ထိုင်းနိုင်ငံ၌ သက်ဦးဆံပိုင်ဘုရင်စနစ်တော်လှန်ရေးအထိမ်းအမှတ် ဒီမိုကရေစီလိုလားသူများဆန္ဒပြ

ထိုင်းနိုင်ငံ၌ သက်ဦးဆံပိုင်ဘုရင်စနစ်တော်လှန်ရေးအထိမ်းအမှတ် ဒီမိုကရေစီလိုလားသူများဆန္ဒပြ

ဇွန် ၂၄

ထိုင်းနိုင်ငံ၌ သက်ဦးဆံပိုင်ဘုရင်စနစ်အဆုံးသတ်စေခဲ့သည့် ၁၉၃၂ တော်လှန်ရေးအထိမ်းအမှတ်အနေဖြင့်  နိုင်ငံတစ်လွှားရှိ အဖွဲ့အစည်းအမျိုးမျိုးမှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများသည်  ဗုဒ္ဓဟူးနေ့က ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြသည်။

ထိုင်းလူမျိုးများသည် စစ်တပ်လွှမ်းမိုးနေသာ နိုင်ငံရေးစနစ်ကို ဆန့်ကျင်ပြီး ဒီမိုကရေစီတည်ဆောက်မှု အထိမ်းအမှတ်များ ပြည်သူကြားမှ ပျောက်ကွယ်နေသည့်အချိန်တွင် ဆန္ဒပြမှုများပေါ်ပေါက်လာခြင်းဖြစ်သည်။

ပြည်သူ့ပါတီဟု လူသိများသော အရပ်ဘက်ဗျူရိုကရက်များနှင့်စစ်ဘက်အရာရှိများဦးဆောင်သော ၁၉၃၂ တော်လှန်ရေးသည် ဒီမိုကရေစီလိုလားသောအဖွဲ့အတွက် သင်္ကေတနေ့တစ်နေ့အဖြစ်  မကြာသေးမီနှစ်များအတွင်းက ပေါ်ပေါက်လာခဲ့သည်။

ထိုင်းနိုင်ငံသည်အာဏာသိမ်းစစ်ခေါင်းဆောင်ဟောင်း ပရာယွတ်ချိန်အိုချာ ယမန်နှစ်ရွေးကောက်ပွဲ၌ အာဏာမရမီ စစ်အုပ်ချုပ်ရေးအောက် ငါးနှစ်ကျရောက်ခဲ့သည်။ အတိုက်အခံပါတီများကလည်း ထိုရွေးကောက်ပွဲကို အတုအယောင်အဖြစ်ပြောဆိုခဲ့ပြီး ပရာယွတ်နှင့်ထိုင်းတရာရုံးများက ရွေးကောက်ပွဲကိုထိန်းချုပ်သည်ဆိုသော စွပ်စွဲချက်ကို ငြင်းပယ်ခဲ့ကြသည်။

"လွန်ခဲ့တဲ့ ၈၈ နှစ် က  ခုလို အာရုဏ်တက်ချိန်မှာ ပြည်သူ့ပါတီက အာဏာသိမ်းခဲ့ပြီး အုပ်ချုပ်ရေးစနစ်ကို ဒီမိုကရေစီစနစ်အဖြစ် ပြောင်းလဲခဲ့ပါတယ်" ဟု ဒီမိုကရေစီရေးလှုပ်ရှားသူ Anon Nampa က ပြောသည်။

သက်ဦးဆံပိုင်ဘုရင် Prajadhipok ကို ဖြုတ်ချပြီး ထိုင်းနိုင်ငံ၏ ပထမဆုံးဖွဲ့စည်းပုံအခြေခံဥပဒေကိုပြဋ္ဌာန်းပြီးနောက်  ပြည်သူ့ပါတီက ခေါင်းဆောင်များပြောခဲ့သော မိန့်ခွန်းကို  ဘန်ကောက်ဒီမိုကရေစီ အထိမ်းအမှတ်အဆောက်အအုံရှေ့၌ ပြုလုပ်သော ဆန္ဒပြပွဲတစ်ခု၌ ကြီးမားသော screen ပေါ်၌ ဗီဒီယိုဖြင့် ဆန္ဒပြသူ ၃၀ နှင့် ၄၀ ခန့်က  ပြန်လည်ပြသခဲ့ကြသည်။

ပါလီမန်တွင်ပြုလုပ်ရန်စီစဉ်ထားသော နောက်ထပ်ဆန္ဒပြပွဲတစ်ခု၌ တက်ကြွလှုပ်ရှားသူ အခြားတစ်ဖွဲ့သည် အာဏာသိမ်းစစ်ဘက်အရာရှိများ ဆွဲခဲ့သော လက်ရှိဖွဲ့စည်းပုံကို ပြင်ဆင်ရန် တောင်းဆိုကြမည်ဖြစ်သည်။

"စစ်တပ်ကရေးဆွဲထားတဲ့  လက်ရှိဖွဲ့စည်းပုံရဲ့ သံသယဖြစ်ဖွယ်ကောင်းတဲ့သဘောသဘာဝတွေကို ထောက်ပြပြောဆိုချင်လို့ တော်လှန်ရေးနှစ်ပတ်လည်ကို  ကျင်းပတာပါ” ဟု ပြည်သူ့ဖွဲ့စည်းပုံအခြေခံဥပဒေအတွက် မဲဆွယ်စည်းရုံးရေးကော်မတီမှ Anusorn Unno  ကပြောသည်။

အနည်းဆုံး ပြည်နယ် ၁၂ ခုရှိ ဆန္ဒပြပွဲများကို ရဲများက စောင့်ကြည့်နေရသည်။ ထိုင်းတွင် ကပ်ရောဂါကာလ၌ လူစုလူဝေးများကို တားမြစ်ထားသော်လည်း အာဏာပိုင်များသည် ဆန္ဒပြပွဲများကို မပိတ်ဆို့ခဲ့ပေ။

ထိုင်းဝန်ကြီးချုပ် ပရာယွတ်က ဆန္ဒပြပွဲများကို တိုက်ရိုက်မပြောဆိုခဲ့သော်လည်း ပြည်သူများအား သက်ဦးဆံပိုင်ဘုရင်စနစ်ကို မထိပါးရန်နှင့် ဥပဒေကို မချိုးဖောက်ရန် အင်္ဂါနေ့က ပြောဆိုခဲ့သည်။

ထိုင်းနိုင်ငံသည် တရားဝင်အားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ညီသော ဘုရင်စနစ်ဖြစ်သော်လည်း ဘုရင် မဟာဝဇီရာလောင်ကွန်းက အာဏာဆုပ်ကိုင်ထားပြီး ၎င်းအား ဝေဖန်စော်ကားသူကို ထောင်ဒဏ် ၁၅ နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly