နံနက် ၆နာရီ မတိုင်မီ မဲရုံရှေ့ အရောက်သွားပြီး မဲပေးမည့် ဒါရိုက်တာ ကြည်ဖြူသျှင်

နံနက် ၆နာရီ မတိုင်မီ မဲရုံရှေ့ အရောက်သွားပြီး မဲပေးမည့် ဒါရိုက်တာ ကြည်ဖြူသျှင်

ရန်ကုန်၊ နိုဝင်ဘာ ၇ ။          ။ ဒါရိုက်တာ ကြည်ဖြူသျှင်သည် နိုဝင်ဘာ ၈ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် နံနက် ၆နာရီ မတိုင်ခင် ကတည်းက ၎င်းနေထိုင်သည့် ကျောက်တံတားမြို့နယ်ရှိ မဲရုံရှေ့ကို သွားရောက်ကာ မဲသွားပေးမည်ဟု ဒါရိုက်တာ ကြည်ဖြူသျှင်က မဇ္ဈိမကို ပြောသည်။

"ကျွန်မတို့ နှစ်ပေါင်းများစွာ ဒီလိုနေ့ကို ရဖို့ စောင့်ခဲ့ပြီးပါပြီ၊ အမေစုလည်း နှစ်ပေါင်း ၂၅နှစ်လောက် တယောက်တည်း ခါးစည်းခံခဲ့ပြီးပါပြီ။ ဒီတရက်တော့ ကျွန်မတို့ နိုင်ငံအတွက် ကျွန်မတို့ လူမျိုးတွေအတွက် ကျွန်မတို့တွေ လုပ်ကြရမယ်။ မဲပေးကြရမယ်။ အရေးကြီးပါတယ်။ အာဏာရှင်ပြုတ်ထွက်ဖို့ဆိုတာ အားလုံး ညီညွတ်မှရမယ်" ဟု နိုဝင်ဘာ ၇ရက်က သူ၏ ဖေ့ဘုတ်စာမျက်နှာတွင် ရေးသားထားသည်။

နိုဝင်ဘာ ၈ရက်တွင် ကျင်းပ ပြုလုပ်မည့် ရွေးကောက်ပွဲတွင် မဲထည့်ကြမည့် သူများ အတွက် ပါတီ နှင့် သက်ဆိုင်သည့် စတစ်ကာများ ကပ်မသွားရန်၊ Logo များ ယူမသွားရန်၊ တံဆိပ်တုံး ထုသည့် အခါတွင် တံဆိပ်တုံး အတိုင်း တစ်ချက်ထဲ ထုရန်၊ မဲရုံမှူး လက်မှတ် ပါမပါ စစ်ရန် စသည့် အချက်များ ဂရုစိုက် စေလိုကြောင်း ဒါရိုက်တာ ကြည်ဖြူသျှင်မှ သတိပေး ပြောကြားသည်။

"မနက်ဖြန်မှာ မဲထည့်မယ့် သူတွေ လည်း အရေးကြီးတာက ဖုန်းတွေမှာ ပါတီရဲ့ စတစ်ကာတွေ ကပ်ထားရင် ခွာသွားပါ။ ပြီးတော့ တချို့ မိန်းကလေးတွေ့က လက်သည်းမှာ ပုံဖော်ထားတာတွေရှိတယ်။ အဲဒါတွေ ဖျက်သွားပါ။ မနက်ဖြန် မဲသွားရင် ကိုယ့်ကိုကိုယ် ခြေဆုံးခေါင်းဆုံး သေချာကြည့်ပြီးမှသွားပါ။ အဲတာ တစ်ခုတော့ အမ စိုးရိမ်တယ်" ဟု ပြောသည်။

ဒါရိုက်တာ ကြည်ဖြူသျှင် အပါအဝင် အနုပညာရှင် တချို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေး အတွက် မြို့ပေါင်း ၁၃မြို့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီအတွက် လှုံ့ဆော်ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly