တော့တင်ဟမ်နဲ့ပွဲမှာ ပေါ့ဂ်ဘာရဲ့ အရေးပါမှုကို ပြောဆိုသွားတဲ့ ဆိုးလ်ရှား

တော့တင်ဟမ်နဲ့ပွဲမှာ ပေါ့ဂ်ဘာရဲ့ အရေးပါမှုကို ပြောဆိုသွားတဲ့ ဆိုးလ်ရှား
Photos: EPA

ပေါလ် ပေါ့ဂ်ဘာဟာ ဒီဇင်ဘာနောက်ပိုင်း မန်ချက်စတာယူနိုက်တက်အတွက် သူ့ရဲ့ပထမဆုံး ကစားခဲ့တဲ့ တော့တင်ဟမ်ကို ၁-၁ ဂိုးနဲ့ သရေကျတဲ့ပွဲမှာ ကြီးမားတဲ့ အကျိုးသက်ရောက်မှုကို ပြသနိုင်ခဲ့ပြီးနောက် မန်နေဂျာ ဆိုးလ်ရှားက သူ႔အနေနဲ့ ပြင်သစ်ကစားသမားရဲ့ အကောင်းဆုံးပုံစံကို ပြန်လည်ဖော်ဆောင်ပေးနိုင်မယ်လို့ ယုံကြည်နေပါတယ်။

ဆိုးလ်ရှားဟာ ပေါ့ဂ်ဘာကို ပွဲထွက်စာရင်းမှာ ချန်လှပ်ထားခဲ့ပေမယ့် ဒုတိယပိုင်းမှာမှ လူစားလဲပါဝင်စေခဲ့ပြီး အသင်းချေပဂိုးရအောင် ကူညီပေးနိုင်ခဲ့တာပါ။ စပါးနဲ့ပွဲမှာတော့ ပေါ့ဂ်ဘာရဲ့ ပါးပါးနပ်နပ်ကျော်ဖြတ်မှုကို အဲရစ်ဒိုင်ယာ တားဆီးရာကနေ ယူနိုက်တက်တို့ ပင်နယ်တီရရှိခဲ့တာပါ။ ဒါကို ဖာနနဒက်စ်က ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။

ပေါ့ဂ်ဘာဟာ ယခုရာသီမှာ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ၆ ပွဲသာကစားထားရပြီး မန်ချက်စတာကနေ ထွက်ခွာပြီး အသင်းပြောင်းမယ်လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

"ပေါလ်ဟာ အကောင်းဆုံးဖြစ်ချင်တဲ့အတွက် အမြဲတမ်း သက်သေပြနိုင်ဖို့ အချက်တစ်ချက် သူ့မှာ ရှိပါတယ်။"လို့ ဆိုးရှားလ်က ဆိုပါတယ်။ "ဒဏ်ရာတွေနဲ့အတူ သူ့အတွက်တော့ စိတ်ပျက်စရာ ရာသီလိုဖြစ်ခဲ့ပါတယ်။"

"ကျနော့်အတွက်တော့ ပေါလ်ဟာ ဘယ်လိုထောက်ပံ့ပေးနိုင်တယ်ဆိုတာ ဒီကနေ့ ပြသခဲ့ပါတယ်။ သူ့အတွက် ကောင်းမွန်တဲ့အရာတွေ ဖြည့်တင်းနိုင်ဖို့အတွက် ကျနော် လုပ်ဆောင်သွားမှာပါ။ ဒါ့ကြောင့် သူကလည်း သူ့ရဲ့ အကောင်းဆုံးကို ပြန်ရနိုင်မှာဖြစ်ပါတယ်။"

တော့တင်ဟမ်နည်းပြ ဟိုဆေး မော်ရင်ဟိုကတော့ "ဒီရာသီမှာ ပင်နယ်တီတွေရခဲ့တဲ့ ယူနိုက်တက်ရဲ့ မယုံကြည်နိုင်စရာ မှတ်တမ်းကို ကျနော်တို့က ကောင်းကောင်း သိထားပါတယ်။ ဒါ့ကြောင့် ကျနော်တို့အတွက် ပင်နယ်တီဧရိယာထဲမှာ အရမ်းအန္တရာယ်ကြီးပါတယ်။ ကျနော်တို့ အရမ်းကို သတိထားခဲ့ရတယ်။ ဒါ့ကြောင့်လဲ ဒီပွဲမတိုင်ခင်ကတည်းက ပြင်ဆင်ခဲ့တယ်။ ဒါတွေဖြစ်လာနိုင်တယ်ဆိုတာလည်း သိထားပါတယ်။ ဒီပွဲရဲ့ ပင်နယ်တီနှစ်လုံးစလုံးက လုံးဝမဖြစ်သင့်ပါဘူး။ "လို့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

ယူနိုက်တက်ဟာ ချယ်လ်ဆီးရဲ့ နောက် နှစ်မှတ်အကွာ အဆင့် ၅ နေရာမှာ ရပ်တည်နေပေမယ့် စပါးအသင်းဟာ ဇယားအဆင့် ၈ နေရာမှာ ယူနိုက်တက်နဲ့ ၄ မှတ်အထိ ကွာဟနေပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly