ဘာစီလိုနာအသင်းဟာ အင်္ဂါနေ့က အိမ်ကွင်း နူကမ့်မှာ အက်သလက်တီကိုကို ၂-၂ ဂိုးနဲ့ သရေကျပြီးနောက် နည်းပြ ဆက်တီယန်က အသင်းရဲ့ စွမ်းဆောင်ရည်ကို ကျေနပ်မှုရှိပေမယ့် ရလဒ်အတွက်တော့ ပျော်ရွှင်မှုမရှိဘူးလို့ ပြောဆိုသွားပါတယ်။
ဒီရလဒ်ဟာ ဘာစီလိုနာအတွက် ၄ ပွဲမှာ သရေ ၃ ပွဲအထိဖြစ်သွားစေခဲ့တာကြောင့် သူတို့ရဲ့ လာလီဂါချန်ပီယံ မျှော်လင့်ချက်ဟာလည်း နည်းပါးလာပြီး ရီးယဲလ်မက်ဒရစ်သာ ဂီတာဖေးကို နိုင်သွားမယ်ဆိုရင် ၄ မှတ်အထိ ကွာသွားတော့မှာဖြစ်ပါတယ်။
"အက်သလက်ကိုလို အသင်းမျိုးနဲ့ ယှဉ်ပြိုင်ကစားရတာက မလွယ်ကူပါဘူး။ အသင်းရဲ့ စွမ်းဆောင်ရည်ကိုတော့ ကျေနပ်မှုရှိပါတယ်။ ဒါပေမယ့် ရလဒ်အတွက်တော့ မပျော်နိုင်ပါဘူး။ ကျနော်တို့ ဆက်လက် ကြိုးစားလုပ်ဆောင်သွားမှာပါ။"လို့ ဆက်တီယန်က ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
ဒါ့အပြင် အသင်းရဲ့ ကစားသမားတွေနဲ့ ပြဿနာဖြစ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ဆက်တီယန်ကတော့ သူ့ကို အားလုံးက ထောက်ခံနေသေးကြောင်း ပြန်လည် တုံ့ပြန်သွားခဲ့ပါတယ်။
"အဝတ်လဲခန်းကစလို့ ထောက်ခံမှုရှိခဲ့တယ်လို့ ကျနော် ခံစားရပါတယ်။ မှန်ပါတယ်။ ပြီးတော့ ဘုတ်အဖွဲ့နဲ့ တွေ့ဆုံတာနဲ့ ပတ်သက်ပြီး ကျနော်ပြောခဲ့တာကို ပြောသွားမှာ မဟုတ်ပါဘူး။"လို့ သူက ပြောပါတယ်။
ဆက်တီယန်က အက်သလက်တီကိုနဲ့ ပွဲစဉ်မှာ ပွဲပြီးခါနီးမှ ဂရစ်ဇ်မန်းကို ထည့်သုံးခဲ့တာနဲ့ ပတ်သက်လို့လည်း အခုလို ပြောပါတယ်။
"သူ့လိုအဆင့်အတန်းရှိတဲ့ ကစားသမားတစ်ယောက်အတွက် အသင်းကနေ ထုတ်မသုံးတာဟာ ခက်ခဲမယ်ဆိုတာ အမှန်ပါ။ ဒါပေမယ့် အခြေအနေတွေက ကျနော့်ကို အတင်းအကျပ် လုပ်ဆောင်စေခဲ့ပါတယ်။ ကျနော် မနက်ဖြန်မှာ သူနဲ့ ဆွေးနွေးသွားမှာပါ။ တောင်းပန်သွားမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူနားလည်ဖို့ရှိတာက ဒါဟာ ဆုံးဖြတ်ချက်တစ်ခုဆိုတာပါ။"လို့ ဆက်တီယန်က ပြောပါတယ်။
ဂရစ်ဇ်မန်းဟာ ဘာစီလိုနာနဲ့ သူ့ရဲ့ ပထမဆုံးရာသီမှာ ၁၄ ဂိုး သွင်းထားခဲ့ပေမယ့် အသင်းမှာ နေရာရဖို့ ရုန်းကန်နေရသူဖြစ်ပါတယ်။
Ref; AFP