အနံ့ပြင်း ဒူးရင်းသီးပါဆယ်ထုပ်ကြောင့် ဂျာမနီစာတိုက်ဝန်ထမ်း ၆ ဦး ဆေးရုံရောက်

အနံ့ပြင်း ဒူးရင်းသီးပါဆယ်ထုပ်ကြောင့် ဂျာမနီစာတိုက်ဝန်ထမ်း ၆ ဦး ဆေးရုံရောက်

ဇွန် ၂၃

ဂျာမနီနိုင်ငံတွင် အနံ့စူးရှသော ဒူးရင်းသီးပါဆယ်ထုပ်ကြောင့် စာတိုက်ဝန်ထမ်း ၁၂ ဦး ဆေးကုသမှုခံယူခဲ့ရပြီး လူဒါဇင်ပေါင်းများစွာ နေရာရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။  စာတိုက်ဝန်ထမ်း ၁၂ ဦးမှာ ဒူးရင်းသီးအနံ့ကြောင့် မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်းများဖြစ်ပေါ်ခဲ့ပြီး နေရာတွင်ပင် ကုသပေးခဲ့ရကာ ခြောက်ဦးကို ဆေးရုံတင်လိုက်ရကြောင်း Schweinfurt ရဲဌာနကပြောသည်။ 

ဘာဗေးရီးယန်းပြည်နယ် Schweinfurt မြို့ရှိ စာတိုက်မှ ဝန်ထမ်းများသည် ပါဆယ်ထုပ်တစ်ခုအတွင်းမှ အနံ့ကို သံသယဖြစ်ခဲ့ကြပြီး ရဲများ၊ မီးသတ်ကားနှင့် အရေးပေါ်ဌာနများကို အကြောင်းကြားခဲ့သည်ဟု ဆိုသည်။ 

သံသယရှိသော အဆိုပါ ပါဆယ်ထုပ်တွင် အထဲ၌ မည်သည့်အရာပါမှန်းမသိရ၍ အစောပိုင်း၌ အန္တရာယ်ရှိ/ မရှိ ရှင်းရှင်းလင်းမသိခဲ့ကြောင်း Schwinfurt ရဲဌာန၏ထုတ်ပြန်ချက်တွင် ရှင်းပြထားသည်။

အထုပ်ကို သေသေချာချာမစစ်ဆေးမီ စာတိုက်အဆောက်အအုံရှိ ဝန်ထမ်း ၆၀ ခန့်ကို ဘေးလွတ်ရာရွှေ့ပေးခဲ့ရသည်။

ပါဆယ်ထုပ်ကိုဖွင့်ကြည့်သည်အခါ ထိုင်းဒူးရင်းသီးလေးလုံး တွေ့ရှိခဲ့ပြီး Nuremberg မြို့က လူတစ်ဦးက အိမ်တစ်အိမ်ကိုပို့မည့်ပါဆယ်ဖြစ်ကြောင်း သိရသည်။

လူနာတင်ယာဉ် ခြောက်စီး၊ ရှေးဦးသူနာပြုယာဉ် ငါးစီး၊အရေးပေါ်ယာဉ် နှစ်စီးနှင့် မီးသတ်ဌာနသုံးခုမှ ကားသုံးစီးသည် အခင်းဖြစ်နေရာသို့ ရောက်လာခဲ့ကြသည်။  

နောက်ဆုံးတွင် ဒူးရင်းသီးများကို လက်ခံမည့်သူထံသို့ ပေးပို့ခဲ့ကြသည်။

ဒူးရင်းသီး၏ ပျစ်နှစ်နေသောအသားနှင့်အရသာကို အရှေ့တောင်အာရှနိုင်ငံများက နှစ်သက်ကြသော်လည်း စူးရှသည့်အနံ့ကို အချို့က မနှစ်သက်ကြပေ။ ဒူးရင်းသီးအနံ့သည် ပုပ်သိုးသောအစားအစာ သို့မဟုတ် ညစ်ပေနေသော ခြေအိတ်အနံ့နှင့်တူသည်ဟု အချို့က ဝေဖန်ရှုတ်ချကြသည်။ အသီးအနံ့ပြင်းသည့်အတွက် စင်္ကာပူနိုင်ငံ မြေအောက်ရထားများနှင့် ဟိုတယ်များတွင် ဒူးရင်းသီးကို တားမြစ်ထားသည်။

ဒူးရင်းသီးကြောင့် ကြောက်လန့်တကြားဖြစ်သည်မှာ ယခုအကြိမ်သည် ပထမဆုံးမဟုတ်ပေ။ ပြီးခဲ့သည့်နှစ်က ကင်ဘာရာတက္ကသိုလ်စာကြည့်တိုက်တွင် ဓာတ်ငွေ့ယိုစိမ့်သည့်အထင်ဖြင့် ဝန်ထမ်းအားလုံး ဘေးလွတ်ရာရွှေ့ခဲ့ကြပြီး နောက်မှ ဒူးရင်းသီးအနံ့ဖြစ်နေကြောင်း သိခဲ့ရသည်။

၂၀၁၈ နိုဝင်ဘာလကလည်း အင်ဒိုနီးရှားလေယာဉ်တစ်စင်းသည် ဒူးရင်းသီးများသယ်ဆောင်လာခဲ့မှုကြောင့် ခရီးသည်များက စောဒကတက်ခဲ့ကြပြီး လေယာဉ်ယာယီဆင်းသက်ခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly