ဟုမ်းစတေးနှင့် ထောင်ကျခြင်းအနုပညာ - ၆

ဟုမ်းစတေးနှင့် ထောင်ကျခြင်းအနုပညာ - ၆

သန့်ဇော်(သန်လျင်)

ကြောင်လေးတွေနဲ့ Pavlov theory

ထောင်ထဲကပြစ်ဒဏ်ပြီးသွားတဲ့အခါ အကျဉ်းထောင်တို့ရဲ့ ထုံးစံအတိုင်း အလွန်အော့နှလုံးနာဖွယ်ရာ  ပြစ်ဒဏ်တွေထားတဲ့နေရာကနေ ရွှေ့ပြောင်းရပါတယ်။ ကျွန်တော်က သတင်းကြိုရထားတဲ့အတွက် ယခင်နေတဲ့ ၄ တိုက်မှာ ကျွန်တော့ကို မထားတော့ဘဲ ၂ တိုက်မှာ ပြောင်းထားမယ်လို့ သိရတဲ့အတွက် ဘာပဲဖြစ်ဖြစ် ကိုယ့်ရဲဘော်တွေနဲ့ အတူနေရတော့ စိတ်ထဲ အဲဒီအချိန်က ကြည်နူးမိပါတယ်။

 

တချို့အာဏာပိုင်တွေက အကျင့်ယုတ်ပြီး ရာဇဝတ်မှုတွေနဲ့ ရောပြွန်းထားမယ့်ဘေးက လွတ်သွားလို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်ဟာ ပြစ်ဒဏ်တိုက်ကို လာစဉ်မှာ အပိုဆုအဖြစ် သံခြေချင်းပါလာပြီး ပြစ်ဒဏ်တိုက်က လွတ်မြောက်တဲ့အခါမှာတော့ သံခြေချင်းကို ဖြုတ်လိုက်ပြီး ကြောင်သားအမိက အပိုဆုအဖြစ် ပါလာပြန်ပါ တယ်။ ပြစ်ဒဏ်တိုက်က မပြောင်းခင်လေးမှာတော့ အထူးသဖြင့် ကြောင်မကြီးကို မှာရပါတယ်၊ စကားပြော ပေးရပါတယ်၊ အကြိမ်ကြိမ်ပြောရပါတယ် ‘ သမီး - ခု ပြောင်းမယ့်နေရာက သူတော်ကောင်းတွေချည်း နေတဲ့ နေရာကိုပြောင်းမှာ၊ သမီး အေးအေးဆေးဆေး လိုက်ခဲ့၊ မကြောက်နဲ့နော်’ လို့ အကြိမ် ၂၀ လောက် ကြောသပ် ပြီး ပြောရပါတယ်။

တကယ်တန်း ပြောင်းတဲ့အခါမှာတော့ အံ့ဩလောက်အောင်ကို ကြောင်မကြီးဟာ အေးဆေးတည်ငြိမ်တာကို တွေ့ရပါတယ်၊ ကြောင်သားလေးတွေကတော့ ကြောင်မကြီးရှေ့မှာ အသိုက်အမြုံကလေးလုပ်ပေးပြီး အဆင့်တန်းရှိရှိ နွေးနွေးထွေးထွေးလေး ထားတာကိုလည်း ကြောင်မကြီးကို မြင်စေပါတယ်။ အဲဒီလိုနဲ့ ကြောင်မိသားစု တစ်စုလုံး ကျွန်တော့အတွက် ပြင်ဆင်ထားရာ အခန်းမှာ နေရာသီးသန့်ချပေးလိုက်တဲ့အခါ ကြောင်မကြီးဟာ သူသားသမီးတွေကို နို့တိုက်ပါတော့တယ်။ ကြောင်ကဲခတ်ကြည့်တာတော့ သူတို့ကို နွေးထွေးကြင်နာတတ်တဲ့ လူသားအပေါ် ယုံကြည်စိတ်ချတာကို တွေ့လိုက်ရပါတယ်။

ကျွန်တော်လည်း ကိုယ်နေခဲ့တဲ့တိုက်တွေထဲက ၂ တိုက်ကို ပြန်ရောက်တော့ ကိုယ့်အိမ်ပြန်ရောက်သလိုပေါ့။ ထောင်ထဲမှာ အကျဉ်းအကျပ်ထဲမှာ ဒီလိုမျိုးတွေးမှ ကိုယ့်စိတ်ကို ကိုယ်အားပြန်ပေးသလိုမျိုး၊ ဒီလိုမျိုးတွေနဲ့ စိတ်ဓာတ်မကျအောင် တည်ဆောက်ရတာလေပါ။ ၃ လခွဲကျော် မတွေ့ကြ မမြင်ကြရတဲ့ ကိုယ့်နိုင်/ကျဉ်း တွေနဲ့ ပြန်တွေ့ရတော့ နေကောင်းလား၊ ပိန်သွားတယ်နော်၊ ဝလာလိုက်တာ ဘလာဘလာ နှုတ်ဆက်ကြ တာပေါ့။

ကြောင်လေးတွေကတော့ မျက်လုံလေး ကလယ်ကလယ်နဲ့ပေါ့၊ သူတို့အမေ ကြောင်မကြီးကတော့ သူတို့ကို နို့တိုက်ပြီး အပြင်ထွက် ၊ ပတ်ဝန်းကျင်ကို လေ့လာ၊ သူ့သားသမီးတွေဆီပြန်လာပြီး နို့တိုက်လိုက်၊ ထွက်သွား လိုက်၊ ပြန်လာလိုက်၊ ညတိုင်းလိုလိုပေါ့။ တစ်ပတ်လောက်ကြာတော့ ကြောင်လေးတွေက လမ်းလျှောက်လာ ကြတဲ့အပြင် သူ့အမေကြောင်မကြီးရဲ့ ထမင်းပန်းကန်က ထမင်းတွေကို စားကြပါလေရော။

ကြောင်တွေ ထမင်းစားတာကိုကြည့်ရင်း ကိုယ်ဖတ်ထားဖူးတဲ့ စာတစ်ပိုဒ်ကို သွားသတိရပါတယ်။ ခေါင်းလောင်းတီးရင်း အစာကျွေးတဲ့ သီအိုရီပေါ့။ သီအိုရီထဲမှာတော့ ခွေးတွေနဲ့ စမ်းသပ်ထားတာ။ ခုက ကျွန်တော်က ကြောင်တွေနဲ့ပေါ့။ ရုရှားပညာရှင်တစ်ဦးရဲ့ Pavlov theory ကို ကျွန်တော် လက်တွေ့စမ်းသပ် အကောင် အထည်ဖော်ခွင့်ရလိုက်ပါတော့တယ်။ ကြောင်လေးတွေကို အစာကျွေးတဲ့အခါ အစာလည်းကျွေး တယ်၊ ကျွန်တော့ပါးစပ်ကလည်း တစ်တစ်နဲ့ လျှာလှုပ်သံကို ခပ်ကျယ်ကျယ်လေးပေးပါတယ်။

၃ ရက်လောက် အဲဒီလို အစာကျွေးရင်း အသံလည်းပေးရင်းလုပ်လိုက်တာ ၄ ရက်မြောက်နေ့မှာတော့ သူတို့ကို အစာမကျွေးဘဲ လျှာလှုပ်သံပဲပေးပါတယ်၊ အဲဒီမှာ ကြောင်လေးတွေ သူတို့အစာကို လိုက်ရှာပါတော့ တယ်။ အဲဒီတော့မှ ကျွန်တော်က သူတို့ကို အစာကျွေးပါတော့တယ်။ ပထမ အစာကျွေးရင်း အသံပေးတယ်၊ နောက် အသံပေးပြီးမှ အစာကျွေးပါတယ်။ အဲဒီလို ကျွန်တော်လွတ်မြောက်တဲ့အထိ သူတို့ကြီးပြင်းကြပြီး နောက်ကြောင်မျိုးဆက်တွေအားလုံး လျှာလှုပ်သံတွေပေးရင်း သူတို့ကို ထောင်ထဲမှာ သံယောဇဉ်တွေနဲ့ရော အပျင်းပြေပါ မွေးမြူခဲ့တာ ဖြစ်ပါတယ်။

သူတို့ ကြားနိုင်တဲ့နေရာကနေ ဘယ်ရောက်နေနေ ကျွန်တော်အသံပြုလိုက်ရင် ကြောင်လေးတွေ ကျွန်တော့ ဆီ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ချလာပါလေရော။ အဲဒါကို အတူနေ နိုင်ငံရေးအကျဉ်းသား ပဲခူးက ဇော်လတ် ဆိုသူက ကျွန်တော့အသံလိုက်တုပြီး သူလည်းခေါ်တာပေါ့ အသံတူအောင်သိတ်လေ့ကျင့်စရာ မလိုတဲ့ အနေအထားဆိုတော့ တစ်ခဏချင်း ကြောင်လေးတွေကိုခေါ်တာ အစဉ်ပြေသွားပါတယ်။

အဲဒါနဲ့ သူက ကြောင်လေးတွေရဲ့ လည်ပင်းမှာ စာရွက်လေးချည်ပြီး အခန်း ၄ ခန်းကျော်ကနေ ကျွန်တော်ကို ကြောင်လေးတွေပြန်ခေါ်ဖို့ အော်ပြောပါတယ်။ ကျွန်တော်ကလည်း ကြောင်လေးတွေ အလွတ်ရနေတဲ့အသံနဲ့ ပြန်ခေါ်လိုက်တော့ ကျွန်တော့ဆီပြေးလာပါတော့တယ်။ ရောက်တာနဲ့ ပုဇွန်ခြောက်တစ်ကောင်စီ ကျွေးလိုက် ပါတယ်။ အဲဒီလိုနဲ့ ထောင်ပိတ်ထားတဲ့အချိန် ပစ္စည်းသေးသေးလေးတွေ သူတို့တနိုင် လည်ပင်းမှာချည် ပေးပြီး တစ်ခန်းနဲ့တစ်ခန်း အပေးအယူလုပ်ကြပါတယ်။

ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့နိုင်ငံရေးအကျဉ်းသားတွေဟာ ထောင်ထဲ တိုက်ခန်းထဲမှာတောင် အချိန်တွေ မြန်မြန်ကုန်လွန်စေဖို့ ပုံသဏ္ဍာန်မျိုးစုံနဲ့ ကျင်လည်ခဲ့တာပဲဖြစ်ပါတယ်။  ။

(ဆက်လက်ဖော်ပြပါမည်)

သန့်ဇော်(သန်လျင်)

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly