၂၀၂၁ မတိုင်မီ ကိုဗစ်-၁၉ ကာကွယ်ဆေးပမာဏ သန်းရာချီထုတ်ရန် WHO မျှော်မှန်း

၂၀၂၁ မတိုင်မီ ကိုဗစ်-၁၉ ကာကွယ်ဆေးပမာဏ သန်းရာချီထုတ်ရန် WHO မျှော်မှန်း

ဇွန် ၁၉

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် နှစ်အကုန်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးပမာဏ သန်းရာနှင့်ချီထုတ်လုပ်ပြီး ဗိုင်းရပ်စ်ဒဏ်ခံနိုင်မှုအနည်းဆုံးသူများအတွက် ဦးစားပေးအသုံးပြုသွားမည်ဟု ဇွန် ၁၈ ရက်တွင် ပြောသည်။

သုတေသီများသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအမျိုးပေါင်း ၂၀၀ ကျော်စမ်းသပ်ထုတ်လုပ်နေပြီး ၁၀ မျိုးကို လူသားများနှင့် စမ်းသပ်နေကြောင်း WHO မှ  သိပ္ပံပညာရှင်အကြီးအကဲ Soumya Swaminathan က ပြောသည်။

“ကံကောင်းရင်တော့ ဒီနှစ်မကုန်ခင်မှာ အောင်မြင်ထိရောက်တဲ့ကာကွယ်ဆေး တစ်မျိုး၊ နှစ်မျိုးလောက်တော့ တွေ့လိမ့်မယ်” ဟု ဗီဒီယိုသတင်းစာရှင်းလင်းပွဲတစ်ခုတွင်‌ ပြောခဲ့သည်။

ကာကွယ်ဆေးထိုးမည့်ပထမလှိုင်းအတွက်လိုအပ်သော အုပ်စုသုံးစုကို သတ်မှတ်ထားသည်ဟုဆိုသည်။

ထိုအထဲတွင် လူနာများနှင့်အများဆုံးထိတွေ့ရသော  ကျန်းမာရေးဝန်ထမ်း၊ ရဲအရာရှိစသည့် ရှေ့တန်းမှဝန်ထမ်းများ၊ သက်ကြီးရွယ်အိုနှင့် ဆီးချိုရောဂါသည်စသည့် ရောဂါဒဏ်မခံနိုင်သောလူများနှင့် မြို့ပြဆင်ခြေဖုံးနှင့်စောင့်ရှောက်မှုဂေဟာကဲ့သို့ ရောဂါကူးစက်လွယ်သောလူများ စသည်တို့ ပါဝင်သည်။

“ဒီနှစ်အကုန်မှာ သန်းရာနဲ့ချီတဲ့ ကာကွယ်ဆေးထိုးမှုတွေ လုပ်နိုင်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ကြိုးစားနေကြတာပါ။ ၂၀၂၁ မှာ ထိရောက်တဲ့ကာကွယ်ဆေးတစ်မျိုး၊ နှစ်မျိုး ဒါမှမဟုတ် သုံးမျိုးကို အရေအတွက်ပမာဏ နှစ်ဘီလီယံလောက် ကမ္ဘာတစ်လွှားကို ဖြန့်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒီအထဲကို အကုန် ရင်းနှီးမြှုပ်နှံထားရတော့ ၂၀၂၁ မှာ ကာကွယ်ဆေး ပမာဏ နှစ်ဘီလီယံရှိမယ်ဆိုရင် အနည်းဆုံး ဒီဦးစားပေးအုပ်စု သုံးစုအတွက် သုံးသင့်ပါတယ်” ဟု Soumya Swaminathan က ပြောသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်မျိုး သို့မဟုတ် အများအပြားသည် ၂၀၂၁ ခုနှစ်အကုန်၌ ထွက်ပေါ်လာနိုင်သော်လည်း ဗိုင်းရပ်စ်ကိုနှိမ်နင်းရန် ကာကွယ်ဆေးပမာဏ ခန့်မှန်း ၁၅ ဘီလီယံလောက် လိုနိုင်ကြောင်း ဆေးဝါးကုမ္ပဏီအမှုဆောင်အရာရှိများက ပြောသည်။

သိပ္ပံပညာရှင်များသည် ကိုရိုနာဗိုင်းရပ်စ်သစ်ကူးစက်မှုဖြစ်စဉ် ၄၀ ၀၀၀ ကို စိစစ်လေ့လာနေခဲ့ပြီး ဗိုင်းရပ်စ်များအားလုံးသည် သန္ဓေပြောင်းကြစဉ်တွင် ယခုကိုရိုနာဗိုင်းရပ်စ်သည် တုပ်ကွေးထက်အားပျော့ပြီး ရောဂါပြင်းထန်မှု သို့မဟုတ် ကိုယ်ခံအားတုံ့ပြန်မှုကိုပြောင်းလဲစေသောအဓိကနယ်ပယ်များတွင် ပြောင်းလဲမှုမရှိသေးဟု Swaminathan က ဆိုသည်။

ဟိုက်ဒရောက်ဆီကလိုရိုကွင်း ရပ်တန့်သွားခြင်း

 ဟိုက်ဒရောက်ဆီကလိုရိုကွင်း အသုံးပြုခြင်းက သေဆုံးမှုနှုန်းကို မလျော့ကျစေသည့်အတွက် ဆေးရုံရှိကိုဗစ်-၁၉ လူနာများကို အဆိုပါဆေးနှင့်စမ်းသပ်မှုရပ်တန့်ရန် WHO က ဗုဒ္ဓဟူးနေ့တွင် ဆုံးဖြတ်ခဲ့သည်။

ငှက်ဖျားရောဂါနဲ့ အဆစ်ရောင်ရမ်းနာရောဂါတွေအတွက် ဆေးဝါးအဖြစ်အသုံးပြုသော ဟိုက်ဒရောက်ဆီကလိုရိုကွင်းသည် နိုင်ငံရေးနှင့်သိပ္ပံဆိုင်ရာအငြင်းပွားမှု ဗဟိုချက်ဖြစ်နေသည်။

ဗိုင်းရပ်စ်ကူးစက်မခံရမီနှင့် ခံရပြီးအခြေအနေတွင် အဆိုပါဆေးက ထိရောက်ခြင်း ရှိ/ မရှိကိုမူ တခြား WHO ပြင်ပ အဖွဲ့အစည်းများက ဆက်လက်လေ့လာနေသည်ဟု Swaminathan က ဆိုသည်။ ဗိုင်းရပ်စ်နှင့် အထိအတွေ့များသော ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်းများနှင့် တခြားသူများတွင် ၎င်းဆေးကို ကျပန်းစမ်းသပ်မှုများပြုလုပ်လျက်ရှိသည်။

“ဟိုက်ဒရောက်ဆီကလိုရိုကွင်းက သိရသလောက်တော့ ဆေးရုံတက်ကုသနေတဲ့ ကိုဗစ်-၁၉ လူနာတွေအပေါ် အကျိုးသက်ရောက်မှုမရှိပါဘူး။ ရောဂါကာကွယ်နိုင်သလား ဒါမှမဟုတ် အစောပိုင်းကူးစက်ခံရချိန်မှာ ရောဂါပြင်းထန်မှုကို လျှော့ချနိုင်သလားဆိုတာ မသိသေးပါဘူး။ ကုထုံးဖြစ်နိုင်မလားဆိုတာ မပြောနိုင်သေးပါဘူး” ဟု Swaminathan ကပြောသည်။

ဟိုက်ဒရောက်ဆီကလိုရိုကွင်းကို WHO ၏  ဆေးခန်းအဆင့်စမ်းသပ်မှုများလုပ်သည့် ဆေးဝါးလေးမျိုး သို့မဟုတ် ပေါင်းစပ်ဆေးဝါးများအနက်က တစ်မျိုးအဖြစ် အသုံးပြုခဲ့သည်။ အချို့သောဆေးဝါးများသည် ရောဂါဖြစ်ပွားမှုကို နှေးကွေးစေခြင်း သို့မဟုတ်  ရောက်ဂါပျောက်ကင်းမှု အခွင့်အလမ်းတိုးတက်ခြင်း ရှိ/ မရှိ သိရှိရန်အတွက် စမ်းသပ်နေကြခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly