တရုတ်နှင့် အဆက်အသွယ် ဖြတ်တောက်မည်ဟု ဒေါ်နယ်ထရမ့် ထပ်မံ ခြိမ်းခြောက်ပြန်

တရုတ်နှင့် အဆက်အသွယ် ဖြတ်တောက်မည်ဟု ဒေါ်နယ်ထရမ့် ထပ်မံ ခြိမ်းခြောက်ပြန်

ဇွန် ၁၉

အမေရိကန်နှင့် တရုတ်အကြား အဆင့်မြင့်လယ်ဗယ် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး တစ်ရက်အကြာမှာပင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်နှင့် အဆက်အသွယ် ဖြတ်တောက်နိုင်သည်ဟု ဇွန်လ ၁၈ ရက်တွင် ထပ်မံ ခြိမ်းခြောက်ပြောဆိုသွားခဲ့ကြောင်း သိရသည်။

ထရမ့် ထိုကဲ့သို့ မပြောကြားခင် တစ်ရက်အလိုတွင် ၎င်း၏ အဆင့်မြင့်သံတမန်များသည် ပေကျင်းဘက်မှ သံတမန်များနှင့် တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်ခဲ့ပြီး ၎င်း၏ ကုန်သွယ်ရေးကိုယ်စားလှယ်ကလည်း ၎င်းအနေဖြင့် အမေရိကန်နှင့် တရုတ်၏ စီးပွားရေးများကို မပတ်သက်စေဘဲ အဆက်ဖြတ်ခြင်းက အလားအလာရှိသည် ရွေးချယ်စရာတစ်ခုအဖြစ် စဉ်းစားခဲ့ခြင်း မရှိဟု ပြောခဲ့သည်။

လများစွာအတွင်း နှစ်ဘက်အကြား ပထမဆုံးအကြိမ် အဆင့်မြင့်လယ်ဗယ် မျက်နှာချင်းဆိုင် သံတမန်တွေ့ဆုံဆွေးနွေးမှုအပြီး အမေရိကန်နှင့် တရုတ် ဆက်ဆံရေးကို တင်းမာသည့် အနေအထားအဖြစ် အရှေ့အာရှဆိုင်ရာ အမေရိကန် ထိပ်တန်းသံတမန်က ပြောသွားခဲ့သည်။

သို့သော် ပေကျင်းအစိုးရဘက်က ယခုနှစ်ထဲ ရရှိထားသည့် ကုန်သွယ်ရေးသဘောတူညီချက်တစ်ခု၏ ပထမဆုံးအပိုင်းကို ဖော်ဆောင်ရန် ပြန်လည်ဆုံးဖြတ်ထားပြီး ဖြစ်ကြောင်း ၎င်းက ပြောသွားခဲ့သည်။

တရုတ်နှင့်အကြား အမေရိကန်၏ ကုန်သွယ်လိုငွေ ကြီးကြီးမားမား ပြသနေခဲ့ခြင်းကို ပြန်လည် ချိန်ညှိရေးကို အထူးဦးစားပေးကိစ္စတစ်ခုအဖြစ် အမေရိကန်သမ္မတ ထရမ့်က လုပ်ဆောင်ထားခဲ့သည်။

သို့သော် နိုဝင်ဘာ ရွေးကောက်ပွဲအတွက် ၎င်း၏ မဲဆွယ်စည်းရုံးမှု အရှိန်မြင့်လာခြင်းနှင့်အတူ တရုတ်နှင့်အမေရိကန်အကြား ဆက်ဆံရေးသည်လည်း တဖြည်းဖြည်းချင်း ပိုမိုဆိုးရွားလာနေခဲ့သည်။

“ဒါက သံအမတ်ကြီး လိုက်သီဇာရဲ့ အမှား မဟုတ်ပါဘူး၊ ကျွန်တော် ကိုယ်၌က သေချာ ရှင်းရှင်းလင်းလင်း ဖြစ်အောင် မလုပ်ခဲ့မိတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်” ဟု ထရမ့်က ၎င်း၏ ကုန်သွယ်ရေးကိုယ်စားလှယ် ရောဘတ် လိုက်သီဇာကို ရည်ညွန်းပြီး တွစ်တာကနေတဆင့် ပြောသည်။

“ဒါပေမယ့် အမေရိကန်အနေနဲ့ အခြေအနေအမျိုးမျိုးအောက်မှာ တရုတ်နဲ့ လုံးလုံးလျားလျား မပတ်သက်ဘဲ အဆက်ဖြတ်မယ့် မူဝါဒ ရွေးချယ်စရာတစ်ခုကို မုချ ထိန်းသိမ်းထားပါတယ်” ဟု ထရမ့်က ရေးခဲ့သည်။

ယင်းကို အလားအလာရှိသည့် ရွေးချယ်စရာနည်းလမ်းတစ်ခုအဖြစ် ၎င်းအနေဖြင့် မမြင်မိကြောင်း လိုက်သီဇာက ဇွန်လ ၁၇ ရက်တွင် အောက်လွှတ်တော်ကော်မတီကို ပြောခဲ့သည်။

တရုတ်တွင် စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ အမေရိကန်သို့ ပျံ့နှံ့ရောက်ရှိပြီး အဆိုးရွားဆုံး ကူးစက်မှုဒဏ် ခံရပြီနောက်ပိုင်းကတည်းက အမေရိကန်-တရုတ် ဆက်ဆံရေးသည် နှစ်များစွာအတွင်း အနိမ့်ဆုံး အမှတ်ကို ရောက်ရှိနေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly