ဟာ့ချ်ဘုရားဝတ်ပြုပွဲသို့ ပြည်ပမှ လာရောက်မည့်သူများကို ဆော်ဒီ အာရေးဗျ ပိတ်ပင်မည်

ဟာ့ချ်ဘုရားဝတ်ပြုပွဲသို့ ပြည်ပမှ လာရောက်မည့်သူများကို ဆော်ဒီ အာရေးဗျ ပိတ်ပင်မည်

ဇွန် ၂၃

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် ယခုနှစ် ဟာ့ချ် ဘုရားဝတ်ပြုပွဲ တက်ရောက်ရန်အတွက် နိုင်ငံရပ်ခြားမှ လာရောက်မည့် ဘုရားဖူးများကို ပိတ်ပင်သွားမည်ဖြစ်ကြောင်း ဆော်ဒီ အာရေးဗျအစိုးရက ဇွန်လ ၂၂ ရက်တွင် ကြေညာလိုက်သည်။

ယခုနှစ် ဟာ့ချ် ဘုရားဝတ်ပြုပွဲတွင် ဆော်ဒီ နိုင်ငံသားများနှင့် ဆော်ဒီ အာရေးဗျနိုင်ငံတွင် နေထိုင်သူများ ပါဝင်သည့် ဘုရားဖူးဦးရေ အကန့်အသတ်တစ်ခုကိုသာ  ဘုရားဖူးခွင့် ပြုမည်ဖြစ်ပြီး social distancing ဟု ခေါ်သည့် သီးခြား ခပ်ခွာခွာနေရေး အစီအမံများကိုလည်း ပြဋ္ဌာန်းမည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာတဝန်းရှိ မွတ်စလင်ဘာသာဝင်များကို မက္ကာမြို့သို့  ဘုရားဖူးလာရောက်ခွင့် မပြုသည့် ယခုကြေညာချက်သည် မျက်မှောက်ခေတ်ကာလတွင် ပထမဆုံးအကြိမ်လည်း ဖြစ်သည်။

မွတ်စလင်ဘာသာဝင်အားလုံးသည် တစ်သက်တွင် အနည်းဆုံး တစ်ကြိမ် မက္ကာသို့ ဟာ့ချ် ဘုရားဖူးသွားမည်ဟု ရည်မှန်းထားကြသည်။

“အများပြည်သူ ကျန်းမာရေး အမြင်ရှုထောင့်ကနေ ကြည့်ပြီးတော့ ဒီနှစ် ဟာ့ချ်ဘုရားဝတ်ပြုပွဲကို ဘေးအန္တရာယ် ကင်းကင်းရှင်းရှင်းနဲ့ ကျင်းပနိုင်အောင်လို့ ဒီ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ရတာဖြစ်ပါတယ်၊ လူတွေကို ဒီ ကပ်ရောဂါနဲ့ ဆက်နွယ်တဲ့ အန္တရာယ်တွေကနေ ကင်းဝေးအောင် ကာကွယ်ပေးနိုင်ဖို့အတွက် လိုအပ်တဲ့ သီးခြားခပ်ခွာခွာနေစေတဲ့ အစီအမံတွေကိုလည်း ကျင့်သုံးမှာပါ” ဟု ဘုရားဖူးခရီးစဉ်များကို ကြီးကြပ်သည့် ဝန်ကြီးဌာနက ထုတ်ပြန်သွားခဲ့သည်။

ဆော်ဒီ အာရေးဗျနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူစုစုပေါင်းသည် ၁၆၀,၀၀၀ ကျော်နှင့် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁,၃၀၇ ဦး ရှိနေကြောင်း သိရသည်။

သီတင်းပတ်နှင့်ချီ ကြာသည့် ဟာ့ချ် ဘုရားဝတ်ပြုပွဲအတွက် မက္ကာနှင့် မက်ဒီနာ မြို့ရှိ အစ္စလမ်ဘာသာဝင်တို့၏ အထွတ်အမြတ် နေရာများသို့ ပုံမှန်အားဖြင့် ဘုရားဖူး ၂ ဒသမ ၅ သန်းခန့် လာရောက်လေ့ ရှိကြောင်း သိရသည်။

တရားဝင် ဒေတာစာရင်းများအရ ဆော်ဒီ အာရေးဗျ အာဏာပိုင်များသည် ဟာ့ချ် ဘုရားဖူးပွဲမှ တစ်နှစ်လျင် ဒေါ်လာ ၁၂ ဘီလီယံခန့် ရရှိကြောင်း သိရသည်။

ဆော်ဒီ ဘုရင့်နိုင်ငံသည် ပြီးခဲ့သည့် မတ်လက နိုင်ငံတကာ ခရီးသည် လေယာဉ်များကို ပိတ်ပင်ခဲ့ပြီး မွတ်စလင်များကိုလည်း နောက်ထပ် အသိပေးချက် မရမချင်း ဟာ့ချ် ဘုရားဖူးပွဲနှင့်ပတ်သက်သည့် အစီအစဉ်များကို ဆိုင်းထားရန် တောင်းဆိုထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly