အစိုးရသစ် ဖွဲ့စည်းနိုင်သည်အထိ အနီးကပ် စောင့်ကြည့်သွားမည်ဟု နိုင်ငံတကာ သံရုံး ၁၂ ခုနှင့် ကုလသမဂ္ဂ ကြေညာ

အစိုးရသစ် ဖွဲ့စည်းနိုင်သည်အထိ အနီးကပ် စောင့်ကြည့်သွားမည်ဟု နိုင်ငံတကာ သံရုံး ၁၂ ခုနှင့် ကုလသမဂ္ဂ ကြေညာ
ဗြိတိသျှသံရုံး၏ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့များတွင် ပါဝင်သူများ၏ ဓာတ်ပုံအချို့။

နိုဝင်ဘာ ၆ ။           ။ မြန်မာနိုင်ငံတွင်းရှိ နိုင်ငံတကာသံရုံး ၁၂ ခုနှင့် ကုလသမဂ္ဂတို့က ၂၀၁၅ ရွေးကောက်ပွဲတွင် ပါဝင် ဆင်နွှဲကြမည့် မြန်မာပြည်သူများကို အားပေး ထောက်ခံလျက် ရှိကြောင်းကြေညာ ချက်တစ်စောင် ထုတ်ပြန် ကြေညာလိုက်ပြီး နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် ရွေးကောက်ပွဲကာလ ဖြစ်စဉ် တစ်ခုလုံးနှင့် ၂၀၁၆ ခုနှစ်တွင် အစိုးရသစ်တစ်ရပ် ဖွဲ့စည်းသွားနိုင်သည်အထိ အနီးကပ်စောင့်ကြည့် သွားမည်ဟု ထုတ်ပြန် ကြေညာလိုက်သည်။

မြန်မာနိုင်ငံတွင်းရှိ သြစတြေးလျ၊ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျပန်၊ နယူးဇီလန်၊ နယ်သာ လန်၊ နော်ဝေ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဆွီဒင်(ရန်ကုန်ရုံးခွဲ)၊ ဗြိတိန်၊ အမေရိကန် ပြည်ထောင်စု သံရုံး များနှင့် ကုလသမဂ္ဂက အဆိုပါ ကြေညာချက်ကို နိုဝင်ဘာ ၆ ရက်နေ့က ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ရွေးကောက်ပွဲကို ငြိမ်းချမ်းစွာ၊ ပွင့်လင်းမြင်သာစွာဖြင့် ပြည်သူအားလုံး၏ ဆန္ဒနှင့်အညီ ကျင်းပနိုင်ရန် လည်း မျှော်လင့်ကြောင်း ထည့်သွင်း ရေးသားထားသည်။

မြန်မာနိုင်ငံတွင်းရှိ သံရုံးအချို့အနေဖြင့် စောင့်ကြည့်လေ့လာရေး အဖွဲ့များကို ဖွဲ့စည်းကာ ရွေးကောက်ပွဲဖြစ်စဉ်ကို စောင့်ကြည့်လျက်ရှိကြပြီး မြန်မာနိုင်ငံတွင်းရှိ သံရုံးတစ်ခုဖြစ်သည့် ဗြိတိသျှ သံရုံး၏ Facebook စာမျက်နှာတွင် စောင့်ကြည့်လေ့လာရေး အဖွဲ့ ၂၅ ဖွဲ့ ဖွဲ့စည်းကာ တိုင်းနှင့်ပြည်နယ် အသီးသီးသို့ စေလွှတ်ထားပြီဖြစ်ကြောင်း ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly