မိုးရေချိန်များပါက တရုတ်၏ Three Gorges ဆည် မပြိုကျနိုင်ဟု နိုင်ငံပိုင် သတင်းစာမှ ဖော်ပြ

By Shanghaiist
25 June 2020
မိုးရေချိန်များပါက တရုတ်၏ Three Gorges ဆည် မပြိုကျနိုင်ဟု နိုင်ငံပိုင် သတင်းစာမှ ဖော်ပြ

ဇွန် ၂၅

တရုတ်နိုင်ငံရှိ ရေအားလျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းကြီးဖြစ်သည့် Three Gorges ဆည် (လျှိုမြောင်သုံးသွယ်ဆည်) ၏ ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ ခိုင်ခံ့မှုနှင့်ပတ်သက်၍ လက်ရှိအချိန်တွင် စိုးရိမ်ပူပန်မှုများ ရှိနေသည်။

အဆိုပါ စိုးရိမ်ပူပန်မှုများကို မကြာသေးမီက ဂျာမနီ-တရုတ် အင်ဂျင်နီယာတစ်ဦးဖြစ်သည့် Wang Weiluo က ထုတ်ဖော်ပြောဆိုထားခဲ့သည်။ Wang Weiluo သည် အဆိုပါ Three Gorges ဆည်ကို ဆယ်စုနှစ်များနှင့်ချီ လေ့လာထားခဲ့သူလည်း ဖြစ်သည်။

ပြီးခဲ့သည့်အပတ်က Radio France Internationale သတင်းဌာနနှင့် အင်တာဗျူးတစ်ခုတွင် Wang က အဆိုပါ ကြီးမားလှသည့် ဆည်ကြီးကို “အလွန် မြန်မြန်ဆန်ဆန်” တည်ဆောက်ထားခဲ့ကြောင်း၊ “အက်ကွဲရာများ” နှင့် “အရည်အသွေးမပြည့်မီသည့် ကွန်ကရစ်” တို့ကို ဆောက်လုပ်ရေးလုပ်ငန်းအတွင်း ရှာတွေ့ထားခဲ့ကြောင်း ပြောသွားခဲ့သည်။ ဒေသတွင် မိုးသည်းကြီးမည်းကြီး ရွာသွန်းပြီးနောက်တွင် ဆည်ရှိ ရေလယ်ဗယ်သည် ယင်း၏ ရေလွှမ်းမိုးမှု သတိပေးလိုင်း၏ အထက်သို့ ရောက်ရှိထားခဲ့သည်ကို ထောက်ရှုလျက် အထက်ပါအချက်များသည် စိုးရိမ်ပူပန်စရာ အကြောင်းအရာဖြစ်ကြောင်း Wang က ရှင်းပြခဲ့သည်။

သို့သော်ငြားလည်း တရုတ်နိုင်ငံပိုင် ဂလိုဘယ်လ်တိုင်းမ် သတင်းစာက Wang ၏ စိုးရိမ်ပူပန်မှုများကို ချက်ချင်း ပြန်လည် ပယ်ချသွားခဲ့သည်။ အဆိုပါ သတင်းစာက ပြီးခဲ့သည့် တနင်္လာနေ့တွင် သတင်းဆောင်းပါးတစ်ပုဒ်ကို ဖော်ပြထားပြီး အဆိုပါ ဆောင်းပါးထဲတွင် တရုတ်ကျွမ်းကျင်ပညာရှင်တစ်ဦးက ဆည်နှင့်ပတ်သက်၍ ရှင်းပြထားသည်ကို ဖော်ပြထားသည်။ ရေလယ်ဗယ်သည် ၁၄၇ မီတာအထိသာ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းသည် ၁၄၅ မီတာ သတိပေးလိုင်း၏ အထက် နှစ်မီတာမျှသာ ဖြစ်ကြောင်း၊ ရေလယ်ဗယ် ၁၇၅ မီတာအထိ တက်သွားမည့် “ထောင်စုနှစ်တစ်ခုတွင် တစ်ကြိမ်” သာ ကြုံရနိုင်သည့် အင်မတန်ကြုံတောင့်ကြုံခဲ ရေကြီးမှုမျိုးကို ခံနိုင်စွမ်းရှိရန် ဆည်ကို ဒီဇိုင်းထုတ်တည်ဆောက်ထားကြောင်း အဆိုပါ တရုတ်ပညာရှင်က ဂလိုဘယ်လ်တိုင်းမ်သတင်းစာပါ ဆောင်းပါးထဲတွင် ရှင်းပြထားသည်။

ဆည်သည် “လုံ့ဝ ဘေးကင်းစိတ်ချရသည်” ဟု အဆိုပါပညာရှင်က အလေးပေးပြောဆိုသွားခဲ့သည်။

ကမ္ဘာ့အကြီးဆုံး ဆည်ဖြစ်သည့်အလျောက် အကယ်၍သာ အဆိုပါ Three Gorges ဆည်သာ တစ်ခုခု ဖြစ်သွားပါက ယင်းသည် စိတ်ကူးဖြင့် မှန်းကြည့်ရန်ပင်ခက်ခဲသည့် ကပ်ဘေးတစ်ခုကို ဖြစ်သွားစေမည်ဖြစ်ပြီး ဝူဟန်၊ နန်ကျင်းနှင့် ရှန်ဟိုင်းကဲ့သို့ မြစ်အောက်ပိုင်းရှိ မြို့ကြီးများတွင် နေထိုင်သူ လူပေါင်း သန်း ၄၀၀ ကို သက်ရောက်ထိခိုက်နိုင်ဖွယ် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly