အမျိုးသားတွေ အသက်ကြီးလာရင် လိင်မှုစွမ်းဆောင်ရည် ကျသွားတတ်သလား

အမျိုးသားတွေ အသက်ကြီးလာရင် လိင်မှုစွမ်းဆောင်ရည် ကျသွားတတ်သလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win | ရေးသားသူ Dr. Thiha Phyo Myint

အမျိုးသားတွေ အသက်ကြီးလာလေ လိင်ဆက်ဆံဖို့ စိတ်မဝင်စားလေ ဖြစ်တတ်သလားဆိုတဲ့အကြောင်းနဲ့ ပတ်သက်ပြီး ပြောပြပါ့မယ်။

အရင်ဆုံးပြောချင်တာက သဘာဝကိုလွန်ဆန်လို့ မရဘူးဆိုတာပါပဲ။ လူဖြစ်ဖြစ်၊ သက်မဲ့ပစ္စည်းဖြစ်ဖြစ် အချိန်ကြာလာရင် ဖြည်းဖြည်းချင်း ပျက်စီးယိုယွင်းသွားတာပဲ မဟုတ်လား။ ဘယ်လောက်ပဲ ကျန်းမာရေးကောင်းပြီး ကြံ့ခိုင်သူဖြစ်နေပါစေ၊ အချိန်တန်တော့လည်းဇရာကိုအရှုံးပေးရမှာပဲမဟုတ်လား။ ဒီလိုပဲလေ၊ အမျိုးသားတွေရဲ့ ဆန့်ကျင်ဖက်လိင် အပေါ်စိတ်ဝင်စားမှု၊ လိင်ဆက်ဆံလိုမှုဆိုတာတွေလည်း အသက်ကြီးလာလေ တဖြည်းဖြည်းလျော့နည်းသွားတတ်တဲ့ သဘောရှိတယ်။ ဒါလည်းသဘာဝကျပါတယ်။ ဘယ်သူမှတော့ မွေးကတည်းကနေ သေတဲ့အချိန်ထိ လိင်စိတ်ပြည့်ဝနေတယ်ဆိုတာမျိုး ရှိမှာမဟုတ်ပါဘူး။ (သဘာဝလည်းမကျပါဘူး)။

အမျိုးသားတစ်ယောက်ရဲ့ လိင်စိတ်အခြေအနေကို အသက်အရွယ်နဲ့ ချိန်ထိုးကြည့်နိုင်ပါတယ်။ အသက် ၂၀ လောက်မှာဆို လူပျိုဖော်ဝင်စဆိုတော့ ပုံမှန်ထက်လည်းတက်ကြွနေမယ်၊ ကျား/မ ကိစ္စတွေကို လည်းစိတ်ဝင်စားနေပြီး လက်တည့်စမ်းချင်စိတ်လည်းရှိနေနိုင်တယ်။ တက်စတိုစတီရုန်းလို့ခေါ်တဲ့ အမျိုးသားတွေ လိင်စိတ်တက်ကြွအောင် လှုံ့ဆော်ပေးတဲ့ ဟော်မုန်းလည်း များနေတယ်။ ဒီအချက်တွေ အားလုံးပေါင်းလိုက်တော့ အသက် ၂၀ ဆိုတာ အမျိုးသားတွေအတွက် လိင်စိတ်အပြည့်ဝဆုံး အချိန်ဖြစ်လာပါတယ်။

အသက် ၃၀ လောက်ကနေ ၄၀ ကျော်ကျော်ထိကလည်း သိပ်ပြဿနာမရှိသေးဘူး။ အသက် ၂၀ တုန်း ကလောက်ဖလန်းဖလန်းထမနေနိုင်ပေမဲ့ ဒီအသက်အရွယ်လောက်မှာလည်း အမျိုးသားအများစုက သန်သန်မာမာရှိတုန်းပဲ။ ဒါပေမဲ့ အသက်၃၅နှစ်ကျော်ရင်တော့ တက်စတိုစတုန်းဟော်မုန်းက တဖြည်းဖြည်းအကျဖက်ကိုရောက်လာပါပြီ။ နောက်ပြီး အလုပ်ကိစ္စတွေ၊ မိသားစုအရေးကိစ္စတွေ ကလည်း လိင်စိတ်အပေါ် သက်ရောက်မှုရှိပါတယ်။ အလုပ်ကဖိအားအရမ်းများမယ် ဒါမှမဟုတ် ချစ်သူ/ဇနီးမယားနဲ့ အဆင်မပြေလို့ စိတ်ရှုပ်နေမယ်ဆိုလည်း လိင်ဆက်ဆံတဲ့နေရာမှာ အဆင်မပြေတာမျိုး ကြုံရတတ်ပါတယ်။

အသက် ၅၀ ကျော်လာပြီ၊ တခြားရောဂါတွေလည်းမရှိသလို ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာလည်း ပြဿနာမရှိသူ တစ်ယောက်ဆိုရင် ဒီအချိန်မှာလည်း လိင်ဆက်ဆံဖို့ ပြဿနာမရှိသေးပါဘူး။ ငယ်ငယ်ကတည်းက ကျန်းမာရေး မှန်မှန်လိုက်စားခဲ့ပြီး အရက်/မူးယစ်ဆေးဝါး မသုံးစွဲခဲ့သူဖြစ်မယ်၊ ထွေထွေထူးထူးရောဂါတွေလည်း မရှိဘူးဆို အသက် ၅၀ ကနေ ၆၀ ကျော်ထိ ချစ်သူဇနီးမယားနဲ့ အိုကေနေမှာပါ။

ဒါပေမဲ့အပွင့်လင်းဆုံးပြောရရင် အမျိုးသားအများစုရဲ့ လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်က အသက် ၇၀ လောက်ကစပြီးအကျဖက်ကို ဦးတည်နေပါပြီ။ လိင်အင်္ဂါထောင်မတ်ဖို့ခက်ခဲတဲ့ပြဿနာ (Erectile Disfunction) ၊ ကြွက်သားအားနည်းတဲ့ပြဿနာ၊ တခြား အထွေထွေရောဂါတွေဖြစ်တဲ့ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အဝလွန်ရောဂါတွေလည်း အစပျိုးလာပြီ ဖြစ်တဲ့အတွက် အရင်တုန်းကလို အားကောင်းမောင်းသန် မဖြစ်တော့ဖို့များပါတယ်။လိင်စိတ်လျော့နည်းတဲ့ ပြဿနာဖြစ်ပွားသူ အများစုကလည်း အသက် ၇၀ ကျော်မှာဖြစ်ပွားတဲ့အတွက် ဒီအသက်အရွယ်အထိ လိင်မှုစွမ်းဆောင်ရည် အကောင်းတိုင်းရှိဖို့ ဆိုတာ တော်တော်ကြီး ကျန်းမာရေးကောင်းတဲ့သူဖြစ်နေမှပဲ ရမှာပါ။

အမျိုးသားတစ်ယောက် လိင်မှုစွမ်းဆောင်ရည်ပုံမှန်အတိုင်းရှိအောင် ဘယ်အရာတွေကသက်ရောက် ထိန်းချုပ်နေလဲဆိုတာတော့ နည်းနည်းရှင်းပြရခက်ပါတယ်။ ဆေးပညာရှုထောင့် တစ်ခုတည်းကနေပဲ ဆုံးဖြတ် လို့မရသလို စိတ်ပိုင်းဆိုင်ရာ၊ လူမှုဆက်ဆံရေး၊ ပုံပန်းသွင်ပြင် ဒီလိုအချက်တွေပေါ်လည်း မူတည်နေပါ သေးတယ်။ အမျိုးသားတွေရဲ့ လိင်မှုစွမ်းဆောင်ရည်ကောင်းအောင် အဓိကလုပ်ပေးတဲ့နေရာမှာ ပါဝင်တဲ့ တက်စတိုစတီရုန်းဟော်မုန်းကို ဝှေးစေ့ထဲကထုတ်လုပ်ပါတယ်။ တက်စတိုစတီရုန်းဟော်မုန်းက လိင်စိတ် တက်ကြွဖို့တင်မဟုတ်ဘဲ ယောင်္ကျားတစ်ယောက်ရဲ့ သွင်ပြင်လက္ခဏာတွေဖြစ်တဲ့ အမွှေးအမျှင်ထူထဲတာ၊ ကြွက်သားထွက်တာ၊ သုတ်ကောင်ရေပမာဏများတာနဲ့ အရိုးကျန်းမာရေးအတွက်ပါ အရေးကြီးပါတယ်။ ဟော်မုန်းပမာဏကျဆင်းနေတဲ့အမျိုးသားတချို့မှာ ရင်သားတွေ ပုံမှန်ထက်ကြီးလာခြင်းနဲ့ လိင်အင်္ဂါမထောင်မတ်နိုင်တဲ့ ပြဿနာတွေဖြစ်လာနိုင်ပါတယ်။

စိတ်ပိုင်းဆိုင်ရာရှုထောင့်က ကြည့်မယ်ဆိုရင်လည်း စိတ်ကျရောဂါရှိတဲ့သူ၊ ရှက်ကြောက်သိမ်ငယ်မှုလွန်ကဲနေသူ၊ ကိုယ့်ခန္ဓာကိုယ် သွင်ပြင်နဲ့ပတ်သက်ပြီး ကျေနပ်မှုမရှိသူ စတဲ့သူတွေရဲ့ လိင်မှုစွမ်းဆောင်ရည်က တခြားအမျိုးသားတွေလောက် မကောင်းမွန်တာကိုတွေ့ရှိရပါတယ်။

နောက်ပြီး ဆီးချိုရောဂါ၊ အရိုးပွရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ကင်ဆာရောဂါလို နာတာရှည်ရောဂါတချို့ ရှိနေတာကြောင့်လည်း လိင်မှုစွမ်းဆောင်ရည်ကျဆင်းသွားနိုင်ပါတယ်။ ရောဂါတွေကြောင့်တင်မဟုတ်ဘဲ တချို့ရောဂါတွေကိုကုသဖို့သုံးတဲ့ဆေးဝါးတွေ၊ ကုသမှုတွေကလည်း လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်ကို ထိခိုက်စေပါတယ်၊ ဥပမာ – စိတ်ကျရောဂါအတွက် သောက်သုံးရတဲ့ဆေးဝါးတွေ၊ ဆီးကျိတ်ကြီးလို့ သောက်ရတဲ့ဆေးဝါးတွေ ၊သွေးတိုးကျဆေးတွေ၊ ကင်ဆာရောဂါအတွက် ဓာတ်ကင်ကုသမှုတွေနဲ့ ကင်ဆာဆေးဝါးတွေ ပါဝင်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly