Travel bubble ခရီးသွားအစီအစဉ်များကို အလျင်စလို လုပ်မည်မဟုတ်ဟု ထိုင်း ပြော

Travel bubble ခရီးသွားအစီအစဉ်များကို အလျင်စလို လုပ်မည်မဟုတ်ဟု ထိုင်း ပြော

ဇွန် ၁၉

ထိုင်းနိုင်ငံအနေဖြင့် Travel bubbles ဟုခေါ်သည့် အပြန်အလှန် ခရီးသွားလာရေးဆိုင်ရာ နှစ်နိုင်ငံ သဘောတူညီချက်များကို အလျင်စလို ဖွင့်လှစ်လုပ်ဆောင်မည် မဟုတ်ဟု COVID-19 အခြေအနေ စီမံခန့်ခွဲမှု စင်တာ (CCSA) ၏ လုံခြုံရေးအကြီးအကဲက ပြောကြားလိုက်သည်။

အဆိုပါ Travel bubble များနှင့်ပတ်သက်၍ အယူအဆကနေ လက်တွေ့ကျင့်သုံးမှုကို သွတ်သွင်းပြောင်းလဲရန် စိတ်ကူးအကြံအစည်များ လိုအပ်နေကြောင်း ၎င်းက ပြောသည်။

COVID-19 ကပ်ရောဂါကို ထိန်းချုပ်ထားနိုင်သည့် မည်သည့် နှစ်နိုင်ငံအကြားမဆို ခရီးသွားလာမှုများကို ခွင့်ပြုမည့် bubbles အစီအစဉ်များနှင့်ပတ်သက်၍ ပြည်ပ ဧည့်သည်များကို ပြန်လည် ဝင်ခွင့်ပြုမှု မတိုင်မီ စိတ်ကူးအယူအဆများ ပိုမိုလိုအပ်နေသေးကြောင်း CCSA လုံခြုံရေးဆိုင်ရာ အဆင့်မြင့် ကြီးကြပ်သူ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Pornpipat Benyasri က ပြောသည်။

မဖြစ်မနေ ၁၄ ရက်ကြာ ကွာရန်တင်း ဝင်စေခြင်း စနစ် မပါဘဲ travel bubbles များကို ခွင့်ပြုချက်မပေးမီ ကိုင်တွယ်ဖြေရှင်းရမည့် ကိစ္စရပ်များ ရှိနေကြောင်း၊ ယင်းကိစ္စရပ်များတွင် အများပြည်သူ ကျန်းမားရေးဆိုင်ရာ စည်းမျဉ်းများနှင့် အစီအစဉ်တွင် ပါဝင်မည့် နိုင်ငံများ၏ ကပ်ရောဂါနှင့် ဆက်နွယ်သည့် ဥပဒေဆိုင်ရာ သတ်မှတ်ချက်များတို့ ပါဝင်နေကြောင်း ၎င်းက ပြောသည်။

“အပြန်အလှန် ခရီးသွားလာရေးဆိုင်ရာ နှစ်နိုင်ငံ သဘောတူညီချက်တွေမှာ ပါဝင်လုပ်ဆောင်ဖို့အတွက် အလျင်လိုတာမျိုး မရှိပါဘူး၊ ဦးစားပေးကိစ္စကတော့ ကျန်းမာရေး ဘေးကင်းမှုကို ဖန်တီးဖို့နဲ့ ထိန်းသိမ်းဖို့ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ကြီး Pornpipat က ပြောသည်။

နယ်စပ်များကို ဆက်ပိတ်ထားရေး၊ ကိုဗစ်-၁၉ ရောဂါပိုး သယ်ဆောင်ထားနိုင်ခြေရှိသူများကို ကျန်ပြည်သူများနှင့် သီးခြားခွဲထားရေးနှင့် တင်းကျပ်သည့် ကွာရန်တင်း လုပ်ထုံးလုပ်နည်းများ အသုံးချရေး အစိုးရ၏ ဆုံးဖြတ်ချက် ရလဒ်တစ်ခုအနေဖြင့် ထိုင်းနိုင်ငံ၏ ရောဂါကူးစက်ဖြစ်ပွားမှု ထိန်းချုပ်နိုင်စွမ်းကို ၎င်းက ရည်ညွန်းပြောဆိုသွားသည်။

COVID-19 ကန့်သတ်ပိတ်ပင်ချက်များ ဖြေလျှော့ရေး လေ့လာသုံးသပ်နေသည့် CCSA လုပ်ငန်းအဖွဲ့တစ်ခုက ပြည်ပ ဧည့်သည်များအတွက် နယ်စပ်များကို တဖြည်းဖြည်းချင်း ပြန်ဖွင့်ရေးအတွက် စဉ်းစားလျက် ရှိသည်။

ဧပြီလကုန်နောက်ပိုင်း ပြည်ပနိုင်ငံသားတချို့ကို ထိုင်းနိုင်ငံထဲ ပြန်လည်ဝင်ရောက်ရန် ခွင့်ပြုချက် ပေးခဲ့ကြောင်း အဆိုပါအဖွဲ့ကို ပြောခဲ့သည်။ ၎င်းတို့သည် အလုပ်လုပ်ခွင့် ပါမစ်ကိုင်ထားသော စီးပွားရေးလုပ်ငန်းရှင်များ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ၊ ကျွမ်းကျင်လုပ်သားများနှင့် အကြီးစားစက်မှုလုပ်ငန်းကြီးများရှိ စက်ပြင် ကျွမ်းကျင်ပညာရှင်များ ဖြစ်ကြသည်။

၎င်းတို့ကို ရောက်ရောက်ချင်း ကွာရန်တင်း စင်တာများတွင် ၁၄ ရက် ဝင်ခိုင်းခဲ့ပြီး ကုန်ကျစရိတ်များအတွက် ၎င်းတို့ကို အိတ်စိုက်ကျခံထားစေခဲ့သည်။

ထို့ပြင် ပြည်ပကနေ ပြန်လာသည့် ထိုင်းနိုင်ငံသားများကိုလည်း ကွာရန်တင်းဝင်စေခဲ့ပြီး ၎င်းတို့အနက် တချို့သည် ပြည်ပကနေ ဝင်လာသည့် ဗိုင်းရပ်စ်ကူးစက်မှုဖြစ်စဉ်ရင်းမြစ်များဖြစ်ခဲ့ကြောင်း အဆိုပါလုပ်ငန်းအဖွဲ့ကို ပြောခဲ့သည်။

ကပ်ရောဂါ အခြေအနေ ဖြေရှင်းပြီးနောက်ပိုင်း ပြည်ပ ခရီးသွားဧည့်သည်များကို travel bubble သဘောတူညီချက်များနှင့်အတူ နိုင်ငံများမှ အသေးစားအဖွဲ့များဖြင့် ပြန်လာခွင့် ပြုသွားမည်ဖြစ်သည်။ ၎င်းတို့အနေဖြင့် ထိရောက်သော အများပြည်သူ ကျန်းမာရေး စောင့်ကြည့်မှုအတွက် ရွေးချယ်ထားသည့် သတ်မှတ်နေရာများကိုသာ သွားလာနိုင်မည်ဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသွားခဲ့သည်။

ထို့ပြင် နယ်စပ်ပြန်ဖွင့်ခြင်းကြောင့် COVID-19 လှိုင်းသစ်တစ်ခု ဖြစ်လာနိုင်ခြေရှိခြင်းနှင့် စီးပွားရေး ကုန်ကျစရိတ်များအပါအဝင်  travel bubbles များ၏ ဖြစ်နိုင်ဖွယ် ဆိုးကျိုးများနှင့်ပတ်သက်၍ လေ့လာဆန်းစစ်ရန် CCSA ၏ လုပ်ငန်းအဖွဲ့က ထိုင်း ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ကို တောင်းဆိုထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly