အဖျက်ဆီးခံ သမိုင်းဝင်ဂျူဗလီဟော နှင့် အကျိုးစီးပွားအတွက် Y-Complex

အဖျက်ဆီးခံ သမိုင်းဝင်ဂျူဗလီဟော နှင့် အကျိုးစီးပွားအတွက် Y-Complex

ဇွန် ၂၇

ဒီနှစ်သင်္ကြန်ဟာ ကိုဗစ်-၁၉ ရောဂါဆိုးကြောင့် ကျင်းပခွင့်မရလိုက်တဲ့အတွက် လူထုအတွက် စိတ်ပျက်စရာ ဖြစ်ကြရမှာ သေချာပါတယ်။ မကျင်းပဖြစ်တဲ့ သင်္ကြန်ကာလမှာ မထင်မှတ်ဘဲ ကြားလိုက်ရတဲ့ သတင်းတပုဒ်ကြောင့် ကျနော်တို့ပြည်သူတွေ ပိုစိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။ အဲဒီသတင်းကတော့ ရွှေတိဂုံဘုရားအနီးမှာရှိတဲ့ အရင် စစ်သမိုင်း ပြတိုက်နေရာမှာ အဆင့်အတန်း မြင့် ဟိုတယ်နဲ့ ရုံးခန်းတွေပါဝင်မယ့် ဆောက်လုပ်ရေးစီမံကိန်း တစ်ခုကို မကြာခင်စတင် တည်ဆောက် တော့မှာ ဖြစ်တယ်ဆိုတဲ့ သတင်းပါပဲ။

ဒီစီမံကိန်းကို Y-Complex Project လို့ နာမည်ပေးထားပြီး အကောင်အထည်ဖော်တည် ဆောက်ကြမယ့် ကုမ္ပဏီတွေကတော့ ဂျပန်နိုင်ငံက ဖူဂျီတာကော်ပိုရေးရှင်း ၊ တိုကျိုတာတီမိုနိုကုမ္ပဏီ ၊ ဂျပန်အစိုးရနဲ့ ပုဂ္ဂလိကစီး ပွားရေး လုပ်ငန်း ပူးပေါင်းတည်ထောင်ထားတဲ့ ဂျပန်ပင်လယ် ရပ်ခြားအခြေခံအဆောက်အအုံရင်းနှီးမြှပ်နှံရေး ကော်ပိုရေးရှင်း၊ မြန်မာဘက်က ရန်ကုန်နည်းပညာ နှင့် ကုန်သွယ်ရေးကုမ္ပဏီ (YTTC) တို့ပဲ ဖြစ်ပါတယ်။
    
စီမံကိန်းမြေနေရာဟာ ကိုးဧကကျယ်ဝန်းတဲ့ မြေကွက်လပ်ပေါ်မှာတည်ရှိပြီး လတ်တလော စီမံကိန်းအတွက် လေးဧက ကို အသုံးချထားပြီး ဖြစ်ပါတယ်။ YTTC က မြေနေရာကို စစ်ထောက်ချုပ် ရုံး နှင့် ကာကွယ်ရေးဦး စီးချုပ်(ကြည်း)ရုံးတို့ကနေ တိုက်ရိုက်ဌားရမ်းထားတာဖြစ်တယ်လို့ Myanmar Now သတင်းဌာနက ဖော်ပြထားပါတယ်။ ဒီမြေနေရာရဲ့ ရာဇဝင်ကို သေချာပြန်လည်ဆန်းစစ် ကြည့်တဲ့အခါ စစ်သမိုင်းပြတိုက်မ တည်ဆောက်ခင်အရင်က ဒီနေရာဟာ သမိုင်းဝင်ဂျူဗလီဟောနေ ရာ ဖြစ်ခဲ့ပါတယ်။
 
ဂျူဗလီဟောဆိုတဲ့ အဆောက်အဦကို ဗိုလ်နေဝင်းလက်ထက် ၁၉၈၅ ခုနစ်မှာ  ဖြိုချဖျက်ဆီး လိုက်တာဖြစ်တဲ့အတွက် အသက် ၃၀ ၊ ၄၀ နားကပ်နေပြီဖြစ်တဲ့ ကျွန်တော်တို့မျိုးဆက်တွေ အပါအဝင် နောက်ပိုင်း လူငယ်မျိုး ဆက်တွေ မတွေ့လိုက်ရ ၊ မမြင်လိုက်ရ မသိမှီလိုက်ရပါဘူး။ ဒါပေမယ့် စာဖတ် ဝါသနာပါပြီး သမိုင်းဆိုင်ရာ စာအုပ်စာတမ်းတွေ လေ့လာဖတ်ရှုတဲ့ ကျောင်းသား/သူတွေ ၊ လူငယ် လူရွယ်တွေအနေနဲ့ ဂျူဗလီဟောဆိုတဲ့ နာမည်ကိုကြားဖူးနေကြမှာ အသေအချာပါ။ အထူးသဖြင့် ကျောင်းသားသမဂ္ဂမှာ ပါဝင်ဆောက်ရွက်ဖူးကြတဲ့ ရဲဘော်၊ရဲဘော်မတွေ ဆိုရင်တော့ ဂျူဗလီဟော ဆိုတာနဲ့  ၁၉၃၆ ခုနှစ် မေလ ၈ ရက်နေ့မှာ ပထမဆုံးအကြိမ် ဗကသညီလာခံကျင်းပခဲ့တဲ့ သမိုင်းဝင်းအဆောက်အဦ ဆိုတဲ့ အချက်ကို ဦးနှောက်ထဲမှာ စွဲထင်သိမ်းဆည်းထားကြသူများ ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
 
 ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ရဲ့ သမိုင်းမှာ အရေးအပါဆုံး အဆောက်အဦးနှစ်ခုကို ဗိုလ်နေဝင်း လက်ထက် ဖြိုချဖျက်ဆီးပစ်ခဲ့ပါတယ်။ ပထမတစ်ခုကတော့ ၁၉၆၂ ဆဲဗင်းဇူလိုင် အရေးတော်ပုံမှာ ကျောင်းသား ပေါင်းရာကျော်စတေးပြီး အသက်စွန့်ကာကွယ်ခဲ့ပေမယ့် ဒိုင်းနမိုက်နဲ့ ဖြိုခွဲပစ်ခဲ့လို့ အုတ်ပုံဘဝရောက်ခဲ့ရတဲ့ တကသ အဆောက်အအုံ ဖြစ်ပါတယ်။ အဲဒီ တကသ အဆောက်အအုံဟောင်း နေရာဟာ ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာပဲရှိတဲ့အတွက် ကျောင်းသားမျိုးဆက်အသီးသီးက ခွပ်ဒေါင်းအလံကို လက်ဆင့်ကမ်း လွှဲပြောင်းရယူပြီး ယနေ့အထိ ကာကွယ်နေကြဆဲ ဖြစ်ပါတယ်။ အင်္ဂလိပ်ခေတ် ရန်ကုန်မြူနီ  စပယ်ဘက်က ပိုင်ဆိုင်ခဲ့တဲ့ ဂျူဗလီဟော အဆောက်အအုံဟာဆိုရင်လည်း ဗကသ ပထမဆုံးညီလာခံကျင်းပခဲ့ရာနေရာဖြစ်လို့ ကျောင်းသားထုအနေနဲ့ သမိုင်းတန်ဖိုးအရ ထိန်းသိမ်းထားရှိပြီး စောင့်ရှောက်သင့်တဲ့နေရာ တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ၁၉၈၅ မှာ  ဂျူဗလီဟောကို ဖြိုချပစ်ခဲ့တာကို ကျနော်တို့ ကျောင်းသားနဲ့ ပြည်သူတွေ လုံးဝ မတားဆီးနိုင်ခဲ့ကြပါဘူး။ ဂျူဗလီဟောဟာ ဗမာပြည်နယ်ချဲ့ဆန့် ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေး ၊ ခေတ်ပြိုင်နိုင်ငံရေးသမိုင်းနဲ့ ခွဲခြားမရအောင် ဆက်စပ်နေတဲ့ အဆောက်အဦတစ်ခုဖြစ်ပါတယ်။ သမိုင်းတန်ဖိုးကို လုံးဝနား မလည်တဲ့အပြင် ပြည်သူလူထုရဲ့ ရုန်းကန်လှုပ်ရှားမှုသမိုင်းကို ဖျောက်ဖျက်ဖုံးဖိဖို့ အစဉ်တစိုက်ကြိုးပမ်းလေ့ရှိတဲ့ သူတွေဟာ သမိုင်းရဲ့ နှလုံးအိမ်ထဲက ဂျူဗလီဟောကို သွေးစိမ်းရှင်ရှင်ထွက်အောင် ရက်ရက်စက်စက် ဆွဲဖြုတ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။
 
ဂျူဗလီဟောကို ဗြိတိသျှအင်ပါယာကို စိုးစံနေတဲ့ အင်္ဂလန်ဘုရင်မ ဝိတိုရိယ ရဲ့ နန်းသက် စိန်ရတုသဘင် အထိမ်း အမှတ်အဖြစ် တည်ဆောက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီအခါတုံးက ဂျူဗလီဟော မှာ အစိုးရပိုင်းက ပွဲလမ်းသဘင်အခမ်းအနားတွေ ကျင်းပရုံသာမက ပြည်သူလူထုပိုင်းကလည်း အခမ်းအနားတွေ၊ အစည်းအဝေးတွေ၊ ပွဲလမ်းသဘင်တွေအတွက် ငှားရမ်း အသုံးပြုခွင့်ရခဲ့ပါသည်။ ဦးဘဘေတို့ ဦးစီးပြီး တည်ထောင်တဲ့ ဝိုင်အမ်ဘီအေ(ခေါ်) ဗုဒ္ဓဘာသာကလျာဏယုဝ အဖွဲအနေနဲ့ ဂျူဗလီဟောမှာ အရေးပါတဲ့အစည်းအဝေးတွေကျင်းပပြီး အမျိုးသားရေးဆိုင်ရာဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြတာ ဖြစ်ပါ တယ်။ အိန္ဒိယနိုင်ငံအတွင်းက ဗမာပြည်ကိုခွဲထုတ်ဖို နိုင်ငံရေးဆုံးဖြတ်ချက်ချမှတ်ပြီး အင်္ဂလန်ကို အရေးဆိုဖို့ ကြိုးပမ်းခဲ့တဲ့ လှုပ်ရှားမှုမှာ  ဂျူဗလီဟောအစည်းအဝေးတွေက သန္ဓေတည်လာခဲ့တာဖြစ်ပါတယ်။ ပဲခူး ရွှေမော်ဓောဘုရားပေါ် ဖိနပ်စီးပြီး တက်ခဲ့တဲ့ ဘုရင်ခံဆာရယ်ဂျီနယ်ကရက်ဒေါက်ကို အကြောင်းပြုပြီး ဗုဒ္ဓဘာသာ သာသနိက အဆောက်အအုံတွေပေါ်ကို  အနောက်တိုက်သားတွေ ဖိနပ်စီးပြီးမတက်ဖို့ ကန့်ကွက်လှုပ်ရှားတဲ့ ဆုံးဖြတ်ချက်တွေကိုလည်း ဂျူဗလီဟောအတွင်းမှာပဲ ချမှတ်ခဲ့တာဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ်စဖွင့်လှစ်ပြီးတဲ့နောက် ပထမဆုံးအကြိမ် ကျင်းပခဲ့တဲ့ ဘွဲ့နှင့်သဘင်အခမ်းအနား ကိုလည်း ဂျူဗလီဟောမှာပဲ ကျင်းပခဲ့တာဖြစ်ပါတယ်။ အဲဒီတုံးက ရန်ကုန် တက္ကသိုလ်ထဲမှာ ဘွဲ့နှင်းသဘင်ခန်းမ မတည်ဆောက်ရသေးတဲ့အတွက် ၁၉၂၁ ခုနှစ် နိုဝင်ဘာ ၂၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ပထမဆုံးဘွဲ့အပ်နှင်းတဲ့ အခမ်းအနားကို ဂျူဗလီဟောမှာပဲ ကျင်းပခဲ့တာပါ။ မှတ်မှတ်ရရဆိုလျှင် အဲဒီ အခမ်းအနားမှာ လယ်တီ ဆရာတော်ကြီးကို ဒီလစ် (စာပေပါရဂူ) ဘွဲ့ကို အပ်နှင်းခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ ငယ် တုံးက  သမိုင်းဘာသာရပ် မှာ သင်ခဲ့ရတဲ့ ဖေပုရှိန် (ခေါ်) ဦးဘဖေ ၊ ဦးပု ၊ ဦးထွန်းရှိန် တို့ အင်္ဂလန်သွားပြီး လွတ်လပ်ရေးအတွက် အရေးဆို ကြတုံးက ဆန့်ကျင်ဘက်အသင်းဖြစ်တဲ့ တူ၊သာ၊သင်း ( ဦးဘတူ၊ ဆာဘိုးသာ၊ ဦးသင်း) တို့ဘက်က ကန့်ကွက်တဲ့ အစည်းအဝေးကို ဂျူဗလီဟောမှာ ခေါ်ယူခဲ့ကြသလို ဖေပုရှိန်တို့ကို တခဲနက် ထောက်ခံအားပေးတဲ့ ပြည်သူလူထုဘက်က အစည်းအဝေးကြီးတစ်ရပ်ကိုလည်း ဂျူဗလီဟောမှာပဲ တက်တက် ကြွကြွကျင်းပ ဆောင်ရွက်ခဲ့ခြင်းမျိုး ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ဝိုင်အမ်ဘီကနေ တိုးတက်ပြောင်းလဲလာခဲ့တဲ့ အသင်းကြီးတစ်ခုဖြစ်တဲ့ ဂျီစီဘီအေဟာ ပိုနိုင်ငံရေး ဆန်လာတဲ့အပြင် အိန္ဒိယနိုင်ငံရေးပါတီဖြစ်တဲ့ ကွန်ကရက်ပါတီကို အတုယူပြီး ဗမာပြည်မှာ နိုင်ငံရေးပါတီ အသွင်ဆောင် ကြိုးပမ်းအားထုတ်နိုင်ခဲ့တဲ့ အသင်းအဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။ ဂျီစီဘီအေအသင်းကြီးအနေနဲ့ ဂျူဗလီဟောမှာ ကျင်းပ ခဲ့တဲ့ အစည်းအဝေးတွေမှာ ဒိုင်အာခီစနစ်ကို ဆန့်ကျင်သပိတ်မှောက်ပြီး ရွေးကောက်ပွဲမဝင်ဖို့ ဆုံးဖြတ်ခဲ့သလို ဟုမ်းမ်ရူး (Home Rule) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို တောင်းဆိုဖို့ တိုင်ပင်ဆွေးနွေးခဲ့ကြပါတယ်။ ရခိုင်တိုင်းရင်းသားဖြစ်တဲ့ ဆရာတော် ဦးဥတ္တမလည်း ဂျူဗလီဟောအတွင်းကနေပြီး ဘုရင်ခံ ကရက်ဒေါက် အင်္ဂလန်သို့ ထွက်သွားဖို့၊ ဟုမ်းမ်ရူး ရရှိဖို့ မကြောက်တမ်းတိုက်ပွဲဝင်ဖို့ ၊ ကြောက်မွှေးပါ ဇာဂနာနှင့် နုတ်ပစ်ဖို့ စသဖြင့် မိန့်ခွန်းတွေပြောဆိုခဲ့ဖူးပါတယ်။
    
တက္ကသိုလ်ကျောင်းသားတွေ စတင်သပိတ်မှောက်ခဲ့ကြတဲ့ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် တညီတညွတ်တည်း အသိအမှတ်ပြုခဲ့ကြတဲ့ ဆုံးဖြတ်ချက်ကိုလည်း ဂျီစီဘီအေအသင်းကြီးက ဂျူဗလီဟော အစည်းအဝေးမှာပဲ  ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဂျူဗလီဟောမှာ နိုင်ငံရေး ၊ ဘာသာရေး၊ လူမှုရေး ၊ စီးပွားရေး အခမ်းအနားတွေသာမက အနုပညာနဲ့ သက်ဆိုင်တဲ့ ပွဲလမ်းတွေ ၊ ပြည်ပကနေ လာရောက်ကြတဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေကို ဂုဏ်ပြုဧည့်ခံပွဲတွေလည်းကျင်းပခဲ့ကြပါတယ်။ ဘင်္ဂလီနွယ်ဖွား ကမ္ဘာ့စာဆိုကျော် ရာဘင်ဒြာနတ်တဂိုး ဗမာပြည်လာတုံးက ဂျူဗလီဟောမှာ ကြိုဆိုဂုဏ်ပြုပွဲ လုပ်ခဲ့ပြီး တဂိုးကိုယ်တိုင် မိန့်ခွန်းပြော ခဲ့ပါတယ်။ အိန္ဒိယကွန်ဂရက်ပါတီခေါင်းဆောင် မဟတ္တမဂန္ဒီလည်း ဗမာပြည်ကိုလာရောက်လည်ပတ်ခဲ့တဲ့ အတောအတွင်း ဂျူဗလီဟောမှာ လူထုတွေ့ဆုံပွဲပြုလုပ်ခဲ့တာကိုလည်း မှတ်တမ်းတွေအရ သိရပါတယ်။ ဂျဝါဟာလာနေရူး ဗမာပြည်လာစဉ်ကလည်း ဂျူဗလီဟောမှာ တရားနှစ်ကြိမ် ဟောခဲ့ဖူးပါတယ်။

တို့ဗမာအစည်းအရုံး၊ ဗမာထွက်ရပ်ဂိုဏ်း ၊ ဖဆပလအဖွဲ့ချုပ်၊ ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ အစရှိတဲ့ နိုင်ငံရေးဘက်တွင် ဒိတ်ဒိတ်ကြဲဆိုရမယ့် အသင်းအဖွဲ့ကြီးတွေအားလုံးဟာ ဂျူဗလီဟောနဲ့ ကင်းတယ် ရယ်လို့ မရှိပါဘူး။  အသင်းအဖွဲ့တိုင်းလိုလို ၎င်းတို့ရဲ့ အစည်းအဝေးတွေ၊ ညီလာခံတွေ ၊ ဧည့်ခံပွဲတွေ ၊ လူထုတွေ့ဆုံပွဲ ၊ နှီးနှောဖလှယ်ပွဲ ၊ မျက်နှာစုံညီ တွေ့ဆုံပွဲတွေကို ဂျူဗလီဟောမှာ ကျင်းပဖူးခဲ့ကြတာချည်းပါပဲ။
 
လွတ်လပ်ရေးကြိုပမ်းတဲ့ကာလအတွင်း မသမာသူတွေလက်ချက်နဲ့ ကျဆုံးခဲ့တဲ့ အာဇာနည်ခေါင်းဆောင်  ကိုးဦးရဲ့ ရုပ်အလောင်းတွေကိုလည်း ဂျူဗလီဟောမှာ ဈာပနာကော်မတီက ခြောက်လထားဖို့ ဆုံးဖြတ်ပြီး ပြည်သူတွေ ကို ပြသဖို့ စီစဉ်ခဲ့ ရပါတယ်။ တိုင်းပြုပြည်ပြုလွှတ်တော်ခေါ်ရေး ပဏာမဆွေးနွေးပွဲကို ဂျူဗလီဟောခန်းမထဲမှာကျင်းပပြီး ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း တင်သွင်းရေးဆွဲခဲ့ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် ဝန်ကြီးတွေဟာ လုပ်ကြံခံလိုက်ပြီးနောက် ဂျူဗလီဟောမှာပဲ လဲလျောင်းနေခဲ့ကြရပါတယ်။ တိုင်းပြည်ရဲ့ ကံကြမ္မာက ပြည်သူလူထုအပေါ် ရက်စက်စွာ လှောင်ပြုံးပြုံးနေခဲ့မယ်လို့ ယူဆမိ ပါတယ်။

ကံကြမ္မာဂြိုလ်ဆိုးဝင်မွှေပြီးနောက် ပြည်တွင်းက နိုင်ငံရေးအင်အားစုတွေအကြား စည်းလုံးညီညွတ်ရေး ပြိုကွဲလာပြီး ပြည်တွင်းစစ်မီး စတင်တောက် လောင်လာခဲ့ပါတယ်။ အဲဒီပြည်တွင်းစစ်မီးကို အမြန်ဆုံးငြိမ်းသတ်နိုင်ဖို့ ရည်ရွယ်ပြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်းအမှူးပြုတဲ့ ပြည်တွင်းငြိမ်းချမ်းရေးလိုလားသူတွေက ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီ ကော်မတီဟာ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက်နဲ့လည်း ဆက်သွယ်ချိတ်ဆက် ထားနိုင်ခဲ့တဲ့အဖွဲ့အစည်းတစ်ရပ်ဖြစ်လာပါတယ်။ ပြည်တွင်းလက်နက်ကိုင်တိုက်ပွဲများ အမြန်ဆုံး ရပ်စဲရေး ၊ ဗမာပြည်စစ်တလင်းမဖြစ်ရေးနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် တောင်းဆိုလှုပ်ရှားကြမယ့် အဆိုတွေကို ယင်းကော်မတီရဲ့ ပထမအကြိမ်အစည်းအဝေးကျင်းပခဲ့ရာ ဂျူဗလီဟောမှာ တင်သွင်း ပြီး အလေးအနက်ဆွေးနွေးဆုံးဖြတ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ အဲဒီ ကော်မတီ အစည်းအဝေးဟာ ဂျူဗလီဟောကို ပြည်သူ့ ဘက်က နောက်ဆုံးအသုံးပြုခဲ့ရတာဖြစ်ပါတယ်။
    
၁၉၅၂ခုနစ်မှာ ဂျူဗလီဟောကို မြူနီစပယ်လက်အောက်ကနေ အစိုးရလက်အောက်ကို လွဲပြောင်းရယူပြီး ဖဆပလအစိုးရ ယဉ်ကျေးမှုဝန်ကြီးဌာနမှ ရှေးဟောင်းအနုပညာလက်ရာပြပွဲတွေ ၊ ယဉ်ကျေးမှုပြပွဲတွေ ကျင်းပတဲ့ နေရာဖြစ်လာခဲ့ပါတယ်။ အမျိုးသားပြတိုက်နဲ့ အမျိုးသားစာကြည့်တိုက်တို့ကိုလည်း ဂျူဗလီဟောမှာ ယာယီဖွင့်လှစ်ခဲ့တာလည်း ဖြစ်ပါတယ်။ နောက်ပိုင်းအမျိုးသားပြတိုက်နဲ့ စာကြည့်တိုက်တွေ ကိုယ်ပိုင်နေရာအသီးသီး ပြောင်းရွေ့သွားတဲ့အခါ ယဉ်ကျေးမှုပြဇာတ်ရုံ အဖြစ် ပြောင်းလဲပြီး ဂျူဗလီဟောမှာ ပြဇာတ်တွေကပြခဲ့ကြပါတယ်။

၁၉၈၅ခုနစ်မှာ သမိုင်းဝင်ဂျူဗလီဟော မူလအဆောက်အအုံကို လုံးဝဖြိုချပစ် လိုက်ပြီး အဲဒီနေရာမှာ တပ်မတော်စစ်သမိုင်းပြတိုက်ဆိုတာကို တည်ဆောက်ဖို့ စီမံကိန်းချမှတ် အကောင်အထည်ဖော်ခဲ့ပါတယ်။ မြူနီစပယ်ပိုင်မြေနေရာကနေ အစိုးရပိုင်မြေအဖြစ်ပြောင်းလဲခဲ့ရာက တဆင့် စစ်တပ်ပိုင်မြေအဖြစ် အာဏာအသုံးချပြီး လက်ပြောင်းလက်လွှဲယူခဲ့ကြရုံမက ထိန်းသိမ်းထားရမည့် သမိုင်းဝင်အဆောက်အဦကိုပါ ဖြိုချခဲ့တဲ့ လုပ်ရပ်ကို ကျူးလွန်ခဲ့တာပါ။ ဒီလုပ်ရပ်ဟာ ဂျူဗလီဟော တစ်ခုတည်း ကွက်ပြီး ဖြိုချပစ်ဖို့ ရည်ရွယ်တာထက် ပိုပါတယ်။ ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေ၊ တို့ဗမာအစည်းအရုံး ၊ ဗကသ ၊ ဗမာ့ထွက်ရပ်ဂိုဏ်း ၊ ဖဆပလ ၊ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ရက်(ဗမာနိုင်ငံ) အစရှိတဲ့ သမိုင်းကြောင်း တလျောက် ပြည်သူ့အတွက်တိုက်ပွဲဝင်လှုပ်ရှားခဲ့တဲ့ အဖွဲ့အစည်းအသီးသီးရဲ့ သမိုင်းတွေကို တလက်စတည်း မြှပ်နှံသဂြိုလ်ပစ်ဖို့ အကြံအစည်းဆိုးက ပေါ်လွင်ထင်ရှားလှပါတယ်။

အခုတော့ ပိုလို့တောင် ဆိုးဝါးလွန်းလှပါတယ်။ ဒီနေရာမှာ တည်ဆောက်ထားတဲ့ စစ်သမိုင်းပြတိုက်ကို ပြန်လည်ဖြိုချပြီး ဒေါ်လာ ၃၃၂ သန်းတန် စီမံကိန်းတစ်ခု အကောင်အထည်ဖော်ဖို့ ပြည်တွင်း၊ပြည်ပ စီးပွားရေးလုပ်ငန်း ရှင်တွေကို လက်ညှိုးထိုးရောင်းစားလိုက်ကြပါပြီ။ ဂျပန်အစိုးရ လက်အောက်ခံ အဖွဲ့အစည်းတွေ ၊ ဂျပန်ကုမ္ပဏီတွေကလည်း သမိုင်းဝင် ကျက်သရေဆောင် ရွှေတိဂုံစေတီတော်ရဲ့ အလှကိုဖျက်ဆီး စေနိုင်တဲ့ အထပ်မြင့် အဆောက်အဦ စီမံကိန်းမှာ “ရသာလျှင် ဘနဖူး သိုက်တူးရ တူးရ”ဆိုတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာကို စိတ်မကောင်းစွာ တွေ့မြင်နေရပါတယ်။ ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ ဂျပန်သံမှူးကြီးတို့ တက်ရောက်တဲ့ အစည်းအဝေးတစ်ခုကို ဖေဖော်ဝါရီ ၁၃ ရက်နေ့က ပြုလုပ်တာမှာ Y-Complex Project မှာ ထရန်စဖော်မာတပ်ဆင်ဖို့ကိစ္စ ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ သိရတယ်။ ရန်ကုန်တိုင်းလွှတ်တော်ထဲက ဒေါ်စန္ဒာမင်းရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတော့ အဲဒီ စီမံကိန်းအတွက် မြေအောက်ရေထုတ်ယူသုံးစွဲမှုရှိနေကြောင်း တင်ထားတာကို တွေ့ရပါတယ်။ သူ့အဖို့ ဘာပြဿနာမှ မရှိဘူးလို့ အစချီထားပြီး မြေအောက်ရေသုံးစွဲမှုကို စိုးရိမ်ပူပန်သလို အရိပ်အမြွတ်ပဲ ပြောတာပါ။ ထိထိရောက်ရောက်တားမြစ် ပိတ်ပင်နိုင်ဖို့ ကြိုးစားကြပုံ မရပါဘူး။ ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကလည်း EIA/SIA ဆွေးနွေးပွဲမှာ အထပ်မြင့် အဆောက်အအုံ မူလ ရှစ်ထပ်ကနေ လက်တွေ့တည်ဆောက်တော့ ကိုးထပ်ပြောင်းလဲသွားမှုအပေါ် မေးခွန်းထုတ်ရုံပဲ ထုတ်ခဲ့ပါတယ်။ မိမိ မဲဆန္ဒနယ်အတွင်း သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေပြီး ယဉ်ကျေးမှုအရ ရွှေတိဂုံဘုရားရဲ့ အလှအပကို မြင်ကွင်းတားဆီး ကွယ်ကာသွားမယ့် အဆောက်အအုံဖြစ်လို့ ကန့်ကွက်သင့်ပါလျက်နဲ့ ကန့်ကွက်ခဲ့တာမျိုး ဘယ်သူ တဦးတယောက်ကမျှ ဆောင်ရွက်နေခဲ့တာ မရှိသေးပါဘူး ။ ဒဂုံစီးတီး စီမံကိန်းကာလတုန်းက အုံနဲ့ကျင်းနဲ့ ကန့်ကွက်ကြသူများလည်းပဲ ဒီတစ်ခေါက် မှာ အသံတိတ်နေကြတာကို ထူးထူးဆန်းဆန်း သတိထားမိပါတယ်။

အခြေအနေအရပ်ရပ်ကို ထည့်သွင်းတွက်ချက်ကြည့်တဲ့အခါ Y-Complex Project ဟာ စစ်တပ်နဲ့ပတ်သက်နေတာမို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ရေငုံ့နှုတ်ပိတ် နေတာလည်း ဖြစ်နိုင်ပါတယ်။ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူအဖွဲ့ကတော့ Y-Complex စီမံကိန်းမှ ဝင်ငွေတွေဟာ အရပ်သားအစိုးရ ကြီးကြပ်မှုအောက်မှာမရှိဘဲ မြန်မာတပ်မတော်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အတွက် ငွေကြေးထောက်ပံ့ပေးသလို ဖြစ်နေတယ်လို့ စွပ်စွဲထားပါတယ်။

ရန်ကုန်မှာ မွေးပြီး ရန်ကုန်မှာပဲ တလျောက်လုံးနေထိုင်ကြီးပြင်းလာတဲ့ ကျနော့်အတွက်တော့ ရန်ကုန်ဟာ အမွေအနှစ်တခု၊ သမိုင်းတန်ဖိုးမြင့်မားတဲ့နေရာတစ်ခု ဖြစ်တယ်လို့ ခံစားရပါတယ်။ ဒီလိုဂုဏ်သတင်း ကျော်ကြားတဲ့ ရန်ကုန်မြို့ရဲ့ရှေးဟောင်းသမိုင်းဝင် အဆောက်အဦနေရာတွေကို နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသွားတွေ လာရောက်ကြည့်ရှုဖို့နဲ့ နောင်လာနောင်သားတွေ ဂုဏ်ယူစရာကောင်းအောင် ထိန်းသိမ်းစောင့်ရှောက်သင့်တယ်လို့ ယူဆပါတယ်။ ဖွံ့ဖြိုးရေးစီမံကိန်း အမည်တပ်ပြီး တန်ဖိုးကြီးမားတဲ့နေရာနဲ့ အဆောက်အအုံတွေကို စီးပွားရေး လုပ်ငန်းရှင်တွေလက်ထဲ နှစ်ပေါင်း ၅၀၊ ၆၀ ထိုးရောင်းတဲ့ စီးပွားရေးဗျူဟာကို ပြင်းပြင်းထန်ထန် ကန့်ကွက်ဖို့ လိုအပ်တယ်လို့ ယူဆပါတယ်။ ဖွံဖြိုးရေးစီမံကိန်းကြောင့် ပြည်ပကြွေးမှီတင်နေတဲ့ ဖွံဖြိုးဆဲနိုင်ငံငယ်တွေက ပြည်သူတွေဘဝဟာ ဘာမှထူးခြားပြောင်းလဲလာတာကို မတွေ့ရပါဘူး။  အပေါ်ယံရှပ်ပြီး ကြည့်ရင်တော့ ကျွန်တော်တို့နိုင်ငံဖွံ့ဖြိုးတိုးတက်သယောင်ထင်ရပေမယ့် အတွင်းကျကျမှာ လှိုက်စားနေတဲ့ အရင်းရှင်စီးပွားရေးကဏ္ဍာကြောင့် ပြည်သူ့ဘဝ ပိုမိုစုတ်ပြတ်သပ်နေပြီဖြစ်ကြောင်း သတိထားမိပါတယ်။ အမွေ အနှစ်ဖြစ်တဲ့ ကျက်သရေဆောင်လေးဆူဓါတ်ပုံ ရွေတိဂုံစေတီနဲ့ သမိုင်းကြောင်းကြီးမားတဲ့ ရန်ကုန်မြို့ကို ကြံ့ကြံ့ခံကာကွယ်ရင်း ဆင်းရဲနုံချာလှတဲ့ ပြည်သူတွေဘဝကို ဆင်းရဲတွင်းထဲက ဆွဲတင်ချင်တယ်ဆိုရင်တော့ Y-Complex Project ကို ရန်ကုန်သူ/ရန်ကုန်သားတွေ အပါအဝင် ပြည်သူလူထုတစ်ရပ်လုံးက တခဲနက်ကန့်ကွက်တားဆီးဖို့ လိုအပ်ပါလိမ့်မယ်လို့ ဝေဖန်ထောက်ရှုတင်ပြလိုက် ရပါတယ်။

စာကိုး    -     ဂျူဗလီဟောမြင်ကွင်း ၊ တိုက်စိုး
-    မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်း
-    သတင်းဆောင်းပါး ၊ Myanmar Now

( စာရေးသူ  ကျော်ကိုကိုသည် ဆောင်းပါးများ၊ နိုင်ငံရေးဆိုင်ရာ သုံးသပ်ချက်မှတ်ချက်များ ရေးသားသူဖြစ်သည့်အပြင် သမဂ္ဂကျောင်းသား၊ ကျောင်းသားသမဂ္ဂနှင့် ဒီမိုကရက်တစ်လူ့အဖွဲ့အစည်း စသည့်စာအုပ်များရေးသား ထားသူဖြစ်သည်။)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly