ပိုင်နက်နယ်မြေကို တရုတ်က အတည်ပြုလာ၍ ဘူတန် ပယ်ချ

By India Today
30 June 2020
ပိုင်နက်နယ်မြေကို တရုတ်က အတည်ပြုလာ၍ ဘူတန် ပယ်ချ

ဇွန် ၃၀

ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ပံ့ပိုးမှုကောင်စီ GEFC ၏ ၅၈ ကြိမ်မြောက်အစည်းအဝေးတွင် ဘူတန်တွင် တည်ရှိသော Sakteng Wildlife Sanctuary ဘေးမဲ့တောအတွက် စီမံကိန်းတစ်ရပ်တွင် ရန်ပုံငွေ ထည့်ဝင်ရေး၌ တရုတ်နိုင်ငံက ယင်း နယ်မြေသည် အငြင်းပွားနယ်မြေဖြစ်သည်ဟုဆိုကာ ကန့်ကွက်ရန် ကြိုးစားခဲ့သည်။

အမှန်တကယ်အားဖြင့် ဘူတန်နှင့် တရုတ်ကြားတွင် နယ်သတ်မျဉ်း မသတ်မှတ်ရသေးသော်လည်း အဆိုပါ ဘေးမဲ့တော တည်ရှိရာ နယ်မြေနှင့် ပတ်သက်ကာ အတိတ်က မည်သည့်အငြင်းပွားမှုမှ မရှိခဲ့ပေ။

ဘူတန်နိုင်ငံသည် ၎င်းအား ကိုယ်စားပြုသည့် ကိုယ်စားလှယ်ထံသို့  ခိုင်မာပြတ်သားသော သဘောထားမှတ်ချက် ပေးပို့ခဲ့သည်။ အဆိုပါ မှတ်ချက်တွင် “Sakteng ဘေးမဲ့တောသည် ဘူတန်၏ နယ်မြေသာဖြစ်ပြီး အချုပ်အခြာပိုင်နက်ပင် ဖြစ်သည်။”ဟု ရေးသားထားသည်။

ဘူတန်၏ ယခု ဘေးမဲ့တော စီမံကိန်းအတွက် ရန်ပုံငွေ ဆွေးနွေးခြင်းသည် နိုင်ငံတကာအဖွဲ့အစည်းဖြစ်သော GEFC တွင် ပထမဆုံးအကြိမ်ဖြစ်ပြီး ယင်း အကြိမ်မှာပင် တရုတ်က မြေယာပိုင်ဆိုင်မှု အခွင့်အရေးကို လှမ်းဆွဲဆုပ်ကိုင်လာခြင်းပဲ ဖြစ်သည်။

အဆိုပါ ဘူတန် ဘေးမဲ့တော စီမံကိန်းအတွက် ရန်ပုံငွေနှင့် ပတ်သက်ပြီး ကန့်ကွက်မှုများ မြင့်တက်ကာ တရုတ်ကလည်း ဆန့်ကျင်နေသည့်ကြားမှာ ကောင်စီဝင်အများစုက စီမံကိန်းကို သဘောတူခဲ့ရာ နောက်ဆုံး အဆင့်အထိ ပါဝင်လာနိုင်ခဲ့သည်။

GEFC တွင် တရုတ်က ကိုယ်စားလှယ် ရှိထားသော်လည်း ဘူတန်က တိုက်ရိုက်ကိုယ်စားလှယ်မရှိဘဲ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မော်လဒိုက်၊ နီပေါ၊ သီရိလင်္ကာတို့အတွက် ကမ္ဘာ့ဘဏ်မှ နိုင်ငံတကာစာရင်းစံအဖွဲ့ တာဝန်ရှိသူ အိန္ဒိယမှ အက်ပါနာဆူဘရာမာနီက ကိုယ်စားပြုနေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly