ကုမ္ပဏီများက ဖေ့ဘုတ်ကြော်ငြာကို သပိတ်မှောက်၍ မက်ဇူကာဘတ် ဒေါ်လာ ၇ ဘီလီယံကျော် ဆုံးရှုံး

ကုမ္ပဏီများက ဖေ့ဘုတ်ကြော်ငြာကို သပိတ်မှောက်၍ မက်ဇူကာဘတ် ဒေါ်လာ ၇ ဘီလီယံကျော် ဆုံးရှုံး

ဇွန် ၂၇

ဖေ့ဘုတ်ပေါ်တွင် ကုမ္ပဏီများက ကြော်ငြာများကို တစ်ပြိုင်တည်းလိုပင် မတင်ကြတော့ရာ တည်ထောင်သူ မက်ဇူကာဘတ်သည် အမေရိကန်ဒေါ်လာ ၇ ဒသမ ၂ ဘီလီယံ ဆုံးရှုံးနစ်နာခဲ့သည်။

ဖေ့ဘုတ်ပေါ်တွင် ကြော်ငြာခြင်းကို ကုမ္ပဏီများက သပိတ်မှောက်ကြရာတွင် ကမ္ဘာအကြီးဆုံး ကြော်ငြာလုပ်ငန်းများမှ တစ်ခုဖြစ်သည့် Unilever သည်လည်း ပါဝင်လာခဲ့ပြီးနောက် သုံးလအတွင်းမှာ အများဆုံးအဖြစ် ဖေ့ဘုတ်၏ ရှယ်ယာများသည် သောကြာနေ့က ၈ ဒသမ ၃ ရာခိုင်နှုန်း ထိုးကျသွားသည်။ ယခုနှစ်၌ ဖေ့ဘုတ်တွင် ငွေကြေးသုံးစွဲနေခြင်းကို ရပ်တန့်မည်ဟု Unilever က ပြောခဲ့သည်။

ထိုသို့ ရှယ်ယာဈေး ကျဆင်းခြင်းကြောင့် ဖေ့ဘုတ်၏ ဈေးကွက်တန်ဖိုးမှ ဒေါ်လာ ၅၆ ဘီလီယံ ဆုံးရှုံးပြီး မက်ဇူကာဘတ်၏ ကြွယ်ဝချမ်းသာမှုသည် ဒေါ်လာ ၈၂ ဒသမ ၃ ဘီလီယံသို့ ကျဆင်းသွားကြောင်း ဘရွန်းဘတ်ဂ် ဘီလျှံနာသူဌေးကြီးများ အညွှန်းကိန်းအရ သိရသည်။ ထိုအတွက် မက်ဇူကာဘတ်သည် ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးများစာရင်းတွင် တစ်ဆင့်လျှော့ပြီး အဆင့်လေးနေရာသို့ ရောက်ခဲ့သည်။

၎င်း၏ နေရာတွင် တန်ဖိုးကြီး လက်ကိုင်အိတ်များ ထုတ်လုပ်သည့် Louis Vuitton ကုမ္ပဏီ၏ သူဌေးဖြစ်သူ ဘားနက်အာနောက်က ဝင်ရောက်နေရာယူခဲ့ပြီး ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး သုံးဦးအဖြစ် ဂျက်ဘီဇို့နှင့် ဘီလ်ဂိတ်တို့နှင့်အတူ ရပ်တည်လာခဲ့သည်။

ဖေ့ဘုတ်သည် ၎င်း၏ ပလက်ဖောင်းတွင် ရဲအမုန်းပွားစကားများနှင့် သတင်းမှားများကို သင့်တင့်စွာ တားဆီးနိုင်ခြင်း မရှိဟု ဝေဖန်သူများက ပြောဆိုကြပြီးနောက် Verizon Communications Inc. မှသည် Hershey Co. အထိ ကုမ္ပဏီများက ယင်း လူမှုမီဒီယာတွင် ကြော်ငြာများ ရပ်ခဲ့ကြသည်။ Coca Cola Co. ကလည်း လူမှုမီဒီယာ ပလက်ဖောင်းအားလုံးတွင် အခပေးကြော်ငြာများကို အနည်းဆုံး ရက် ၃၀ ရပ်မည်ဖြစ်ကြောင်း ပြောသည်။

ဖေ့ဘုတ်ပေါ်က သတင်းမှားများနှင့် ပတ်သက်ကာ ဝေဖန်မှုများ ကြီးထွားလာသည်ကို သောကြာနေ့၌ မက်ဇူကာဘတ်က တုံ့ပြန်ရာတွင် ကုမ္ပဏီသည် မဲဆွယ်ခြင်းနှင့် ပတ်သက်သော ပို့စ်အားလုံးကို အမှတ်တံဆိပ်ကပ်သွားမည်ဖြစ်ကြောင်း ကြေညာသည်။ ဖေ့ဘုတ်သည် အမုန်းတရား တားဆီးရေးနှင့် ပတ်သက်သည့် အနက်အဓိပ္ပာယ်ကိုလည်း ထပ်ချဲ့ခဲ့ပြီး အန္တရာယ် ဖြစ်စေနိုင်သည်ဟု သတ်မှတ်လျှင် မည်သည့် ကြော်ငြာစည်းရုံးမှုမျိုးကိုမျှ ခွင့်ပြုမဟုတ်ကြောင်း ဆိုထားသည်။

“ချမှတ်ထားတဲ့ မူဝါဒတွေမှာ နိုင်ငံရေးသမားတွေအတွက် ခြွင်းချက်ပေးထားတာ မရှိဘူးဆိုတာ ကျွန်တော် ဒီကနေ ကြေညာပါတယ်။”ဟု မတ်ဇူကာဘတ်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly