ရခိုင်စစ်ရှောင်စခန်း ၁၀ ခုကျော်မှ လူတစ်သောင်းဝန်းကျင် ရေဘေးဒုက္ခကြုံနေရ

ရခိုင်စစ်ရှောင်စခန်း ၁၀ ခုကျော်မှ လူတစ်သောင်းဝန်းကျင် ရေဘေးဒုက္ခကြုံနေရ
ပုံ - ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများ အစည်းအရုံး

ဇွန် ၂၂ရက်

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ရှောင်စခန်း ၁၀ ခုကျော်ထဲမှ လူတစ်သောင်းကျော်သည် ရေဘေးဒုက္ခကြုံနေရ ကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများ အစည်းအရုံး (REC) ဉက္ကဋ္ဌ ဦးရွှေဘော်စိန်က ပြောသည်။

တပ်မတော်နှင့် ရခိုင့်တပ် (AA) တို့ တိုက်ပွဲဖြစ်ပွားရာဒေသများဖြစ်သည့် မြောက်ဦး ၊မင်းပြား၊ မြေပုံ စသည့် မြို့နယ်များတွင်  အဓိကကြုံနေရခြင်းဖြစ်သည်။

“ လူဦးရေ တစ်သောင်းကျော်လောက်က ရေဘေးဒုက္ခနဲ့ ကိုးလို့ကန့်လန့်ဖြစ်နေတာကိုတွေ့ရတယ်။ အစိုးရ ဘက်ကတော့ ကူညီပေးဖို့အတွက် စရင်းတွေတင်ပေးလိုက်တယ်။ အချိန်နဲ့တပြေးညီ ကူညီထောက်ပံ့ဖို့ဆိုတာ က အင်မတန်မှအားနည်းတဲ့အတွက် လူမှု့အဖွဲ့အစည်းရဲ့ အကာအကွယ်နဲ့ သူတို့ရဲ့ထောက်ပံ့မှုကိုရယူပြီး ရပ်တည်ရတာတော့ အများကြီးရှိနေပါတယ် ” ဟု  ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများ အစည်းအရုံး (REC) ဉက္ကဋ္ဌ ဦးရွှေဘော်စိန်က ပြောသည်။

ရခိုင်စစ်ရှောင်စခန်းမှ လူအများစုသည် လက်ရှိတွင် တာလပတ်မိုးထားသည့် တဲများတွင် နေထိုင်နေကြရခြင်း ဖြစ်ပြီး နေရာထိုင်ခင်း ခိုင်ခိုင်မာမာမရှိသည့်အတွက် အမြန်ဆုံးစီစဉ်ပေးရန် လိုအပ်နေပြီဖြစ်ကြောင်းလည်း  ဦးရွှေဘော်စိန်က ပြောသည်။

ထို့ပြင် ဘုန်ကြီးကျောင်းများ၊ဓမ္မာရုံများနှင့်စာသင်ကျောင်းများတွင် နေထိုင်ရသူများလည်း ရှိနေသည်။
ယင်းကိစ္စများနှင့်ပက်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်အား ဖုန်းဖြင့်ဆက် သွယ် သော်လည်း အဆက်အသွယ်မရခဲ့ပေ။

“အခုဆိုရင် ဒါမုတ်သုံလေ အစပဲရှိသေးတယ်။ နောက် ဒီထပ်ပိုပြီးတော့ ရေကြီးမှုပြဿနာတွေကထပ်ပြီးရောက် လာမယ့် အနေအထားရှိတယ် ”ဟု ဦးရွှေဘော်စိန်က ပြောသည်။

ရခိုင်ပြည်နယ်အစိုးရမှ စစ်ဘေးရှောင်များနေထိုင်ရန် တန်ဖိုးနည်းအိမ်ယာများဆောက်လုပ်ပေးမည်ဖြစ်ကြောင်း ပြောဆိုထားသော်လည်း ယင်းမိုးလေလုံသည် အိမ်ယာများတွင် နေထိုင်ရသည့် စစ်ရှောင် မရှိသေးပေ။

ရခိုင်ပြည်နယ်နည်းတူ ချင်းပြည်နယ်၊ပလက်ဝဒေသက စစ်ရှောင်စခန်းများတွင်လည်း မိုးမလုံခြင်းကြောင့် နေရာထိုင်ခင်း အခက်တွေ့နေရသူမျာလည်း ရှိနေသည်။

သို့သော် ချင်းပြည်နယ်အစိုးရအဖွဲ့က ကျောင်းများပြန်လည်ဖွင့်လှစ်မည့် ဇူလှိုင် ၁၅ ရက်မတိုင်ခင် အိမ်ရာများကိုတည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

တိုက်ပွဲများကြောင့် ချင်းပြည်နယ်တွင် စစ်ဘေးရှောင် ၉၀၀၀ ပတ်ဝန်းကျင်ရှိနေပြီး ရခိုင်ပြည်နယ် တစ်ခုလုံး တွင် စစ်ဘေးရှောင် စခန်းပေါင်း ၁၀၀ ကျော်မှ  ဒုက္ခသည် တစ်သိန်းခွဲပတ်ဝန်းကျင်ရှိနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly