ရာဇဝတ်မှုတွေတိုးလာတာမရှိတာဟာ အစိုးရက အခြေခံလူတန်းစားတွေကို ထောက်ပံ့ပေးတာကြောင့် ဖြစ်နိုင်

ရာဇဝတ်မှုတွေတိုးလာတာမရှိတာဟာ အစိုးရက အခြေခံလူတန်းစားတွေကို ထောက်ပံ့ပေးတာကြောင့် ဖြစ်နိုင်

ဇွန် ၂၃ရက်

ကိုးဗစ်ကပ်ရောဂါကာလအတွင်း ရာဇဝတ်မှုတွေ တိုးတက်လာတာမျိုးမရှိတာဟာ အစိုးရကအခြေခံလူတန်းစားတွေကို အထောက်အပံ့ပေးနေတာတွေကြောင့် ဖြစ်နိုင်တယ်လို့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က ပြောပါတယ်။

ဇွန်လ ၂၃ရက်နေ့က ကိုဗစ်-၁၉ကြောင့် ကုန်သွယ်ရေးကဏ္ဍအပေါ်သက် ရောက်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဦးအောင်ထူး၊ ပြည်တွင်းကုန်သွယ်မှု Supply chainမှာ ပါဝင်ဆောင်ရွက်နေတဲ့ city mart က မန်နေးဂျင်းဒါရိုက်တာ ဒေါ်ဝင်းဝင်းတင့်၊ SME လုပ်ငန်းရှင် ဒေါ်သက်စုထွေးတို့နဲ့ အပြန်အလှန်ဆွေးနွေးမှုမှာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောဆိုခဲ့တာပါ။

"ကိုဗစ်ကာလကြောင့် ရာဇဝတ်မှုတွေတက် လာတယ်ဆိုတာ မရှိဘူးတဲ့။ သုတေသနပြုစုပြီးတော့ ထွက်လာတဲ့ အချက်အလက်တွေအရဆိုရင် အရင်အပတ် ကပေါ့။ အရင်အပတ်ကဆိုတော ဘယ်လောက်မှမကြာသေးဘူး။ ရာဇဝတ်မှုတွေတိုးလာတာမရှိဘူး ကိုဗစ်ရဲ့ အကျိုးဆက်အနေနဲ့ ဒါကတော့ ကောင်းတဲ့ဘက်ကပေါ့။ အဲ့ဒါက အခြေခံလူတန်းစားတွေကို တတ်နိုင်သ လောက် နိုင်ငံတော်က ပံ့ပိုးပေးတဲ့ ကိစ္စကလည်း အထောက်အကူ ဖြစ်မယ်လို့ထင်ပါတယ်။ ဘာလို့လဲဆိုတော့ နိုင်ငံတစ်နိုင်ငံပဲဖြစ်ဖြစ် အဖွဲ့အစည်းတစ်ခုခုပဲဖြစ်ဖြစ် အင်အားဆို တာက အဲ့ထဲက အားအနည်းဆုံး ပုဂ္ဂိုလ်များ၊ အားအနည်းဆုံး အသိုင်းအဝိုင်းများရဲ့ အင်အားနဲ့ပဲ ညီမျှတယ်။ အင်အားအများဆုံး အသိုင်းအဝိုင်းနဲ့ မညီမျှဘူး။ ဒါကြောင့်မို့လို့ အခြေခံ လူတန်းစားတွေ အဆင်ပြေအောင်လို့ စားဝတ်နေရေးအတွက် အလွန်အကျွံစိုးရိမ်ပူပန်မှု မရှိနိုင်အောင်လို့တော့ အများကြီးကြိုးစားပါတယ်။ ကြိုးစားပေ မယ့်လည်း အတိုင်းအတာတစ်ခုအထိပဲ လုပ်နိုင်တာပေါ့နော်။ ခဏခဏလည်း သတိပေးနေရတယ် နိုင်ငံက ချမ်းသာတဲ့နိုင်ငံမဟုတ်ဘူးနော်။ ချမ်းသာတဲ့ နိုင်ငံမဟုတ်သေးတဲ့အခါကျတော့ နည်းနည်းခြစ်ခြစ်ခြုပ်ခြုပ်နဲ့ သုံးရတာပေါ့" ဟု အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ကိုဗစ်အလွန်ကာလ ကိစ္စကို ကြည့်တဲ့အခါမှာ ရေရှည် ကိုယ့်နိုင်ငံအတွက် အကျိုးအမြတ်ဖြစ်အောင် စဉ်းစားရမှာဖြစ်ပြီး မြန်မာနိုင်ငံဟာ စားနပ်ရိက္ခာအတွက် သေသေချာချာစီမံခန့်ခွဲမယ်ဆိုရင် ပူပင်ရမယ့်နိုင်ငံမျိုး မဟုတ်ဘူးလို့လည်းလာဘ်ရတနာဗိုလ်ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

"ဘာဖြစ်လို့ဆို ဒါကစိုက်ပျိုးရေးကို အခြေခံတဲ့ နိုင်ငံ။ ဒီနိုင်ငံမှာအမျိုးမျိုးထွက်တယ်။ ဒီနိုင်ငံမှာဆိုလို့ရှိရင် နိုင်ငံသူ နိုင်ငံသားတွေအတွက် ကျန်းမာရေးနဲ့ကိုက်ညီအောင်လို့ လုံလောက်တဲ့ ရိက္ခာတွေ ထုတ်လုပ်နိုင်တဲ့ အနေအထားရှိတယ်။ ကျွန်မတို့နိုင်ငံက ဒီလိုအခွင့်အလမ်းတွေရှိတယ်။ အားသာချက်တွေရှိတယ်။ ဒါပေမယ့်အဲ့ဒီဟာတွေကို သေသေချာချာသုံးရမယ်။ ဒီဟာတွေကိုအဆင့်မြှင့်ရမယ်" ဟု ၎င်းက ပြောသည်။

ဒါ့အပြင် လက်ရှိမှာတော့ ပြည်သူတွေအနေနဲ့ ရိက္ခာစုဆောင်းတာမျိုးမတွေ့ရပမယ့်လည်း မြန်မာနိုင်ငံမှာ COVID-19ကပ်ရောဂါ  အတည်ပြုလူနာ စတင်တွေ့ရှိချိန်တုန်းက ဖြစ်ပွားခဲ့သလို အခြေခံစား သောက်ကုန်တွေ ဝယ်ယူစုဆောင်းတာမျိုးလုပ်စရာမလိုကြောင်းနဲ့ ဒီလိုအခြေအနေတွေဖြစ်လာခဲ့ရင်လည်း နိုင်ငံတော်က တာဝန်ယူမှာဖြစ်တယ်လို့ သိရပါတယ်။

အစိုးရက ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစား အိမ်ထောင်စုတစ်စုကို ဆန် ၈ ပြည်၊ ဆီ ၅၀ သား၊ ဆား ၅၀ သား၊ ပဲ တစ်ပိဿာ၊ ကြက်သွန် တစ်ပိဿာတို့ကို ပြီးခဲ့တဲ့ ဧပြီလ ၁၀ရက်နေ့က စတင်ထောက်ပံ့မှုတွေပြုလုပ် ခဲ့ပါတယ်။

ဒုတိယအကြိမ်ထောက်ပံ့မှုအဖြစ် ငွေသားပေးဖို့ အစိုးရက စီစဉ်နေပြီး ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေ နဲ့ ပဋိပက္ခတွေကြောင့် ဒုက္ခသည်စခန်းတွေမှာ ရှိနေကြတဲ့သူတွေအတွက် မြန်မာငွေကျပ် ၃၀,၀၀၀ ကနေ ၄၀,၀၀၀ ကြား သတ်မှတ်ပြီး ထောက်ပံ့ပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ချင်း၊ ရခိုင်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေဒသ၊ ကရင်နှင့် ကယား ပြည်နယ်စတဲ့ နေရာငါးခုမှာရှိတဲ့ ဒုက္ခသည်စခန်းက အသက် ၂ နှစ်အောက် ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ၊ တစ်နိုင်ငံလုံးမှာရှိတဲ့ သက်ကြီး ဘိုးဘွားတွေကို COVID ကာလ ထောက်ပံ့ငွေ ပေးသွားမယ်လို့လည်း သိရပါတယ်။

လက်ရှိမှာလည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ MITS နှင့် မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ်တို့ ပူးပေါင်းပြီး ပြီးခဲ့တဲ့ ဧပြီလ ၃၀ရက်နေ့ကနေစတင်လို့  နိုင်ငံတော်ရဲ့အရန်ရိက္ခာအစီအစဉ်အရ မြန်မာနိုင်ငံ ဆန်စပါးအသင်းက နိုင်ငံတော်အရန်ဆန်အတွက် ကုမ္ပဏီ ၁၂၃ ထံကနေ ဝယ်ယူဖြည့်တင်းမှုတွေကို လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required