ဟောလိဝုဒ် ရုပ်ရှင်ထုတ်လုပ်သူတစ်ဦး အဓမ္မပြုကျင့်မှု၊ ပြန်ပေးဆွဲမှုများဖြင့် တရားစွဲခံရ

ဟောလိဝုဒ် ရုပ်ရှင်ထုတ်လုပ်သူတစ်ဦး အဓမ္မပြုကျင့်မှု၊ ပြန်ပေးဆွဲမှုများဖြင့် တရားစွဲခံရ

ဇွန် ၂၃

ဟောလိဝုဒ် ရုပ်ရှင်ထုတ်လုပ်သူနှင့် talent မန်နေဂျာတစ်ဦးကို ကယ်လီဖိုးနီးယားတွင် အမျိုးသမီး လေးဦးကို အဓမ္မပြုကျင့်မှု၊ လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက်ကျူးလွန်မှု၊ ပြန်ပေးဆွဲမှု စသည့် စွဲချက် အများအပြားဖြင့် တရားစွဲဆိုထားကြောင်း တရားလိုဘက် ရှေ့နေများက ဇွန်လ ၂၂ ရက်တွင် ပြောသည်။

“Atomic Blonde" နှင့် “Extraction” ရုပ်ရှင်ဇာတ်ကားများ၏ အမှုဆောင် ထုတ်လုပ်သူတစ်ဦးဖြစ်သည့် ဒေးဗစ် ဂွီလော့ဒ် သည် #MeToo လှုပ်ရှားမှု (လိင်ပိုင်းဆိုင်ရာ စော်ကားမှုအပေါ် ဆန့်ကျင် လှုပ်ရှားမှု) ၏ အောက်တွင် နောက်ထပ် အရေးယူခံရသည့် ဟောလိဝုဒ် ထိပ်သီးပုဂ္ဂိုလ်တစ်ဦးဖြစ်လာခဲ့သည်။

ဒေးဗစ် ဂွီလော့ဒ် မတိုင်မီက #MeToo လှုပ်ရှားမှုကြောင့်ပင် နာမည်ကျော် ဟောလိဝုဒ် ရုပ်ရှင်ထုတ်လုပ်သူ ဟာဗေ ဝိန်းစတိန်းကို ပြီးခဲ့သည့် မတ်လက အဓမ္မပြုကျင့်မှု၊ လိင်စော်ကားမှုတို့ဖြင့် ထောင် ၂၃ နှစ် ချမှတ်ခဲ့သည့် ဖြစ်စဉ်လည်း ရှိထားခဲ့သည်။

ဂွီလော့ဒ်သည် ပြီးခဲ့သည့် ဇွန်လ ၂၂ ရက် မနက်ပိုင်းတွင် လော့စ်အိန်ဂျလိစ်မြို့အနီး ဆန်တာ ဘာဘရာမြို့တွင် ၎င်း၏ ရှေ့နေလိုက်ပါလျက် ရဲတပ်ဖွဲ့ထံ အဖမ်းခံခဲ့ခြင်းဖြစ်သည်။

၎င်းအနေဖြင့် ၂၀၁၂ ခုနှစ်ခန့်က ဖြစ်ခဲ့သည့် ဖြစ်စဉ်များအတွက် ကြီးလေးသည့် စွဲချက် ၁၁ ခုအထိ ရင်ဆိုင်နေရပြီး အများဆုံး ထောင်ဒဏ် ၂၁ နှစ်အထိ ကျခံရနိုင်ကြောင်း ဆန်တာ ဘာဘရာ ရှေ့နေများက ပြောသည်။

အလားတူ အဆိုပါ ရှေ့နေများက တရားစွဲဆိုမှု စာရွက်ထဲတွင် ပါသည့် စွပ်စွဲသူများ၏ အမည်များကို ထုတ်ဖော်သွားခဲ့ခြင်း မရှိပေ။

လက်ရှိအချိန်တွင် အသက် ၅၃ နှစ်ရှိ ဂွီလော့ဒ်က စွဲချက်အားလုံးကို ငြင်းဆိုထားကြောင်း ၎င်းက ရှေ့နေက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly