ဘရာဇီးတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်နေဟု WHO ပြော

ဘရာဇီးတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်နေဟု WHO ပြော

ဇွန် ၂၃

ကမ္ဘာ့နိုင်ငံကြီးအများအပြား၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ တစ်ချိန်တည်းမှာ မြင့်တက်လာနေပြီး လက်တင်အမေရိကနိုင်ငံများအနက် အထူးသဖြင့် ဘရာဇီးတွင် စိုးရိမ်ဖွယ်ရာ ကူးစက်မှုများရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က တနင်္လာနေ့တွင် ပြောသည်။

တနင်္ဂနွေနေ့က တစ်ကမ္ဘာလုံးတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၈၃ ၀၀၀ ဦးထက်မနည်းရှိခဲ့ပြီး ရောဂါစတင်ဖြစ်ပွားခဲ့သည့် ဒီဇင်ဘာလ နောက်ပိုင်း တစ်နေ့တာကူးစက်မှု အများဆုံးဖြစ်သည်ဟု WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ပြောသည်။

“ကပ်ရောဂါက လူဦးရေများတဲ့နိုင်ငံတွေမှာ တချိန်တည်းဖြစ်တော့ ကူးစက်သူအရေအတွက် များလာတာပါ။ တချို့အရေအတွက်တိုးတယ်ဆိုတာလည်း ရောဂါစမ်းသပ်မှုတွေ ပိုလုပ်လာလို့ပါ။ အိန္ဒိယဆိုရင် စမ်းသပ်မှုတွေ ပိုလုပ်လာတယ်” ဟု WHO ထိပ်တန်းအရေးအပေါ်အခြေအနေကျွမ်းကျင်သူ Mike Ryan က အွန်လိုင်းသတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။

တနင်္လာနေ့အထိစာရင်းအရ တစ်ကမ္ဘာလုံး၌ ရောဂါကူးစက်သူ ကိုးသန်းကျော်သွားခဲ့ပြီး အမေရိကန်၊တရုတ်နှင့် ရောဂါအပြင်းအထန်ခံရသောတခြားနိုင်ငံများတွင် ကူးစက်မှုအသစ်များ တွေ့ရှိခဲ့သည်။      

Ryan က ချီလီ၊ အာဂျင်တီးနား၊ ကိုလံဘီယာ၊ ပနားမား၊ ဘိုလီးဗီးယား၊ ဂွါတီမာလာနှင့် ဘရာဇီးနိုင်ငံများတွင် ဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်လာခဲ့ကြောင်းနှင့် ဘရာဇီးတွင် ရောဂါကူးစက်သူ တစ်သန်းကျော်အထိရှိပြီး အမေရိကန်ပြီးလျှင် ဒုတိယအများဆုံးဖြစ်ကာ ၂၄ နာရီအတွင်း ကူးစက်သူ ၅၄ ၀၀၀ ဦးအထိ စံချိန်တင်ကူးစက်ခဲ့သည်ဟု ဆိုသည်။

လက်တင်အမေရိက၏အကြီးဆုံး ဘရာဇီးနိုင်ငံတွင် ပြီးခဲ့သည့်လက တစ်ရက်လျှင် လူတစ်ထောင်ထက်မနည်း သေဆုံးခဲ့သည်။ ‘အပူပိုင်းဒေသ ထရမ့်’ ဟု ခေါ်ဆိုကြသည့် ဘရာဇီးသမ္မတ ဂျိုင်ယာဘိုဆိုနာရိုသည် ကပ်ရောဂါကိုင်တွယ်ပုံညံ့ဖျင်း၍ ဝေဖန်ခံခဲ့ရသည်။ ဘရာဇီးတွင် သမ္မတနှင့်အချင်းများ၍ ကျန်းမာရေးဝန်ကြီးနှစ်ယောက် နုတ်ထွက်ပြီးနောက်ပိုင်း ဧပြီလကတည်းက ရာထူးနေရာလစ်လပ်နေခဲ့သည်။

ဘိုဆိုနာရိုက ရုပ်ပိုင်းဆိုင်ရာအကွာအဝေးကန့်သတ်ခြင်းကို ရှောင်ကြဉ်ခဲ့ပြီး ထိုလုပ်ရပ်သည် ဗိုင်းရပ်စ်ထက် ပိုအန္တရာယ်များသော အလုပ်အကိုင်ပျက်သည့်အစီအမံအဖြစ် ဝေဖန်ခဲ့သည်။  သူကိုယ်တိုင်လည်း ငှက်ဖျားရောဂါဆေးအဖြစ်သုံးသည့် ကလိုရိုကွင်းနှင့် ဟိုက်ဒရောက်ဆီကလိုရိုကွင်းဆေး နှစ်မျိုးကို သောက်သုံးခဲ့သည်။

ဂျာမနီတွင်လည်း ဗိုင်းရပ်စ်ကူးစက်ပွားများမှုနှုန်းမှာ တနင်္ဂနွေနေ့က ၂.၈၈ ရှိသည့်အတွက် စိုးရိမ်မိသည်ဟု WHO က ပြောသည်။ ဗိုင်းရပ်စ်တိုက်ဖျက်ရာတွင် ကမ္ဘာလုံးဆိုင်ရာခေါင်းဆောင်မှုနှင့်စည်းလုံးမှု ကင်းမဲ့နေခြင်းသည် ရောဂါဖြစ်ပွားမှုထက် ပိုမိုကြီးမားသော ခြိမ်းခြောက်မှုအန္တရာယ်တစ်ခုဖြစ်ကြောင်းနှင့် အဆိုပါ နိုင်ငံရေးသဘောက ကပ်ရောဂါကို ပိုမိုဆိုးရွားစေကြောင်း Tedros က ပြောသည်။

WHO သည် အဖွဲ့ဝင်နိုင်ငံများ အထူးသဖြင့် အမေရိကန်၏ဝေဖန်မှုကို ခံခဲ့ရပြီး ရောဂါစတင်ဖြစ်ပွားချိန်၌ ကိုင်တွယ်ဖြေရှင်းရာတွင် အလွန်နှေးကွေးအားနည်းပြီး တရုတ်ကို ဗဟိုပြုလွန်းသည်ဟု အမေရိကန်က ပြစ်တင်ရှုတ်ချခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly