ရေဖြူမြို့ သုံးလောင်းပြိုင် လူသတ်မှု တရားခံများအား ဖမ်းဆီးရမိပြီဟု တိုင်းရဲတပ်ဖွဲ့မှ ထုတ်ပြန်

ရေဖြူမြို့ သုံးလောင်းပြိုင် လူသတ်မှု တရားခံများအား ဖမ်းဆီးရမိပြီဟု တိုင်းရဲတပ်ဖွဲ့မှ ထုတ်ပြန်
 ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

ထားဝယ်၊ ဇွန် (၂၆)

ထားဝယ်ခရိုင် ရေဖြူမြို့တွင် ပြီခဲ့သည့် ဇွန်လ ၁၃ ရက်နေ့က ဖြစ်ပွား ခဲ့သည့် သုံးလောင်းပြိုင် လူသတ်မှု တရားခံ လေးဦးကို ဖမ်းဆီး အရေးယူ နိုင်ခဲ့ပြီး ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး တိုင်းရဲတပ်ဖွဲ့ မှူးရုံးမှ ထုတ်ပြန်ထားသည်။

အဆိုပါ ရေဖြူ သုံးလောင်းပြိုင် လူသတ်မှုမှာ ရေဖြူမြို့၊ ဥဿရံကျေးရွာ၊ ထားဝယ်- ရန်ကုန် ကားလမ်းပေါ်ရှိ မိုင်တိုင် အမှတ် (၂၃/၂၄) မီးရထား သံလမ်းဂိတ်တွင် တာဝန် ထမ်းဆောင် နေသည့် ဂိတ် ဝန်ထမ်း မိသားစုများ ဖြစ်ကာ လူသတ်မှု ကျူးလွန်ခဲ့သည့် တရားခံ ၄ ဦးကို ဇွန် ၂၄ ရက်နေ့က ဖမ်းဆီး အရေးယူ နိုင်ခဲ့သည်ဟု သိရ သည်။

ရေဖြူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက“လူသတ်မှု ကျူးလွန်တဲ့ တရားခံ လေးဦးကို စစ်ဆေး ပေါ်ပေါက် ဖမ်းဆီးရမိ ပါပြီး၊ လက်ရှိ သူတို့ကို တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဖြစ်စဉ် အကြောင်း အရာတွေကို စစ်ဆေး နေပါတယ်”ဟု ပြောဆို သည်။

လက်ရှိမှာ လူသတ်မှု ကျူးလွန်သူများမှာ အခင်း ဖြစ်ပွားချိန်တွင် သေဆုံး ခဲ့သည့် အောင်ကျော်ထွန်းထံတွင် ၎င်းတို့မှ မူးယစ်ဆေးဝါး သုံးစွဲ ဝယ်ယူရန် ပေါင်နှံ ထားသည့် ဖုန်းအား ပြန်လည် တောင်းယူရာမှ မပေးသဖြင့် အပြန် အလှန် စကားများ ရာကနေ အသင့် ပါလာသည့် ဓားနဲ့ ထိုးသတ်ခဲ့ခြင်း ဖြစ်ကြောင်း အထက်ပါ ရဲစခန်းမှ သိရ သည်။

ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

“ဘယ်လို သတ်သွားသလဲ ဆိုတော့ အခင်းဖြစ်ပွားတဲ့ နေ့က လူသတ်မှု ကျူးလွန်တဲ့ လေးဦးက ဖုန်းလာတောင်းတာ ဖြစ်တယ်၊ အဲ့မှာ လေးဦးထဲက နှစ် ဦးက အခင်းဖြစ်တဲ့ နေအိမ်ရှေ့မှာ ဖုန်းတောင်းရာကနေ ပါလာတဲ့ ဓားနဲ့ သတ်သွားတာ ဖြစ်တယ်”လို့ ထားဝယ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး လှိုင်မင်းထွန်းက ပြောကြား သည်။

ယင်း ဖြစ်စဉ်နဲ့ ပတ်သက်ပြီး လူသတ်မှု ကျူးလွန်သူက နှစ်ဦး အပါဝင် အားပေး ကူညီသူက နှစ်ဦး စုစုပေါင်း လေးဦးတို့ကို ဇွန်လ ၂၄ ရက်နေ့က ရေမြို့တွင် သွားရောက် ဖမ်းဆီး ရမိခဲ့သည်။

သေဆုံးသူများမှာ အမျိုးသားမှာ အသက် ၂၆ နှစ် အရွယ် ကိုအောင်ကျော်ထွန်း၊ အသက် ၂၈ နှစ် အရွယ် အမျိုးသမီး မခင်မျိုးဝေနဲ့ အသက် ၁ နှစ်ခွဲ အရွယ် ကလေးငယ် တစ်ဦးတို့ ဖြစ်ကြောင်း သိရ သည်။

အထက်ပါ ဖြစ်စဉ်နှင့် ပတ်သက်၍ လူသတ်မှု ကျူးလွန်သည် ဆိုသည့် အမျိုးသား လေးဦးကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (လူသတ်မှု) /၁၁၄ (အားပေးကူညီမှု) တို့ဖြင့် ရေဖြူမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly