PanAust ကုမ္ပဏီနဲ့သမက်ဖြစ်သူ သက်ဆိုင်ခြင်းမရှိဘူးဟု ဦးဝင်းထိန်တုန့်ပြန်

PanAust ကုမ္ပဏီနဲ့သမက်ဖြစ်သူ သက်ဆိုင်ခြင်းမရှိဘူးဟု ဦးဝင်းထိန်တုန့်ပြန်

ဇွန် ၁၉ရက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုဒေသတွင် သတ္တူစမ်းသပ်တူးဖော်နေသည့် PanAust ကုမ္ပဏီနှင့် သမက်ဖြစ်သူတို့သည် ပတ်သက်မှုမရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၏ နာယကတစ်ဦးဖြစ်သူ ဦးဝင်းထိန်က တုန့်ပြန် ပြောကြားလိုက်သည်။

လူမှုကွန်ယက်စာမျက်နှာအချို့တွင် ဦးဝင်းထိန်၏ သမက်ဖြစ်သူသည် လုပ်ကိုင်ခွင့်ရရှိထားတဲ့ PanAust ကုမ္ပဏီနှင့် ဆက်စပ်မှုရှိကြောင်းပြောဆိုနေခြင်းအား ယခုကဲ့သို့ ငြင်းဆိုလိုက်ခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့နာယကတစ်ဦးဖြစ်သူ ဦးဝင်းထိန်က “ နိုင်ငံရေးအရ မလိုတဲ့အဖွဲ့က စောင့်ကြည်နေတာရှိတယ်။ အဖွဲ့အစည်းတစ်ခုမွေးထားတဲ့သူတွေက ဒေါက်ထောက် ကြည့်နေတာရှိတယ်။ ငါ့သမက်ကလည်း သြစတေးလျကဆိုတော့ တစ်နဲ့တစ်ပေါင်းရင် နှစ်ဆိုပြီး အပိုင်လုပ်ချလိုက်တာ” ဟု မဇ္ဈိမသို့ပြောသည်။

သြစတေးလျနိုင်ငံမှာ အခြေစိုက်ထားသည့် PanAust ကုမ္ပဏီသည် စစ်ကိုင်းတိုင်းဒေသကြီး၊ဝန်းသိုဒေသတွင် လုပ်ဆောင်မည့် သတ္တုစမ်းသပ်တူးဖော်ရေးလုပ်ငန်းအတွက် ၉၀ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံက Myanmar Energy Resources Group Internation Limited ၁၀ ရာခိုင်နှုန်းပူးပေါင်းပြီး WUNTHO RESOURCES COMPANY LIMITED နာမည်ဖြင့် မြန်မာနိုင်ငံ ရင်နှီးမြုပ်နှံမှုကော်မရှင်မှာ မှတ်ပုံတင်ထားကြောင်း သိရသည်။

WUNTHO RESOURCES COMPANY LIMITED မှ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ဗန်းမောက်၊ ဝန်းသို၊ ပင်လယ်ဘူးမြို့နယ်များတွင် ဧကပေါင်း နှစ်သိန်းနှစ်သောင်းကျော်ကို ၂၀၁၇ ခုနှစ်ကတည်းက အဆိုပြုလျှောက် ထားခဲ့ခြင်းဖြစ်သည်။

သို့သော် ၂၀၁၈ခုနှစ် နည်းဥပဒေသစ်နှင့်အညီ ဧကပေါင်း တစ်သိန်းကိုးသောင်းကျော်ကို ပြင်ဆင်လျှောက် ထားပြီး ဝန်ကြီးဌာနက ဧက တစ်သိန်း ရှစ်သာင်းကျော်ကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်းသယံဇတ နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly