ထရမ့်ကို ဖမ်းဝရမ်းထုတ်ရန် အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ကို အီရန်အကူအညီတောင်း

ထရမ့်ကို ဖမ်းဝရမ်းထုတ်ရန် အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ကို အီရန်အကူအညီတောင်း

ဇွန် ၂၉

အီရန်သည် ဘဂ္ဂဒက်တွင် ၎င်းတို့၏ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီး ကာဆမ်ဆိုလေမာနီအား မောင်းသူမဲ့ဒရုန်းဖြင့် သတ်ဖြတ်ခဲ့သော အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့်အခြားတာဝန်ရှိသူများကို ထိန်းသိမ်းရန်နှင့် ဖမ်းဝရမ်းထုတ်ပေးရန် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ Interpol ကို အကူအညီတောင်းခံလိုက်သည်။

ထရမ့်နှင့် အခြားသော တာဝန်ရှိသူ ၃၀ ကျော်တို့သည် ဇန်နဝါရီ ၃ ရက်က ဆိုလေမာနီလုပ်ကြံခံရမှုတွင် ပါဝင်ပတ်သက်ခဲ့ကြောင်းနှင့် လူသတ်မှု၊ အကြမ်းဖက်မှုစွဲချက်များဖြင့် ရင်ဆိုင်ရမည်ဟု  တီဟီရန် အစိုးရရှေ့နေ Ali Alqasimehr က ပြောသည်ဟု  ISNA သတင်းဌာနတွင် ဖော်ပြထားသည်။

Alqasimehr သည် Trump မှလွဲ၍ အခြားသူများကို ထုတ်ဖော်မပြောဆိုခဲ့သော်လည်း အီရန်သမ္မတသည် ၎င်းသမ္မတသက်တမ်းကုန်ဆုံးပြီးနောက်၌ပင် တရားစွဲဆိုမှုဆက်လက်လုပ်ဆောင်သွားမည်ဟု အလေးထားပြောကြားခဲ့သည်။ အဆိုပါပြောကြားချက်ကို Interpol က တစ်စုံတစ်ရာမတုံ့ပြန်ခဲ့ပေ။

အီရန်က ထရမ့်နှင့်အပေါင်းအပါများအတွက် Interpol အနေဖြင့် အမြင့်ဆုံးသတိပေးချက်ဖြစ်သည့် အနီရောင်သတိပေးချက် ထုတ်ပြန်ရန် တောင်းဆိုထားသည်။

အနီရောင်သတိပေးချက်အရဒေသခံအာဏာပိုင်များသည် တောင်းဆိုသည့်နိုင်ငံကိုယ်စား ဖမ်းဆီးမှုပြုနိုင်သည်။ ထိုသတိပေးချက်သည် သံသယရှိသူကို ကျူးလွန်ရာတိုင်းပြည်သို့တရားခံလွှဲရန်  သို့မဟုတ် ဖမ်းဆီးရန် နိုင်ငံများအား တွန်းအားပေး၍မရသော်လည်း ထိုသူ၏အသွားအလာကို ကန့်သတ်နိုင်သည်။   ထိုသို့တောင်းဆိုမှုခံရပြီးလျှင်  Interpol သည် ထိုသတင်းအား အဖွဲ့ဝင်နိုင်ငံများအကြား ဝေမျှသင့် / မသင့်ကို ကော်မတီနှင့်ဆွေးနွေးကြသည်။ အချို့က ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်သော်လည်း Interpol အနေဖြင့် အများပြည်သူအားအသိပေးရန် မလိုအပ်ပေ။

နိုင်ငံရေးသဘောသဘာဝ၏ လှုပ်ရှားမှုများ သို့မဟုတ် စွက်ဖက်မှုများကို ဆောင်ရွက်ခြင်းမှတားမြစ်ထားသော စည်းမျဉ်းအရ Interpol သည် အီရန်၏တောင်းဆိုမှုကို သဘောတူဖွယ်မရှိပေ။

အမေရိကန်သည် အီရန်တော်လှန်ရေးအစောင့်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီးဆိုလေမာနီကို ဇန်နဝါရီလက ဘဂ္ဂဒက်လေဆိပ်အနီးတွင် လုပ်ကြံခဲ့ခြင်းဖြစ်သည်။ အမေရိကန်နှင့်အီရန်အကြား ဆက်ဆံရေး တင်းမာလာပြီးနောက် ထိုလုပ်ကြံမှုဖြစ်ပေါ်လာပြီး အီရန်သည် လက်စားချေသည့်အနေဖြင့် အီရတ်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို ဒုံးကျည်များဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly