ကယ်လီဖိုးနီးယားနှင့်တက္ကဆက်ပြည်နယ်တို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု စံချိန်တင်မြင့်တက်

ကယ်လီဖိုးနီးယားနှင့်တက္ကဆက်ပြည်နယ်တို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု စံချိန်တင်မြင့်တက်

ဇွန် ၃၀

ကယ်လီဖိုးနီးယားပြည်နယ်တစ်ခုလုံးတွင် တနင်္လာနေ့က ကိုဗစ်-၁၉ ကူးစက်သူ အနည်းဆုံး ၇၄၁၈ ဦးအထိရှိခဲ့ကာ ရောဂါစတင်တွေ့ရှိချိန်ကစ၍ အမြင့်မားဆုံးတစ်နေ့တာကူးစက်မှုဖြစ်ခဲ့ပြီး စုစုပေါင်း ၂၂၃ ၀၀၀ ဦး ကူးစက်ခံထားရပြီဖြစ်သည်။ လူဦးရေ ၁၀ သန်းခန့်ရှိသည့် လော့စ်အိန်ဂျလိစ်ကောင်တီတွင်လည်း ၁၀၀ ၀၀၀ ကျော် ကူးစက်ခံထားရသည်။

ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး Gavin Newsom က ဘားဆိုင်များပိတ်ရန်နှင့် လူကြားထဲ နှာခေါင်းစည်းများတပ်ဆင်ကြရန် စည်းမျဉ်းချမှတ်ထားသော်လည်း ရောဂါကူးစက်မှုနှင့် ဆေးရုံတက်ရောက်ကုသများမြင့်တက်လာခဲ့သောကြောင့် လော့စ်အိန်ဂျလိစ်မြို့သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရာ ဗဟိုချက်အသစ်ဖြစ်လာခဲ့သည်။

“ရောဂါကူးစက်မှုနှုန်းနဲ့ ဆေးရုံတက်ရောက်ကုသမှုတွေ များပြားလာတာကြောင့် ကိုဗစ်-၁၉ ပြန့်ပွားမှုနှေးအောင် အားချင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ မဟုတ်ရင် ကျန်းမာရေးစနစ်တွေ အလျင်အမြန်ထိခိုက်ပျက်စီးပြီး ဆိုးရွားတဲ့ ဖျားနာသေဆုံးမှုတွေ ဖြစ်လာလိမ့်မယ်” ဟု လော့စ်အိန်ဂျလိစ်ကောင်တီ ပြည်သူ့ကျန်းမာရေးဒါရိုက်တာ Barbara Ferrer က ပြောသည်။

ရုပ်ရှင်ရုံများ၊ ပန်းခြံများနှင့် တခြားဖျော်ဖြေရေးနေရာများ ပြန်ဖွင့်ချိန်ကို ရပ်ဆိုင်းထားရန် မြို့တော်ဝန် Eric Garcetti က ကြေညာချက်ထုတ်ပြန်လိုက်ပြီး လွတ်လပ်ရေးနေ့အတွက် မီးရှူးမီးပန်းများဖောက်ခြင်းကို တားမြစ်သွားမည်ဖြစ်ကာ ကမ်းခြေများကိုလည်း ပိတ်ထားမည်ဖြစ်သည်။

တက္ကဆက်ပြည်နယ်တွင်လည်း တနင်္လာနေ့က ဗိုင်းရပ်စ်ကူးစက်မှု ၆ ၅၄၅ ဦးအထိ မြင့်တက်ခဲ့ပြီး စုစုပေါင်းကူးစက်သူ ၁၆၀ ၀၀၀ ဦးရှိပြီဖြစ်သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြီးခဲ့သည့်ငါးရက်အတွင်းတွင် လေးရက်မြောက်အဖြစ် ကူးစက်မှု ၄၀ ၀၀၀ ကျော်ရှိခဲ့သည်။

အရီဇိုးနားပြည်နယ်အုပ်ချုပ်ရေးမှူး Doug Ducey က ဘားဆိုင်များ၊ နိုက်ကလပ်များ၊ အားကစားစင်တာများ၊ ရုပ်ရှင်ရုံများနှင့် ရေပန်းဥယျာဉ်များကို အနည်းဆုံး ရက် ၃၀ ပိတ်ရန် တနင်္လာနေ့က ညွှန်ကြားခဲ့သည်။ စာသင်ကျောင်းများကိုလည်း အနည်းဆုံး ဩဂုတ်လ ၁၇ ရက်ထိတိုင်အောင် ပိတ်ခိုင်းထားသည်။

“လာမယ့်သီတင်းပတ်မှာ ရောဂါကူးစက်မှုတွေ ပိုဆိုးလာနိုင်တယ်” ဟု Ducey က မွန်းလွဲပိုင်းသတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

ဒု-သမ္မတမိုက်ပင့်စ်သည် ကပ်ရောဂါပြန်လည်ဖြစ်ပွားမှုတိုက်ဖျက်ရေးအတွက် ဆွေးနွေးရန် ဗုဒ္ဓဟူးနေ့တွင် အရီဇိုးနားပြည်နယ်ရှိ ဖီးနစ်မြို့သို့ သွားမည်ဖြစ်သည်။

တက္ကဆက်နှင့်ဖလော်ရီဒါပြည်နယ်များတွင်လည်း သောကြာနေ့က ပြန်ဖွင့်ခဲ့သော ဘားဆိုင်များအားလုံးကို ပြန်ပိတ်သိမ်းရန် အာဏာပိုင်များက ညွှန်ကြားခဲ့သည်။ နယူးဂျာဆီပြည်နယ်တွင်လည်း ကြာသပတေးနေ့တွင် ဆိုင်တွင်းစားသောက်မှု ပြန်စတင်မည့်အစီအစဉ်ကို တားမြစ်လိုက်ပြီး ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်သည်ဟု ပြည်နယ်အုပ်ချုပ်ရေးမှူး Phil Murphy က တနင်္လာနေ့တွင် ပြောသည်။

ကန်းဆက်ပြည်နယ်အုပ်ချုပ်ရေးမှူး Laura Kelly က နောက်ထပ်ပိတ်ဆို့မှုများကို ရှောင်ရှားနိုင်ရန် အများပြည်သူကြား၌ သွားလာရာတွင် နှာခေါင်းစည်းမဖြစ်မနေတပ်ရမည်ဟု ညွှန်ကြားထားသည်။

လွတ်လပ်ရေးနေ့ဆင်နွှဲရန် မျှော်မှန်းထားသည့် ဖလော်ရီဒါ Broward ကောင်တီနှင့် Palm Beach ကောင်တီတို့ရှိ ကမ်းခြေများကိုလည်း ဇူလိုင် ၃ ရက်မှ ၅ ရက်အတွင်းဖွင့်မည်မဟုတ်ဟု အာဏာပိုင်များက တနင်္ဂနွေနေ့တွင် ပြောသည်။ Miami-Dade ကောင်တီတွင်လည်း အားလပ်ရက်၌ ကမ်းခြေများပိတ်ထားကြောင်း ကြေညာခဲ့သည်။

အလက်စကာ၊ အာကန်းဆက်၊ မွန်တာနာ၊ နယူးမက္ကဆီကို၊ မြောက်ကယ်ရိုလိုင်းနား၊ အော်ရီဂွန်နှင့် ယူတာပြည်နယ်အပါအဝင် ပြည်နယ် ၂၂ ခုတွင် ဇွန်လအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဖြစ်စဉ်အသစ်များ များပြားခဲ့သည်။

အိမ်ဖြူတော်ပြန်ကြားရေးတာဝန်ခံ Kayleigh McEnany က နှာခေါင်းစည်းတပ်/မတပ်နှင့်ပတ်သက်၍ ပြဿနာမရှိကြောင်းနှင့် ဒေသန္တရအမိန့်အတိုင်းသာ လုပ်ဆောင်ကြရန် တနင်္လာနေ့က ပြောသည်။

The New York Times က ၎င်းခြေရာခံသည့်အချက်အလက်များပေါ်ကိုးကားလျက် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာများနှင့်ဆက်စပ်၍ ကိုဗစ်-၁၉ ရောဂါဖြင့်သေဆုံးမှုသည် ၄၃ % ရှိကြောင်း ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly