ကမ္ဘာ့အဆင်းရဲဆုံးသမ္မတ ဟိုဆေးမူဟီကာ

ကမ္ဘာ့အဆင်းရဲဆုံးသမ္မတ ဟိုဆေးမူဟီကာ

ဇွန် ၂၀

နိုင်ငံရေးသမားများ၏ဘဝနေထိုင်မှုပုံစံသည် ၎င်းတို့မဲဆန္ဒရှင်များနှင့်နှိုင်းယှဉ်လျှင် အလှမ်းကွာလွန်းသည်မှာ မကျေနပ်စရာကိစ္စတစ်ခုဖြစ်သည်။ ဥရုဂွေးနိုင်ငံတွင်မူ ထိုသို့မဟုတ်ပေ။ သမ္မတဟောင်း ဟိုဆေးမူဟီကာသည် အနေစုတ်သည့် လယ်တောတွင်နေကာ လစာအများစုကို စွန့်ကြဲပေးကမ်းသူတစ်ဦးဖြစ်သည်။

အိမ်ရှေ့တွင် လျှော်ပြီးသားအဝတ်များကို ကြိုးတန်းလှမ်းထားသလို ရေကိုလည်း ပေါင်းပင်များထနေသည့် ခြံဝင်းထဲရှိရေတွင်းမှ ယူသုံးသည်။ အိမ်အပြင်ဘက်တွင် ၎င်းကို စောင့်ရှောက်နေသော ရဲအရာရှိနှစ်ဦးနှင့် မန်နျူအဲလာ ခေါ် ခြေထောက်သုံးချောင်းသာပါသော ခွေးလေးတစ်ကောင် ရှိသည်။ ဟိုဆေးမူဟီကာ၏ နေထိုင်မှုပုံစံသည် တခြားကမ္ဘာ့ခေါင်းဆောင်အများစုနှင့် သိသိသာသာ ကွာခြားလွန်းလှသည်။

ခေါင်းဆောင်များအတွက် နိုင်ငံတော်ကပေးထားသော ဇိမ်ခံအိမ်ကို ပစ်ပယ်ပြီး မြို့တော် မွန်တီဗီဒီယို ပြင်ပ ဖုန်ထူသောလမ်းဘေးရှိ သူ့ဇနီး၏လယ်တောအိမ်တွင်နေထိုင်ရန် ရွေးချယ်ခဲ့သည်။ ဇနီးမောင်နှံနှစ်ယောက်သည် လယ်ထဲတွင် ပန်းများစိုက်ပျိုးကာ နေထိုင်ကြသည်။

မူဟီကာသည် အမေရိကန်‌ဒေါ်လာ ၁၂ ၀၀၀ နှင့်ညီမျှသော သူ့လစာ၏ ၉၀ ရာခိုင်နှုန်းကို လှူဒါန်းကာ ခြိုးခြံစွာနေထိုင်ပြီး ကမ္ဘာ့အဆင်းရဲဆုံးသမ္မတအဖြစ် ကင်ပွန်းတပ်ခံရသူဖြစ်သည်။

သူ့ခွေးလေး အကြိုက် ထိုင်ခုံဟောင်းတစ်လုံးမှာထိုင်ရင်း “ ကျွန်တော့်ဘဝရဲ့အချိန်အများစုကို ဒီလိုပဲဖြတ်သန်းနေထိုင်ခဲ့တာပါ။ ရှိတာလေးနဲ့ အဆင်ပြေအောင် နေနိုင်ပါတယ်” ဟု မူဟီကာ ကဆိုသည်။

သူ့လှူဒါန်းငွေများမှာ မရှိဆင်းရဲသားများနှင့် အသေးစား စွန့်ဦးတီထွင်သူလုပ်ငန်းရှင်များအတွက်ဖြစ်ပြီး သူ့အတွက် တစ်လဝင်ငွေမှာ ဥရုဂွေးနိုင်ငံသားများ၏ ပျမ်းမျှဝင်ငွေကဲ့သို့ အမေရိကန်ဒေါ်လာ ၇၇၅ သာ ကျန်ရှိသည်။ ၂၀၁၀ က အစိုးရအရာရှိများမဖြစ်မနေလုပ်ရသည့် ပိုင်ဆိုင်မှုကြေညာချက်အရ ဒေါ်လာ ၁ ၈၀၀  တန် ၁၉၈၇ Volkswagen Beetle ကားတစ်စီးသာရှိသည်။ သူ့ဇနီးပိုင်ဆိုင်သည့် မြေ၊ လယ်ထွန်စက်များနှင့် အိမ်တစ်လုံးကို ထည့်သွင်းကြေညာမှ  ဒေါ်လာ ၂၁၅ ၀၀၀ ထိ ဖြစ်သွားခဲ့သည်။ ထိုပိုင်ဆိုင်မှုပမာဏသည် ဒု-သမ္မတ Danilo Astori ပိုင်ဆိုင်မှု၏ သုံးပုံနှစ်ပုံနှင့် ယခင်သမ္မတ Tabare Vasquez ကြွယ်ဝမှု၏ သုံးပုံတစ်ပုံသာရှိသည်။

မူဟီကာသည် ၂၀၀၉ ခုနှစ်တွင် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ကျူးဘားတော်လှန်ရေးကိုထောက်ခံသော လက်ဝဲလက်နက်ကိုင်အုပ်စုဖြစ်သည့် ဥရုဂွေးပြောက်ကျားတပ် Tupamaros တွင် ၁၉၆၀ နှင့် ၁၉၇၀ နှစ်များအတွင်း ပါဝင်ခဲ့သည်။ မူဟီကာသည် ခြောက်ကြိမ် လက်နက်ထိမှန်ခဲ့ပြီး ၁၄ နှစ်ထောင်ကျဖူးသည်။ ထိန်းသိမ်းခံရစဉ် တိုက်ပိတ်မှုများခံခဲ့ရပြီး နိုင်ငံဒီမိုကရေစီခေတ်ရောက်ချိန် ၁၉၈၅ တွင် ပြန်လည်လွတ်မြောက်ခဲ့သည်။ ထောင်နန်းစံခဲ့ရသောနှစ်များက ၎င်း၏အမြင်သဘောထားကို ကူညီပုံဖော်ပေးခဲ့သည်ဟု  မူဟီကာက ဆိုသည်။

“ ကျွန်တော့်ကို အဆင်းရဲဆုံးသမ္မတလို့ခေါ်ကြတယ်။ ကျွန်တော်က အဲဒီလိုမခံစားမိပါဘူး။ ဆင်းရဲတဲ့လူဆိုတာ အကုန်အကျများတဲ့နေထိုင်မှုဘဝကို ထိန်းဖို့ကြိုးစားနေတဲ့သူတွေဖြစ်ပြီး ရလေလိုလေ အိုတစ္ဆေ လူစားမျိုးတွေပါ။ ဒါက လွတ်မြောက်မှုပါ။ ပိုင်ဆိုင်မှု များများစားစားမရှိရင် အဲဒါတွေကို ထိန်းသိမ်းဖို့ ကျွန်တစ်ယောက်လို လုပ်နေစရာ မလိုတော့ဘူး။ ကိုယ့်အတွက်လည်း အချိန်ပိုရလာတယ်။ ကျုပ်က သူများနဲ့မတူတဲ့ ရူးကြောင်ကြောင် အဖိုးကြီးတစ်ယောက်ပုံစံ ဖြစ်ချင်ဖြစ်နေမယ်။ ဒါပေမယ့် ဒါက လွတ်လပ်တဲ့ရွေးချယ်မှုပဲလေ” ဟု မူဟီကာ ကပြောသည်။

Rio+၂၀ ထိပ်သီးအစည်းအဝေးတွင်လည်း မူဟီကာက “ ဆင်းရဲမွဲတွေမှုလွတ်မြောက်ဖို့ဆိုပြီး ကျွန်တော်တို့ တစ်နေ့လည်လုံး ရေရှည်တည်တံ့ဖွံ့ဖြိုးမှုအကြောင်းကို ဆွေးနွေးနေကြတယ်။ ကျွန်တော်တို့ ဘာတွေ စဉ်းစားနေကြတာလဲ။ ချမ်းသာတဲ့နိုင်ငံတွေရဲ့ ဖွံ့ဖြိုးမှုနဲ့ စားသုံးမှုပုံစံတွေကို လိုချင်နေကြတာလား။ ဂျာမနီလို တစ်အိမ်ထောင်ကို ကားပိုင်ဆိုင်တဲ့အချိုးအစားအတိုင်း အိန္ဒိယနိုင်ငံသားတွေ ကားပိုင်ဆိုင်ရင် ဒီကမ္ဘာကြီး ဘာတွေဖြစ်သွားမလဲ။ ကျွန်တော်တို့မှာ အောက်ဆီဂျင် ဘယ်လောက်ကျန်တော့မလဲ။ လူဦးရေ ခုနစ် ဘီလီယံ ရှစ်ဘီလီယံလောက်က ချမ်းသာတဲ့နိုင်ငံတွေလို စားသုံးမှုနဲ့စွန့်ပစ်မှုနှုန်းအတိုင်းလုပ်နိုင်ဖို့ ဒီကမ္ဘာကြီးမှာ အရင်းအမြစ်လုံလုံလောက်လောက်ရှိရဲ့လား။ အဲဒီပမာနဲ့သာ အလွန်အကျွံစားသုံးမယ်ဆိုရင်  ကမ္ဘာကြီးကို ထိခိုက်မှာပဲ” ဟု မူဟီကာက ထောက်ပြပြောဆိုခဲ့သည်။

ကမ္ဘာ့ခေါင်းဆောင်အများစုသည် စားသုံးမှုနှင့်အတူ ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် မျက်စိမှိတ် စွတ်လုပ်နေကြပြီး ဆန့်ကျင်ဘက်အနေဖြင့် ကမ္ဘာကြီးပျက်စီးသွားမည်သာဖြစ်ကြောင်း မူဟီကာက စွပ်စွဲပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly