ပိုက်ဆံအိတ်ထဲမှထီလက်မှတ် ဒေါ်လာ ၁၁ သန်းဆုပေါက်နေသည်ကို မသိခဲ့သည့်အမျိုးသမီး

ပိုက်ဆံအိတ်ထဲမှထီလက်မှတ် ဒေါ်လာ ၁၁ သန်းဆုပေါက်နေသည်ကို မသိခဲ့သည့်အမျိုးသမီး

ဇွန် ၂၀

အိုင်ယာလန်အမျိုးသမီးတစ်ဦးသည် ၎င်းဝယ်ယူခဲ့သောထီလက်မှတ်မှ  အမေရိကန်ဒေါ်လာ ၁၁ သန်းဆုကြီးပေါက်နေသည်ကို မသိခဲ့ဘဲ ထီလက်မှတ်ကို ပိုက်ဆံအိတ်ထဲတွင် သီတင်းတစ်ပတ်ကြာ သိမ်းထားခဲ့ကြောင်း သိရသည်။

အိုင်ယာလန်ရှိ ကယ်ရီကောင်တီမှ အဆိုပါအမျိုးသမီးက ဧပြီ ၁၈ ရက် Lotto ထီပွင့်ပွဲ၌ ဆုကြီးပေါက်သူတစ်ဦးရှိကြောင်း ကြားခဲ့သော်လည်း သူမဝယ်ခဲ့သောထီလက်မှတ်ဖြစ်နေသည်ကိုမသိခဲ့ကြောင်း လက်မှတ်ဝယ်နေကျ ထီရုံမှတာဝန်ရှိသူများကို ပြောပြခဲ့သည်။

“ရက်နည်းနည်းလောက်ကြာတော့ ဗုဒ္ဓဟူးနေ့အတွက် ထီတိုက်နေတုန်း  လက်ကိုင်အိတ်ထဲမှာ ထီလက်မှတ်ကို တွေ့ခဲ့တာပါ။ စနေနေ့ကထွက်ခဲ့တဲ့ဂဏန်းအတွက် တိုက်ရမှာကို ကျွန်မမေ့နေခဲ့တာ” ဟု သူမက ဆိုသည်။

သူမတို့မိသားစုထိုးထားခဲ့သော အဆိုပါထီလက်မှတ်သည် ကယ်ရီကောင်တီတွင် ပေါက်ခဲ့ဖူးသမျှအများဆုံးဖြစ်သည့် အမေရိကန်ဒေါ်လာ ၁၀ ၉၅၁ ၁၈၇.၉၁ တန် jackpot ထီဆုကြီးကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

“ထီပေါက်တယ်ဆိုတာ သိလိုက်ရတော့ အိပ်မက်တစ်ခုလိုပါပဲ။ အရမ်းကို ဝမ်းသာသွားတာ။ ဆုကြီးပေါက်နေတဲ့ထီလက်မှတ်ကို ပိုက်ဆံအိတ်ထဲထည့်ပြီး တစ်ပတ်နီးပါးလောက် ဟိုဟိုဒီဒီသွားနေခဲ့တာ တကယ့် ရယ်စရာအဖြစ်ပါ” ဟု ထီပေါက်သူအမျိုးသမီးကပြောသည်။

ကိုဗစ်ကာလဖြစ်နေသည့်အတွက် ထီဆုငွေထုတ်ရန် နှစ်လစောင့်ခဲ့ရပြီး ယခုသီတင်းပတ်တွင်မှ ထီလက်မှတ်ရုံးချုပ်သို့ သွားနိုင်ခဲ့ခြင်းဖြစ်သည်။ ဆုငွေများကို မည်သို့သုံးစွဲမည်ကို မဆုံးဖြတ်ရသေးဟု အဆိုပါမိသားစုက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly