နှာခေါင်းစည်းတပ်မထားသူကို ကော်ဖီမရောင်းခဲ့သည့် Starbucks ဆိုင်ဝန်ထမ်း ဘောက်ဆူး ဒေါ်လာ ၈ သောင်းနီးပါး ရ

နှာခေါင်းစည်းတပ်မထားသူကို ကော်ဖီမရောင်းခဲ့သည့် Starbucks ဆိုင်ဝန်ထမ်း ဘောက်ဆူး ဒေါ်လာ ၈ သောင်းနီးပါး ရ

ဇွန် ၃၀

နှာခေါင်းစည်း တပ်မလာသည့် ဝယ်သူတစ်ဦးကို ကော်ဖီရောင်းချမပေးဘဲ နေခဲ့သည့် Starbucks ဆိုင်ဝန်ထမ်း လူငယ်တစ်ဦး ယခုအခါ ၎င်း၏ တာဝန်သိစိတ်နှင့် စည်းကမ်းလိုက်နာမှုတို့အတွက် ဘောက်ဆူးငွေ ဒေါ်လာ ၈၀,၀၀၀ နီးပါးအထိ ရရှိခဲ့ကြောင်း သိရသည်။

အသက် ၂၄ နှစ်ရှိ လီနင် ဂူတီရာရက်ဇ် ဆိုသူ အမျိုးသားသည် ပြီးခဲ့သည့် တနင်္လာနေ့ မနက်ပိုင်းက အမေရိကန်နိုင်ငံ San Diego မြို့ရှိ Starbucks ဆိုင်တစ်ဆိုင်တွင် အလုပ်ဝင်နေခဲ့ချိန် နှာခေါင်းစည်း တပ်မထားသည့် ဝယ်သူအမျိုးသမီးတစ်ဦး ဆိုင်တွင်းသို့ ဝင်လာပြီး ကော်ဖီမှာယူခဲ့ကြောင်း သိရသည်။

ယင်းနောက် ဂူတီရာရက်ဇ်က အဆိုပါ ဝယ်သူအမျိုးသမီးကို ကော်ဖီ ရောင်းမပေးဘဲ သူမထံတွင် နှာခေါင်းစည်းပါလာပါက တပ်ရန် မေတ္တာရပ်ခံခဲ့သည်ဟု ဆိုသည်။ ထို့ပြင် ဆိုင်သို့ လာရောက်သည့် ဖောက်သည်များ နှာခေါင်းစည်းတပ်ရန် လိုကြောင်း သတ်မှတ်ထားသည့် ကုမ္ပဏီစည်းမျဉ်းများကို ဂူတီရာရက်ဇ်က မပြောရသေးခင်မှာပင် ဖောက်သည် အမျိုးသမီးက ဒေါသအိုး ပေါက်ကွဲပြီး ၎င်းကို ဆဲရေးတိုင်းတွာခဲ့ကြောင်း သိရသည်။

ယင်းနောက် အမ်ဘာ လင်း ဂီလီးစ် ဆိုသူ အဆိုပါ ဖောက်သည်အမျိုးသမီးက ဂူတီရာရက်ဇ်ကို ဓာတ်ပုံရိုက်ယူသွားခဲ့ပြီး ဆိုရှယ်မီဒီယာပေါ်တင်ကာ ပြစ်တင်ဝေဖန်ခဲ့သည်။

“ကော်ဖီဆိုင်မှာ လီနင် ဆိုတဲ့လူနဲ့ တွေ့ခဲ့တယ်ဟေ့၊ သူက ငါ့ကို နှာခေါင်းစည်း တပ်မထားလို့ ကော်ဖီ မရောင်းဘူးတဲ့၊ တွေ့မှာပေါ့၊ နောက်တစ်ခါကျရင် ငါ ရဲခေါ်ပြီး ဆေးထောက်ခံချက်ပါ ယူသွားဦးမယ်” ဟု ဂီလီးစ်က သူမ၏ ပို့စ် တွင် နှာခေါင်းစည်းတပ်ထားသည့် ဂူတီရာရက်ဇ်၏ ဓာတ်ပုံနှင့်တကွ ရေးတင်ခဲ့သည်ဟု သိရသည်။

ဂူတီရာရက်ဇ်ကို ဝေဖန်တိုက်ခိုက်ထားသည့် ဂီလီးစ်၏ ဖေ့ဘွတ်ခ်ပို့ကြောင့် အွန်လိုင်းသုံးသူများက ဂူတီရာရက်ဇ်ကို ဝေဖန်ခြင်းထက် ၎င်းကို သနားဂရုဏာထားကာ ၎င်းဘက်ကနေသာ ထောက်ခံအားပေးခဲ့ကြကြောင်း သိရသည်။

ဂီလီးစ်၏ ပို့စ် အောက်တွင် လူအများအပြားက ဂူတီရာရက်ဇ်ကို ထောက်ခံကြောင်း ရေးသားခဲ့ကြပြီး ကော်ဖီဆိုင်သို့သွားပြီး ၎င်းကို ဘောက်ဆူးပေးလိုသည့် ဆန္ဒရှိကြောင်း ထုတ်ဖော်ရေးသားခဲ့ကြသည်။

ယင်းနောက် ဂူတီရာရက်ဇ်နှင့် လူချင်းမရင်းနှီးသော်လည်း ၎င်း၏ ဖြစ်ရပ်အတွက် မခံမရပ်နိုင်ဖြစ်နေသော အသက် ၂၆ နှစ်အရွယ် မတ် ကိုဝမ် ဆိုသူက ဂူတီရာရက်ဇ်အတွက် GoFundMe ဆိုသည့် အွန်လိုင်းကမ်ပိန်းအစီအစဉ်တစ်ခု ထူထောင်ပေးခဲ့သည်။

အဆိုပါ ကမ်ပိန်း၏ ကနဦးရည်ရွယ်ချက်က ဒေါ်လာ ၁,၀၀၀ မျှသာ ဖြစ်သော်လည်း သီတင်းပတ်တစ်ပတ်ခန့်မှာပင် လူထောင်ပေါင်းများစွာတို့က ကော်ဖီဆိုင်ဝန်ထမ်းလေး ဂူတီရာရက်ဇ်အတွက် ဝိုင်းပြီး ဘောက်ဆူးချီးမြှင့်ပေးခဲ့ကြရာ စုစုပေါင်း ဒေါ်လာ ၈၀,၀၀၀ နီးပါးအထိ ရရှိခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly