အမုန်းတရားဆန့်ကျင့်သည့် မူအရ ထရမ့်၏ မဲဆွယ် ကြော်ငြာများကို ဖေ့ဘုတ် ဖယ်ရှား

အမုန်းတရားဆန့်ကျင့်သည့် မူအရ ထရမ့်၏ မဲဆွယ် ကြော်ငြာများကို ဖေ့ဘုတ် ဖယ်ရှား

ဇွန် ၁၉

အမုန်းတရား ဆန့်ကျင်သည့် မူကို ချိုးဖောက်ခြင်းအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ပြန်လည်ရွေးကောက်ခံရရေး မဲဆွယ်စည်းရုံးမှုမှ တင်သော ပို့စ်များနှင့် ကြော်ငြာများကို ဖယ်ရှားပစ်ခဲ့ကြောင်း ဖေ့စ်ဘုတ်ကုမ္ပဏီက ကြာသပတေးနေ့က ပြောသည်။

အဆိုပါ ကြေညာတွင် နိုင်ငံရေးအကျဉ်းသားများကို ခွဲခြားရန် နာဇီများအသုံးပြုခဲ့သည့် သင်္ကေတဖြစ်သည့် အနီရောင် တြိဂံ ပြောင်းပြန်ပုံ ရှိပြီး ဖက်ဆစ်ဆန့်ကျင်ရေး လှုပ်ရှားမှုဖြစ်သော antifa ကို ဆန့်ကျင်ရန် လက်မှတ်ရေးထိုးကြရေး ဖေ့စ်ဘုတ်အသုံးပြုသူများအား တိုက်တွန်းထားသည့် စာသားများကိုပါ ပူးတွဲရေးသားထားခြင်း ဖြစ်သည်။

မကြာသေးမီက နိုင်ငံတစ်ဝန်းဖြစ်ပွားခဲ့သော လူမျိုးရေးခွဲခြားမှု ဆန့်ကျင်သည့် ဆန္ဒပြမှုများသည် antifa များ၏ သွေးထိုးလှုံ့ဆော်မှုကြောင့် ဖြစ်သည်ဟု အနည်းအကျဉ်းသော သက်သေအချက်အလက်နှင့် ထရမ့်နှင့် ရှေ့နေချုပ် ဝီလီယံဘားတို့က အကြိမ်ကြိမ် ပြောဆိုထားသည်။

“နိုင်ငံရေးအကျဉ်းသားတွေကို ခွဲခြားသတ်မှတ်တဲ့ တားမြစ်ထားတဲ့ အမုန်းတရားအုပ်စုရဲ့ သင်္ကေတကို ရှုတ်ချတာ၊ ဆွေးနွေးတာ မပါဘဲ ဖော်ပြတာမျိုးကို ကျွန်တော်တို့က တားမြစ်ထားတာ ဖြစ်ပါတယ်။”ဟု ဖေ့စ်ဘုတ်ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

ထိုသင်္ကေတကို ထရမ့်နှင့် ဒုတိယသမ္မတ မိုက်ပန့်စ်တို့ ပိုင် ဖေ့စ်ဘုတ်စာမျက်နှာများက ကြော်ငြာများတွင် တင်ထားကြခြင်း ဖြစ်ပြီး Team Trump စာမျက်နှာတွင်လည်း ယင်း ကြော်ငြာများကို တွေ့ရခြင်း ဖြစ်သည်။

“ဒီ သင်္ကေတဟာ နာဇီအာဏာပိုင်တွေက ထိန်းသိမ်းရေးစခန်းတွေမှာ နိုင်ငံရေးအကျဉ်းသားတွေကို ခွဲခြားသတ်မှတ်တဲ့ သင်္ကေတ ဖြစ်တယ်။ ဒီ သမိုင်းကြောင်းနဲ့ အဓိပ္ပာယ်ကို သိတာဖြစ်ဖြစ်၊ သတိမထားမိလို့ပဲ ဖြစ်ဖြစ် ထရမ့်ရဲ့ မဲဆွယ်စည်းရုံးမှုမှာ အသုံးပြုပြီး ပြိုင်ဖက်တွေကို တိုက်ခိုက်တာဟာ စော်ကားရာမြောက်ပြီး အတော် ပြဿနာကြီးစေတယ်။”ဟု ဖေ့ဘုတ် ပြောခွင့်ရသူ ဂျိုနသန်ဂရင်းဘလတ်က ပြောသည်။

ထရမ့်၏ မဲဆွယ်စည်းရုံးရေး ပြောရေးဆိုခွင့်ရှိသူ တင်မာတော့က “အနီရောင် တြိဂံ ပြောင်းပြန် သင်္ကေတဟာ antifa တွေ သုံးတဲ့ သင်္ကေတပါ။ ဒါကြောင့်ပဲ မဲဆွယ်ကြော်ငြာမှာ antifa တွေအကြောင်း ဖော်ပြလို့ ဒီ သင်္ကေတကို သုံးတာပဲ ဖြစ်တယ်။”ဟု အီးမေးလ်မှတစ်ဆင့် ပြန်ကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly