အမေရိကန် တောင်းပန်ပါက ဆွေးနွေးပွဲများအတွက် အဆင်သင့်ရှိဟု အီရန် ပြော

အမေရိကန် တောင်းပန်ပါက ဆွေးနွေးပွဲများအတွက် အဆင်သင့်ရှိဟု အီရန် ပြော

ဇွန် ၂၄

အမေရိကန်အနေဖြင့် ၂၀၁၅ နျူကလီးယား သဘောတူညီချက်မှ နုတ်ထွက်ခြင်းကို တောင်းပန်ပြီး အီရန်ကို နစ်နာကြေးပေးမည်ဆိုပါက အမေရိကန်နှင့် ဆွေးနွေးပွဲများကို လမ်းဖွင့်ပေးမည် ဖြစ်ကြောင်း အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီက ဗုဒ္ဓဟူးနေ့တွင် ပြောသည်။

ထိုပြင် အမေရိကန် တောင်းဆိုသော ဆွေးနွေးပွဲများသည် ရိုးသားရမည်ဖြစ်ကြောင်းလည်း ၎င်းက သတိပေးသည်။

အီရန်နှင့် အင်အားကြီးနိုင်ငံများကြား ချုပ်ဆိုထားသည့် ၂၀၁၅ နျူကလီးယားသဘောတူညီမှုမှ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နုတ်ထွက်ခဲ့ပြီး အီရန်စီးပွားရေးကို အထိနာစေသော ဒဏ်ခတ်ပိတ်ဆို့မှုများ ပြန်လည်ချမှတ်လာခဲ့သည့် ၂၀၁၈ နောက်ပိုင်းတွင် အီရန်နှင့် အမေရိကန်တို့ကြား ထိပ်တိုက်တွေ့မှုများ ဆိုးဝါးလာခဲ့သည်။

သဘောတူညီချက်သစ် ချုပ်ဆိုနိုင်ရေး စေ့စပ်ဆွေးနွေးရန် အီရန်ကို ဖိအားပေးရန် ကြိုးစားနေသည့် အမေရိကန်နှင့် မည်သည့် ဆွေးနွေးမှုမျိုးကိုမဆို အီရန်က ငြင်းပယ်ထားသည်။ အမေရိကန်အနေဖြင့် ဒဏ်ခတ်ပိတ်ဆိုမှုများ ပြန်ရုပ်သိမ်းပြီး မူလသဘောတူညီချက်တွင်ပဲ ပြန်ပါရန် ပြောဆိုထားသည်။

အီရန်၏ နျူကလီးယား လုပ်ငန်းများကို တင်းကြပ်ကန့်သတ်နိုင်ရေး၊ ပဲ့ထိန်းဒုံးကျည်စီမံကိန်းကို ဟန့်တားရေးနှင့် ဆယ်စုနှစ်များစွာ ဖြစ်ပွားနေသော ဒေသတွင်း ကြိုးကိုင်စစ်ပွဲများ အဆုံးသတ်ရေးကို ရည်ရွယ်သည့် သဘောတူညီမှုသစ် အီရန်နှင့် ရရှိရေး အမေရိကန်၏ တောင်းဆိုချက်ကို ထရမ့်က ဇွန်လ အစောပိုင်းက တွစ်တာမှတစ်ဆင့် ထပ်မံတိုက်တွန်းခဲ့သည်။

“ကျွန်တော်တို့ အမေရိကန်နဲ့ ဆွေးဆွေးဖို့အတွက် ဘာပြဿနာမှ မရှိဘူး။ ဒါပေမယ့် အမေရိကန်အနေနဲ့ နျူကလီယား သဘောတူညီချက်က ကတိကဝတ်တွေကို ဖြည့်ဆည်းရမ ယ်။ ၂၀၁၅ နျူကလီးယား သဘောတူညီချက်က နုတ်ထွက်ခဲ့တာအတွက် အီရန်ကို တောင်းပန်ပြီး လျော်ကြေးပေးရမယ်။”ဟု အီရန်သမ္မတ ရိုဟာနီက ပြောခဲ့သည်။

“ဒါပေမယ့် အမေရိကန်က အီရန်နဲ့ ဆွေးနွေးမယ်ဆိုပြီး တောင်းဆိုနေတာဟာ စကားလုံးသက်သက် အလိမ်အညာတွေ ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ သိထားပါတယ်။”ဟု ၎င်းက ထပ်လောင်းပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly