ဒိန်းမတ်မှာ ကွင်းအတွင်း ဘောလုံးပွဲကြည့်ဖို့ ပရိသတ် ၃,၀၀၀ အထိ ခွင့်ပြုခဲ့ 

ဒိန်းမတ်မှာ ကွင်းအတွင်း ဘောလုံးပွဲကြည့်ဖို့ ပရိသတ် ၃,၀၀၀ အထိ ခွင့်ပြုခဲ့ 
Photos: EPA

ဒိန်းမတ်နိုင်ငံမှာ COVID-19 ကန့်သတ်ချက်တွေ ဖြေလျှော့ခဲ့ပြီးနောက် ကိုပင်ဟေဂင်မြို့ဆင်ခြေဖုံးမှာ ဘောလုံးပွဲစဉ်တစ်ပွဲ (Brondby vs FC Copenhagen)ကို ကွင်းအတွင်း ကြည့်ရှုဖို့ ပရိသတ် ၃,၀၀၀ အထိ ခွင့်ပြုခဲ့ပါတယ်။

ဒါပေမယ့် ဒီလိုကြည့်ရှုခွင့်ပြုတဲ့အနေအထားမှာတော့ ပရိသတ်တွေအနေနဲ့ တတ်နိုင်သမျှ တစ်ဦးနဲ့ တစ်ဦးကြား တစ်မီတာအကွာ အနည်းဆုံး ထိုင်ခုံနှစ်လုံးခြားပြီး နေဖို့တော့ လိုက်နာရမှာဖြစ်ပါတယ်။

ဇွန်လ ၂၁ ရက်နေ့က ကစားခဲ့တဲ့ Brondby နဲ့ Copenhagen တို့ပွဲစဉ်ဟာ ပရိသတ် ၃,၀၀၀ အထိ ကွင်းအတွင်းကြည့်ရှုခွင့်ရမယ့် ပွဲစဉ် သုံးပွဲထဲက တစ်ပွဲအဖြစ် ဒိန်းမတ် အာဏာပိုင်တွေက ရွေးချယ်ခဲ့တာပါ။

"ဘောလုံးပွဲတွေနဲ့ သုံးလလောက်ကြာ ဝေးကွာပြီးတဲ့နောက် ကျနော့်ဘဝမှာ အကောင်းဆုံး အတွေ့အကြုံပေါ့။ ကျနော့် သမီးလေးမွေးတုန်းက အတွေ့အကြုံကလွဲရင်ပေါ့ဗျာ။"လို့ အသက် ၄၁ နှစ်အရွယ် ပရိသတ် Chris က ပြောပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အင်္ဂလန်မှာ ကွင်းအတွင်း ပရိသတ်အော်ဟစ်ဆူညံသံအတုနဲ့အတူ ပရီးမီးယားလိဂ်ပြန်လည်စတင်ခဲ့ပါတယ်။

ဒိန်းမတ် စူပါလီဂါပြိုင်ပွဲကတော့ ကွင်းအတွင်း ပရိသတ်တွေ ပုံမှန်ထက် လျော့နည်းပေမယ့် ပရီးမီးယားလိဂ်လိုတော့မဟုတ်ဘဲ ကစားသမားတွေဟာ ပရိသတ်တွေရဲ့ အားပေးသံစစ်စစ်ကို ကြားနိုင်မှာဖြစ်ပါတယ်။

အသက် ၂၂ အရွယ်အမျိုးသား ပရိသတ်တစ်ဦးဖြစ်တဲ့ Emil ကလည်း "အခုလို ပြန်ကြည့်ခွင့်ရတာက အရမ်းကို အံ့သြစရာကောင်းပါတယ်။ ကစားကွင်း ပြီးတော့ ဒီမှာ ရှိတဲ့ လူတိုင်းနဲ့ အရာတိုင်းကို ကျနော် အရမ်းလွမ်းခဲ့တယ်။ ဒါ့ကြောင့် အခုလို ကွင်းထဲပြန်ရောက်လာတာ အရမ်းပဲကောင်းတယ်။"လို့ ပြောပါတယ်။

ဒိန်းမတ်စူပါလိဂ်ပြိုင်ပွဲမှာတော့ Midtjylland အသင်းက ၆၅ မှတ်နဲ့ ဇယားထိပ်ကနေ ဦးဆောင်နေပြီး Copenhagen နဲ့ Brondby အသင်းတို့က အဆင့် ၂ နဲ့ ၄ နေရာမှာ အသီးသီးရပ်တည်နေပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly