ရခိုင်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကူညီမည်ဟု တပ်မတော်ပြော

ရခိုင်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကူညီမည်ဟု တပ်မတော်ပြော
ပုံ- တပ်မတော်နေ့ အခမ်းအနားတွင် စစ်ရေးပြနေသော တပ်မတော်သားများ(Photo-AFP)

လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ရခိုင်ပြည်နယ်တွင် ကျင်းပနိုင်ရေးအတွက် လိုအပ်သည့် အကူအညီများ ပေးသွားမည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မဇ္ဈိမသို့ ပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်(AA)ကြား ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ကာ ယနေ့ချိန်ထိ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် အများအပြားတွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မကျင်းပနိုင်မည်ကို နိုင်ငံရေးပါတီများက စိုးရိမ်လျက်ရှိနေကြရာ တပ်မတော်က ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကူညီပေးမည်ဟု ဆိုသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ ရွေးကောက်ပွဲနဲ့ပတ်သက်လာရင် ကျွန်တော်တို့ အားပေးသွားမယ်၊ ဘယ်လိုပဲ ဖြစ်ဖြစ် လိုအပ်တဲ့ဟာတွေ ကျွန်တော်တို့လုပ်ဆောင်ပေးသွားဖို့ရှိတယ်။ ရွေးကောက်ပွဲက ပါတီစုံဒီမိုကရေစီရဲ့ အသက်လေ၊ ပါတီစုံဒီမိုကရေစီစနစ်ဆိုတာ တပ်မတော်ကနေပြီးတော့ စတင်ဆောင်ရွက်ခဲ့တဲ့ ပြည်သူ့ဆန္ဒနဲ့ အညီ လုပ်ပေးခဲ့တဲ့စနစ်ပါ။ ဒီစနစ်အပေါ်မှာ ပြည်သူလိုလားတဲ့အပေါ်မှာ ကျွန်တော်တို့က ပိုမို ခိုင်မာအောင် လုပ်သွားဖို့တော့ရှိပါတယ်”ဟု ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်(UEC)က ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း ၂၀၂၀ ခုနှစ်၊ဇွန် ၄ ရက်က သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောခဲ့သည်။

လက်ရှိတွင် ရခိုင်ပြည်နယ်၌ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးနှင့်ပတ်သက်ပြီး တပ်မတော်နှင့် UEC မှ တာဝန်ရှိသူ များ တစ်စုံတစ်ရာ တွေ့ဆုံ ဆွေးနွေးမှု မရှိသေးကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေး မှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

ရခိုင်အမျိုးသားပါတီ(ANP)မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကတော့ ရခိုင်ပြည်နယ်တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပစေလိုကြောင်း၊ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် အစိုးရက အဓိက တာဝန်ရှိကြောင်း၊ တပ်မတော်က ကူညီဆောင်ရွက်မည်ဆိုပါကလည်း ကောင်းမွန်ကြောင်းဆိုသည်။

ပုံ - ရခိုင်ပြည်နယ်၊ စစ်တွေမြို့အဝင်(ပုံ-Myint Lwin)

“တပ်မတော်က ကူညီမယ်ဆိုရင်လည်း ရွေးကောက်ပွဲ ကာလမှာ စစ်ပွဲတွေကို ရပ်စဲဖို့ပေါ့နော်၊ နှစ်ဖက် စလုံးက အဲဒါကို ညှိနှိုင်းမှု တစ်ခုရရင်တော့ ကောင်းမှာပေါ့။ AA ကလည်း သူတို့နဲ့ ညှိနှိုင်းပြီးမှ လုပ်ပါဆိုတဲ့ဟာ ပြော ထားတာ ရှိတယ်၊ ဒါပေမယ့် အဲ့ကြားထဲမှာ AA ကို အကြမ်းဖက် အဖွဲ့အစည်းလို့ သတ်မှတ်လိုက်တဲ့ အခါမှာ တပ်မတော်၊ အစိုးရဘက်က သူ့ကို ညှိမှာမဟုတ်ဘူး။ ညှိမှာမဟုတ်ဘူးဆိုတော့ ကျွန်တော်ထင်ပါတယ် ဟို ဘက်ကလည်း ရွေးကောက်ပွဲကို နှောက်ယှက်မှာ မဟုတ်ဘူး။ နှောက်ယှက်မှာ မဟုတ်ဘူးဆိုတော့ ဒါကို တပ်မတော်က ဘယ်လို ကူညီရမလဲဆိုရင် ရွေးကောက်ပွဲကာလမှာ ကျွန်တော်တို့က ဆွေးနွေးပွဲတွေ ဖြစ်စေ ချင်တယ် ၊ ဆွေးနွေးပွဲတွေ မဖြစ်ရင်လည်း ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ တပ်မတော်က လုံခြုံရေး အရ ပေါ့နော်”ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဆိုပါက မိမိတို့ကို လာရောက် ညှိနှိုင်းရမည်ဟု AA ၏ စစ်ဦးစီးချုပ် ဖြစ်သူ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၁၇ ရက်က ဧရာဝတီနှင့်အင်တာဗျူးမှာ ပြောထား သည်။

“ကျွန်တော်တို့ကို လာပြီး ညှိနှိုင်းမယ်။ သဘောကတော့နော် ပြည်သူတွေကလည်း ရွေးကောက်ပွဲကို ဖြစ်စေ ချင်တယ်၊ အစိုးရကလည်း ဖြစ်စေချင်တယ်ဆိုရင် ကျွန်တော်တို့နဲ့ လာပြီး ညှိနှိုင်းပေါ့။ ဒီရွေးကောက်ပွဲ ကာလ တွေမှာ ဘယ်လိုထိန်းသိမ်းမယ် ဆိုရင်တော့ ဖြစ်နိုင်ခြေတွေတော့ ရှိပါတယ်။ ဘာလို့ဆိုတော့ ကျွန်တော် တို့က ပြည်သူ့ဆန္ဒကို လေးစားတယ်။ ဒီမိုကရေစီစနစ်အရ ဆန္ဒထုတ်ဖော်ခြင်း၊ သူ့ရဲ့စနစ်ကို ကျင့်ကြံအား ထုတ်ခြင်း ဆိုတဲ့ ကိစ္စတွေပေါ့။ ကျွန်တော်တို့ကို လာရောက် ညှိနှိုင်းမယ်ဆိုရင် လေးလေးစားစား နဲ့ ပူးပေါင်း ဆောင်ရွက် လို့ ရတယ်”ဟု ၎င်းက ပြောထားသည်။

လက်ရှိတွင် AA အဖွဲ့ကို အစိုးရက အကြမ်းဖက်အုပ်စုနှင့်မတရားအသင်းအဖြစ် ၂၀၂၀ ခုနှစ်၊မတ်လ ၂၃ ရက် ထုတ်ပြန် ကြေညာထားသည်။

ထို့ကြောင့် ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲကျင်းပနိုင်ရေး ကိစ္စနှင့် ပတ်သက်ပြီး AA အဖွဲ့ကို ညှိနှိုင်းနိုင်ခြေ မရှိကြောင်း၊ သို့သော်လည်း AA အနေဖြင့် ရွေးကောက်ပွဲကို နှောက်ယှက်နိုင်ခြေ မရှိနိုင်ကြောင်း ရခိုင် အမျိုးသားပါတီ(ANP)မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် မြို့နယ်ပေါင်း ၁၇ မြို့နယ်ရှိပြီး လွှတ်တော် ကိုယ်စားလှယ် ၄၇ နေရာ ယှဉ်ပြိုင်ရမည့် အနက် တပ်မတော်က ၁၂ နေရာမှာ ယှဉ်ပြိုင်စရာမလိုအပ်ပေ။ အဆိုပါ ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင် ခဲ့ပါက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)၊ ရခိုင်အမျိုးသားပါတီ( ANP)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)တို့ အပြိုင်အဆိုင် ယှဉ်ပြိုင်ကြရမည့် အခြေအနေမှာ ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly