလမ်းရှာရပါတော့တယ်။ ထောင်ဝန်ထမ်းတွေကို စည်းရုံးကြည့်ရတယ်။ ပြင်ပသတင်းတွေကို သိအောင် ကြိုးစားရပါတယ်။ နောက်ဆုံးတော့ ကျွန်တော်ရဲ့ စိတ်အားထက်သန်နေမှုကရော အမှန်တရားကို နိုင်ငံတကာသိအောင် ဖော်ထုတ်ဖို့ရော အခြေအနေတွေ ပေးလာပါတော့တယ်။

နောက်အပတ်မှပဲ ကျွန်တော့ရဲ့စာကို ဆက်ပါမယ်။   ။

သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly