အငြင်းပွားဖွယ်ဟိမဝန္တာနယ်စပ်မှာ အိန္ဒိယ တပ်အင်အားတိုးချဲ့

အငြင်းပွားဖွယ်ဟိမဝန္တာနယ်စပ်မှာ အိန္ဒိယ တပ်အင်အားတိုးချဲ့

ဇွန် ၂၅

ဇွန်လ ၂၄ ရက်က အိန္ဒိယတိုက်လေယာဉ်များသည် အငြင်းပွားဖွယ်  အိန္ဒိယ-တရုတ်နယ်စပ် ဟိမဝန္တာတောင်တန်းပေါ်၌ ပျံဝဲနေခဲ့ပြီး အင်အားပြသသည့် လှုပ်ရှားမှုတစ်ခုဖြစ်ကြောင်း အိန္ဒိယစစ်ဘက်သတင်းရင်းမြစ်များက ဆိုသည်။

ဇွန် ၁၅ ရက်က နှစ်ဖက်စစ်တပ်များ ခိုက်ရန်ဖြစ်ပွားပြီးနောက် ဂယ်ဝမ်တောင်ကြားဝရှိ စတုရန်းကီလိုမီတာများစွာကျယ်သော မြေပေါ်၌ တရုတ်တပ်ဖွဲ့များ တပ်စွဲထားသည်ဟု အိန္ဒိယစစ်ဘက်သတင်းရင်းမြစ်က AFP ကို ပြောသည်။

ကျောက်တုံးကျောက်ခဲများ၊ သံရိုက်ထားသောတုတ်များဖြင့် ဖြစ်ပွားခဲ့သော ရန်ပွဲတွင် အိန္ဒိယစစ်သား ၂၀ ဦး သေဆုံးပြီးနောက် နှစ်ဖက်အာဏာပိုင်များသည် တပ်ဖွဲ့များ ပြန်ရုပ်သိမ်းမည်ဟု လူသိရှင်ကြား ကြေညာထားသည်။ သို့သော် နှစ်ဖက်စစ်တပ်များသည် တောင်ကြားတစ်ဝိုက်တွင် တပ်များ ဆက်စွဲထားပြီး အိန္ဒိယသည် စစ်အင်အားပြသရန် ကြိုးစားလျက် တပ်ဖွဲ့အင်အား ပိုချထားသည်။

အိန္ဒိယတိုက်လေယာဉ်များသည် အငြင်းပွားနေသောဒေသ၏ စစ်တပ်အခြေစိုက်ထားသော Leh မြို့မှ ဗုဒ္ဓဟူးနေ့က ပုံမှန်အတိုင်း ထွက်ခွါသွားပြီး ၂၄၀ ကီလိုမီတာအဝေးရှိ တောင်တန်းနယ်စပ်ဆီသို့ ဦးတည်ပျံသန်းသွားခဲ့သည်။

Leh မြို့ပြင်ပရှိ အဓိကလမ်းမကြီးများတွင် စစ်ဆေးရေးဂိတ်များလည်းရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၃၅၀၀ မီတာရှိ အဆိုပါ အငြင်းပွားဒေသအဓိကမြို့ပတ်လည်တွင် စစ်ရေးလှုပ်ရှားမှုများလည်း ရှိနေသည်။ Leh မြို့အနီးရှိ လမ်းမကြီးများတွင် စစ်ကားများနှင့်အမြောက်တပ်များ တသီတတန်းကြီးရှိနေကြောင်း ဒေသခံများက ပြောသည်။

“ အခု ကျွန်တော်တို့ ဒီဒေသမှာ စစ်အင်အား ကောင်ကောင်းရှိနေပါပြီ။ အရင်က ဒီလို စစ်ရေးလှုပ်ရှားမှုမျိုး မရှိခဲ့ဖူးဘူး” ဟု အိန္ဒိယမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အငြိမ်းစားဗိုလ်ကြီး Tashi Chhepal AFP ကို ပြောသည်။

တရုတ်၏အကျိုးအမြတ်များ

တနင်္လာနေ့ကပြုလုပ်သော တပ်မှုးများအကြားဆွေးနွေးပွဲအပြီးတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောရေးဆိုခွင့်ရှိသူ Zhao Lijian က နှစ်ဖက်စလုံးသည် အခြေအနေတည်ငြိမ်စေရေး လိုအပ်သောစီမံချက်များလုပ်ဆောင်ရန် သဘောတူခဲ့ကြသည် ဟုဆိုသည်။

တနင်္ဂနွေနေ့က အမေရိကန်ဂြိုဟ်တုကုမ္ပဏီ Maxar က ရိုက်ကူးထားသော ဓာတ်ပုံများအရ ခိုက်ရန်ဖြစ်ပွားသောနေရာအနီး မီတာ ၄၅၀၀ အကွာရှိမြစ်တွင် ထရပ်ကားများနှင့်စခန်းများချထားကြောင်းတွေ့ရှိခဲ့ပြီး မည်သည့်တပ်ဖွဲ့ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းမသိရပေ။

နှစ်နိုင်ငံသည် ၁၉၆၂ နှစ်က နယ်စပ်တိုက်ပွဲဆင်နွှဲခဲ့သော်လည်း ယခုလရန်ပွဲသည် နှစ်ပေါင်း ၅၃ နှစ်အတွင်း သေဆုံးမှုအများဆုံးဖြစ်သည်။

အိန္ဒိယစစ်တပ်၏အဆိုအရ တရုတ်တပ်များသည် အိန္ဒိယစစ်သားများကို ချုံခိုတိုက်ခိုက်ခဲ့ပြီး မတ်စောက်သည့်မြေအနေအထားထိရောက်ရှိခဲ့ကာ ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နှစ်နိုင်ငံသဘောတူညီချက်က လက်နက်အသုံးပြုခြင်းကို တားဆီးထားသော်လည်း ကျောက်တုံးများ၊ သံဆူးကြိုးပတ်ထားသောတုတ်များသုံးကာ ခိုက်ရန်များ ဖြစ်ပွားနေဆဲဖြစ်သည်။ နယ်စပ်ထိန်းချုပ်ရေးမျဉ်းကို အိန္ဒိယစစ်သားများက နှစ်ကြိမ်တိုင်တိုင် ကျူးကျော်ခဲ့ကြောင်း တရုတ်တို့က ပြန်လည် စွပ်စွဲပြောဆိုထားသည်။

တရုတ်တို့သည် ဂယ်ဝမ်တောင်နှင့် အနီးရှိ Pangong Tso ရေကန်မှ အကျိုးအမြတ်များကို စွဲမြဲနေပုံရသည်ဟု ထောက်လှမ်းရေးနှင့်စစ်ဘက်သတင်းရင်းမြစ်များက AFP ကို ပြောသည်။

တရုတ်တို့က ဂယ်ဝမ်တောင်ကြားကို ၎င်းတို့ပိုင်နက်အဖြစ် ပြောဆိုနေမှုကို အိန္ဒိယက ပယ်ချခဲ့သည်။

ရရှိလိုက်သော သင်ခန်းစာ

နှစ်ဖက်တင်းမာမှုများကို အကြီးအကျယ်လျော့ပါးစေမည့် အခွင့်အရေး သို့မဟုတ် ပိုင်နက်ကို အိန္ဒိယက ပြန်လည်ရယူနိုင်မည့်အခွင့်အရေးကို အိန္ဒိယလေ့လာသုံးသပ်သူများက သံသယရှိနေကြသည်။

နယူးဒေလီရှိ Observer Research Foundation သုတေသီအဖွဲ့မှ Harsh Pant က “တရုတ်ပြောသမျှကို လက်ခံယုံကြည်လို့ မဖြစ်နိုင်ပါဘူး။ အိန္ဒိယလည်း သင်ခန်းစာရနေလောက်ပြီလို့ ထင်ပါတယ်” ဟု ဆိုသည်။

တရုတ်ကုန်ပစ္စည်းများကိုသပိတ်မှောက်ရန် တောင်းဆိုမှုများရှိနေချိန်တွင် အိန္ဒိယဝန်ကြီးချုပ် နာရန္ဒြာမိုဒီအစိုးရသည် တရုတ်ကုမ္ပဏီများကို စီးပွားရေးအခက်တွေ့စေရန် ပိုမိုလုပ်ဆောင်နိုင်သည်ဟု မီဒီယာများတွင် ရေးသားထားကြသည်။ သို့သော် ၎င်းတို့၏စီးပွားရေးသည် အချင်းချင်း အမှီသဟဲပြုနေရသည်ဟု လေ့လာသုံးသပ်သူများကပြောကြသည်။

မက်ဆာချူးဆက်နည်းပညာတက္ကသိုလ်မှ လုံခြုံရေးကျွမ်းကျင်သူ Vipin Narang က “အိန္ဒိယမှာ တရုတ်ကို ဆန့်ကျင်တဲ့ ပြည်သူရဲ့ တုံ့ပြန်မှုအချို့ က တစ်ခဏတော့ ရှိနိုင်ပါတယ်။ ဒီပဋိပက္ခရဲ့အကျိုးသက်ရောက်မှုက အိန္ဒိယပြည်သူကြားမှာ ခဏတာပါပဲ။ ပိုနေမြဲကျားနေမြဲပြန်ဖြစ်တာပါပဲ” ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly