တရုတ်စစ်တပ်က ကမ္ဘာ့ပထမဆုံးအဖြစ် စမ်းသပ်အဆင့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အသုံးပြုမည်

တရုတ်စစ်တပ်က ကမ္ဘာ့ပထမဆုံးအဖြစ် စမ်းသပ်အဆင့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အသုံးပြုမည်

ဇွန် ၃၀

စမ်းသပ်အဆင့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတစ်မျိုးကို စစ်တပ်၏ အသုံးပြုမှုအတွက် တရုတ် အာဏာပိုင်တို့က အတည်ပြုပေးလိုက်ကြောင်း သိရသည်။

အဆိုပါ စမ်းသပ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးသည် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်နှင့် တရုတ်ဆေးဝါးထုတ်လုပ်မှု ကုမ္ပဏီတစ်ခုတို့က ပူးပေါင်း ထုတ်လုပ်သည့် ကာကွယ်ဆေးလည်း ဖြစ်သည်။

တရုတ်စစ်တပ်မှ ဗိုလ်ချုပ် ချန်ဝေ ဦးဆောင်သည့် စစ်တပ် ဆေးဝါးသိပ္ပံ အကယ်ဒမီ အဖွဲ့တစ်ခုနှင့် ထျန်ကျင်း အခြေစိုက် CanSino Biologics ကုမ္ပဏီတို့က Ad5-nCoV ဆိုသည့် ကာကွယ်ဆေးကို ပူးပေါင်းထုတ်လုပ်ထားခြင်းဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်သည့် COVID-19 ရောဂါအတွက် စမ်းသပ်ကာကွယ်ဆေးတစ်မျိုးကို ကမ္ဘာ့နိုင်ငံတစ်နိုင်ငံ၏ စစ်တပ်အတွက် အသုံးပြုရန် ပထမဆုံးအကြိမ်အဖြစ် ခွင့်ပြုချက်ပေးလိုက်ခြင်းလည်း ဖြစ်သည်။

ယခု စမ်းသပ်ကာကွယ်ဆေးသည် လက်တွေ့စမ်းသပ်မှု အဆင့်နှစ်ခုကို ဖြတ်ကျော်ထားပြီး ဖြစ်ကြောင်း၊ စမ်းသပ်မှု ရလဒ်များအရ ယင်းသည် ဘေးကင်းစိတ်ချရပြီး ခန္ဓာကိုယ်တွင် ရောဂါဖြစ်စေသော ပဋိဇာတ်အပေါ်တွင်လည်း အတော်အတန် မြင့်မားသည့် ခံနိုင်ရည် တုံ့ပြန်မှုတစ်ခု ရှိကြောင်း CanSino က ဇွန်လ ၂၉ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါ စမ်းသပ်ကာကွယ်ဆေးသည် အဆင့် ၃ စမ်းသပ်မှုကို စတင်လုပ်ဆောင်သွားရရန် ရှိနေသည်။

တရုတ်စစ်တပ်သည် အဆိုပါ ကာကွယ်ဆေးကို တစ်နှစ်ကြာ အသုံးပြုရန် အတည်ပြုထားခဲ့ခြင်း ဖြစ်သော်လည်း ယင်းကာကွယ်ဆေးကို အရပ်ဘက်ရည်ရွယ်ချက်များအတွက် အသုံးပြုခွင့် မရရှိထားပေ။

Ad5-nCoV ကို တရုတ် ပြည်သူ့လွတ်မြောက်ရေးစစ်တပ်၏ အထူးဆေးဝါးများစာရင်းတွင် ထပ်ပေါင်းထည့်လိုက်ခြင်းက ယင်းကို အဓိက ကူးစက်ဖြစ်ပွားမှုများတွင် ဖြန့်ကျက်သွားနိုင်သည့် သဘောရှိနေသည်။

တရုတ် ဗိုလ်ချုပ် ချန် ထုတ်လုပ်ခဲ့ပြီး အလုံးအရင်းဖြင့် ထုတ်လုပ်မှုပိုင်းသို့ မသွားခဲ့ရသည့် အီဘိုလာ ကာကွယ်ဆေးတစ်မျိုးအပေါ်တွင် ယခုကာကွယ်ဆေးကို အခြေခံထားခြင်း ဖြစ်သည်။

ယခုအခါ ကမ္ဘာတဝန်း လူပေါင်း ၁၀ သန်းကျော် ကူးစက်ခံထားရပြီး လူပေါင်း ငါးသိန်းကျော် သေဆုံးခဲ့ပြီးဖြစ်သည့် ကိုရိုနာဗိုင်းရပ်စ်အတွက် ကုသကာကွယ်နိုင်မည့် နည်းလမ်းတစ်ခုကို သိပ္ပံပညာရှင်များ ကြိုးပမ်းရှာဖွေနေကြလျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly