ဖုန်းအားသွင်းကြိုးဖြင့် အပူပေးကာ ကိုရိုနာဗိုင်းရပ်စ်ကို သေစေနိုင်သော နှာခေါင်းစည်း

ဖုန်းအားသွင်းကြိုးဖြင့် အပူပေးကာ ကိုရိုနာဗိုင်းရပ်စ်ကို သေစေနိုင်သော နှာခေါင်းစည်း

ဇွန် ၁၉

အစ္စရေးသုတေသနပညာရှင်များသည် မိုဘိုင်းဖုန်း အားသွင်းကြိုးဖြင့် အားသွင်း အပူပေးပြီး ကိုရိုနာဗိုင်းရပ်စ်ကို သတ်နိုင်သော ပြန်အသုံးပြု၍ရသည့် နှာခေါင်းစည်းကို တီထွင်ထားကြောင်း ပြောသည်။

အဆိုပါ တီထွင်ထားသည့် နှာခေါင်းစည်းမှ ပိုးသတ်သည့် လုပ်ငန်းစဉ်သည် အချိန် မိနစ် ၃၀ ခန့် ကြာကြောင်း၊ အသုံးပြုသူအနေဖြင့် အားသွင်းထားချိန်၌ ယင်း နှာခေါင်းစည်းကို တပ်ဆင်မထားသင့်ကြောင်း အစ္စရေးနိုင်ငံ ဟိုင်ဖာမြို့ရှိ Technion University မှ သုတေသနအဖွဲ့အား ဦးဆောင်သူ ပါမောက္ခ ယာအာအိန်းအယ်လီက ပြောသည်။

အရည်အသွေးကောင်းသော ဖုန်းအားသွင်းကြိုးဖြင့် ချိတ်ဆက်ကာ အားသွင်းနိုင်သော USB အပေါက်တစ်ပေါက် ပါရှိသည့် အဆိုပါ နှာခေါင်းစည်းသစ်၌ ကိုရိုနာဗိုင်းရပ်စ်ကို သေစေနိုင်သော လုံလောက်သည့် အပူချိန် ၇၀ ဒီဂရီဆဲလ်စီးရပ်စ်ကို နှာခေါင်းစည်း၏ ကာဗွန်မျှင် အတွင်းလွှာအတွင်း အပူအောင်းကာ ရှိနေစေခြင်း ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးအတွင်း တစ်ကမ္ဘာလုံး ဝယ်လိုအား မြင့်တက်ခဲ့သည့် တစ်ခါသုံး နှာခေါင်းစည်းများသည် တွက်ချေမကိုက်ဘဲ သဘာဝပတ်ဝန်းကျင်နှင့်လည်း သဟဇာတ မဖြစ်ကြောင်း အိန်းအယ်လီက ဆိုသည်။

“ကျွန်တော်တို့ဟာ ပြန်လည်အသုံးပြုနိုင်ပြီး သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့ နှာခေါင်းစည်းကို တီထွင်ထုတ်လုပ်သွားမှာ ဖြစ်တယ်။။ ဒါဟာ ကျွန်တော်တို့ရဲ့ ဖြေရှင်းပေးတာပါပဲ။”ဟု ၎င်းတို့၏ တီထွင်မှုနှင့် ပတ်သက်ပြီး အိန်းအယ်လီက ပြောသည်။

အပူချိန် ၇၀ ဒီဂရီကို နာရီဝက်ကြာ ထိတွေ့ခြင်းက ကိုရိုနာဗိုင်းရပ်စ်ကို သတ်နိုင်သည်ဆိုခြင်းနှင့် ပတ်သက်ကာ မေးခွန်းထုတ်စရာ မရှိကြောင်း ဂျေရုဆလင်ရှိ Hadassah Medical Center မှ ကူးစက်ရောဂါဆိုင်ရာ ပညာရှင် ပါမောက္ခ အယ်လွန်မို့စ်က ပြောသည်။

သို့ ရာတွင် အပူအောင်းစေခြင်း ထပ်ခါတလဲလဲ ပြုလုပ်ခြင်းသည် နှာခေါင်းစည်း၏ အလွှာများကို ပျက်စီးစေနိုင်ပြီး နောက်ပိုင်း၌ ရောဂါကာကွယ်မှု စွမ်းရည်ကို လျော့ပါးစေနိုင်သည်ဟု ၎င်းက သတိပေးသည်။

စမ်းသပ်မှုအတွင်း ယခု ရှေ့ပြေး နှာခေါင်းစည်းကို နာရီဝက်စီ ကြာမြင့်သည့် အပူစုခြင်း အကြိမ် နှစ်ဆယ် ပြုလုပ်ခဲ့သော်လည်း ကြာရှည်ခံမှုအပေါ် သက်ရောက်မှု မရှိခဲ့ဟု အိန်းအယ်လီက ပြောသည်။

“ကျွန်တော်တို့ ဒီ နှာခေါင်းစည်းကို ဒါဇင်အရေအတွက် အနည်းငယ် အားသွင်း အပူစုစေတာက ဘယ်လို ပျက်စီးမှုမှ မဖြစ်စေတာကို အာမခံပါတယ်။”ဟု ၎င်းက ထပ်လောင်းပြောသည်။

ယခု ရှေ့ပြေးပုံစံ နှာခေါင်းစည်းသည် ရှေ့ဖက်တွင် အဆို့ရှင်ပါရှိသည့် စံနှုန်းမြင့် N95 နှာခေါင်းစည်းများနှင့် ပုံစံ ဆင်တူသည်။

မတ်လနှောင်းပိုင်းက အမေရိကန်တွင် ယခုနှာခေါင်းစည်း၏ မူပိုင်ခွင့်ကို တင်ခဲ့ပြီး စီးပွားဖြစ် ထုတ်လုပ်သွားရန် ပုဂ္ဂလိကကဏ္ဍနှင့် ဆွေးနွေးနေကြောင်း သုတေသနပညာရှင်များက ပြောသည်။

အဆိုပါ နှာခေါင်းစည်းများကို သာမန် တစ်ခါသုံး နှာခေါင်းစည်းများထက် ပိုဈေးကြီးမြင့်စွာဖြင့် အမေရိကန်ဒေါ်လာ ၁ ဒေါ်လာဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သုတေသနပညာရှင်များက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly