ဩစတြေးလျပစ်မှတ်ထားသည့် နိုင်ငံအခြေပြုဆိုက်ဘာတိုက်ခိုက်မှုများရှိနေကြောင်း ဝန်ကြီးချုပ်မော်ရစ်ဆင်ပြော

ဩစတြေးလျပစ်မှတ်ထားသည့် နိုင်ငံအခြေပြုဆိုက်ဘာတိုက်ခိုက်မှုများရှိနေကြောင်း ဝန်ကြီးချုပ်မော်ရစ်ဆင်ပြော

ဇွန် ၁၉

နိုင်ငံအခြေပြုဝါရင့်ဟက်ကာတစ်ယောက်သည် ဩစတြေးလျအဖွဲ့အစည်းများ၏ အချက်အလက်များကို ချိုးဖောက်ရယူရန် လပေါင်းများစွာကြိုးပမ်းနေပြီး မကြာသေးမီက ၎င်း၏လုပ်ရပ်များ ပိုမိုအတင့်ရဲလာခဲ့သည်ဟု ဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က သောကြာနေ့တွင် ပြောသည်။

တိုက်ခိုက်မှုများသည် အစိုးရ၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ မရှိမဖြစ်ဝန်ဆောင်မှုပေးသူများနှင့် အခြားအရေးပါသော အခြေခံအဆောက်အအုံအော်ပရေတာများ စသည့် အလွှာပေါင်းစုံကို ပစ်မှတ်ထားနေကြောင်းနှင့် ပစ်မှတ်ပမာဏနှင့်သဘောတရားကိုကြည့်ခြင်းအားဖြင့် နိုင်ငံအခြေပြုဝါရင့်ဆိုက်ဘာတိုက်ခိုက်သူတစ်ဦး ဖြစ်ကြောင်း ကင်ဘာရာတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ‌မော်ရစ်ဆင်က ပြောသည်။ ယခုတိုက်ခိုက်မှုမျိုးပြုလုပ်သည့် ဟက်ကာများများစားစားမရှိသော်လည်း မည်သည့်နိုင်ငံလက်ချက်ဖြစ်ကြောင်း ဩစတြေးလျက အတည်မပြုနိုင်သေးပေ။

ဩစတြေးလျကာကွယ်ရေးဝန်ကြီး Linda Reynolds က တိုက်ခိုက်မှုများသည် ကိုယ်ရေးအချက်အလက် အများအပြားပေါက်ကြားခြင်းမရှိဟု ဆိုသည်။ ဝက်ဘ်ဆိုက်နှင့်အီးမေးလ်များကို နောက်ဆုံးပေါ်ဆော့ဖ်ဝဲလ်များဖြင့် update လုပ်ရန်နှင့် စစ်မှန်ကြောင်းအထောက်အထားများစွာအသုံးပြုကြရန် လုပ်ငန်းရှင်များနှင့်အစိုးရများကို Linda  က တိုက်တွန်းခဲ့သည်။ တစ်ကြိမ်တိုက်ခိုက်ခံရသူ၏ ကွန်ရက်ကို ဖျက်လိုဖျက်ဆီးလုပ်ရန် ကြိုးပမ်းအားထုတ်သည့် သက်သေသာဓက မရှိသေးဟု ဩစတြေးလျဆိုက်ဘာထောက်လှမ်းရေးအေဂျင်စီအကြီးအကဲကပြောသည်။

ပြီးခဲ့သည့်နှစ် မတ်လက ဩစတြေးလျပါလီမန်၏ဆာဗာများတိုက်ခိုက်ခံရမှုအတွက် တရုတ်တွင်တာဝန်ရှိသည်ဟု ကင်ဘာရာ ဆုံးဖြတ်ပြီးနောက်ပိုင်း ယခုကိစ္စပေါ်ပေါက်လာခြင်းဖြစ်သည်။ ဩစတြေးလျသည် တိုက်ခိုက်မှုရင်းမြစ်ကို လူသိရှင်ကြား မထုတ်ပြန်ခဲ့သလို တရုတ်ကလည်း စွပ်စွဲချက်ကို ငြင်းဆိုခဲ့သည်။

ယမန်နှစ်က တရုတ်နိုင်ငံဝူဟန်မှစတင်ဖြစ်ပွားခဲ့သော ကိုဗစ်-၁၉ ရောဂါပျံ့နှံ့မှုနှင့် ဇစ်မြစ်ကို နိုင်ငံတကာမှ စုံစမ်းရန် အမေရိကန်လုံခြုံရေးမဟာမိတ်ဖြစ်သော ဩစတြေးလျက တိုက်တွန်းခဲ့သဖြင့် အကြီးမားဆုံးကုန်သွယ်ရေးမိတ်ဖက် တရုတ်နှင့် ဆက်ဆံရေးတင်းမာလာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly