ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲကို  မြန်မာများနှင့်အတူ အိန္ဒိယလူမျိုးများပူးပေါင်းဆင်နွှဲမည်

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲကို  မြန်မာများနှင့်အတူ အိန္ဒိယလူမျိုးများပူးပေါင်းဆင်နွှဲမည်
Photo: EPA

ဇွန် ၁၈၊ ၁၉၉၉

၁၉၉၉ ခုနှစ် ဇွန်လ ၁၉ ရက်နေ့သည် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်နှင့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၅၄ နှစ်ပြည့်မွေးနေ့ဖြစ်သည်။ ၎င်းမွေးနေ့အခါသမယတွင်  အိန္ဒိယအမျိုးသမီး ဂျာနယ် ‘MANUSHI’၊ အိန္ဒိယအပြည်ပြည်ဆိုင်ရာစင်တာနှင့် အိန္ဒိယအခြေစိုက် အမျိုးသမီးရေးရာနှင့် အခွင့်အရေးများဆိုင်ရာအဖွဲ့၊ မြန်မာနိုင်ငံ (WRWAB) တို့က ‘အမျိုးသမီးများနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ - အမျိုးသမီးများနှင့်လျော်ညီသော နိုင်ငံရေးဖြစ်အောင် ဘယ်လိုလုပ်မလဲ’ (Women and Political Reforms: How to Make Politics Worthy of Women) ဆိုသည့် ခေါင်းစဉ်နှင့် လူထုဆွေးနွေးပွဲလုပ်ပြီး မွေးနေ့ပွဲကို ဆင်နွှဲကြမည်ဖြစ်သည်။

ဆွေးနွေးပွဲတွင် အိန္ဒိယပါလီမန် (Raja Sabha) ဒု-ဥက္ကဋ္ဌ Mrs. Najma Heptullah၊ အိန္ဒိယအစိုးရ လူမှုဖူလုံရေး ဝန်ကြီး Mrs. Maneka Gandhi နှင့် စိုက်ပျိုးရေးဝန်ကြီး Ms. Uma Bharti၊ Samata ပါတီ အထွေထေထွေ အတွင်းရေးမှူး Ms. Jaya Jaitely နှင့် ကွန်ဂရက်ပါတီခေါင်းဆောင် Mr. Mani Shanker lyer တို့က ဦးဆောင် ဆွေးနွေးသွားမည်။

ဆွေးနွေးပွဲကို နယူးဒေလီရှိ အိန္ဒိယအပြည်ပြည်ဆိုင်ရာစင်တာတွင် ညနေ ၆ နာရီ၌ ကျင်းပမည်။ အခမ်းအနား တစ်စိတ်တစ်ပိုင်းအဖြစ် အမျိုးသမီးရေးရာ နှင့် အခွင့်အရေးများဆိုင်ရာအဖွဲ့၊ မြန်မာနိုင်ငံက ဒီမိုကရေစီ လှုပ်ရှားမှုတွင် မြန်မာအမျိုးသမီးများအခန်းကဏ္ဍကို အကျဉ်းချုံးတင်ပြကာ ၎င်းနောက် ယဉ်ကျေးမှုအစီအစဉ်နှင့် ဒေါ်အောင်ဆန်းစုကြည်အကြောင်း ဗီဒီယို ၁၀ မိနစ်စာကို ပြသမည်။

နိဂုံးချုပ်အစီအစဉ်အနေဖြင့် အိန္ဒိယရှိ မြန်မာကျောင်းသားများက အထူးပြင်ဆင်ထားသော မြန်မာအစားအစာဖြင့် ညစာတည်ခင်းဧည့်ခံကျွေးမွေးမည်ဖြစ်သည်။

အမျိုးသမီးများနှင့်လူ့အဖွဲ့အစည်းအကြောင်းရေးသားသည့် အိန္ဒိယဂျာနယ် MANUSHI က ဒေါ်အောင်ဆန်း စုကြည်၏မွေးနေ့ကို အာရှအမျိုးသမီးများနေ့အဖြစ် ကျင်းပရန် အဆိုပြုထားသည်။

အောက်တွင်ဖော်ပြထားသည်မှာ ဒေါ်အောင်ဆန်းစုကြည်အပေါ်ထားရှိသောအမြင်နှင့် အာရှအမျိုးသမီးများနေ့ သတ်မှတ်ရန် အဆိုပြုမှုကြောင့် လူသိများသည့် အိန္ဒိယ အမျိုးသမီးတက်ကြွလှုပ်ရှားသူလည်းဖြစ် Manushi ဂျာနယ်၏အယ်ဒီတာလည်း ဖြစ်သည့် Ms. Madhu Kishwar နှင့်တွေ့ဆုံမေးမြန်းထားခြင်းဖြစ်သည်။

Ms. Madhu Kishwar နှင့်တွေ့ဆုံမေးမြန်းခန်း

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ဖြစ်တဲ့ ဇွန်လ ၁၉ ရက်နေ့မှာ အိန္ဒိယအပြည်ပြည်ဆိုင်ရာစင်တာနဲ့ WRWAB တို့နဲ့အတူ ပူးပေါင်းစီစဉ်တဲ့ အစီအစဉ်အကြောင်းကို ပြောပြပေးပါဦး။

ဖြေ။ ။ MANUSHI ဂျာနယ်အနေနဲ့ ဇွန် ၁၉ ရက်မှာကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ကို အမှတ်တရကျင်းပဖို့ စိတ်အားထက်သန်နေတာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူမက အလွန့်အလွန်ရှားပါးတဲ့ အမျိုးသမီးခေါင်းဆောင်တွေထဲက တစ်ယောက်ပါ။ ဒီနေ့ကမ္ဘာမှာ ကျွန်မတို့ဂုဏ်ယူရတဲ့ အလွန်နည်းပါးတဲ့ နိုင်ငံရေးခေါင်းဆောင်တွေထဲက တစ်ယောက်ဖြစ်ပါတယ်။ သူမက အာရှသားဖြစ်နေတဲ့အချက်ကြောင့်လည်း ကျွန်မဂုဏ်ယူပါတယ်။ အိန္ဒိယနဲ့နီးစပ်တဲ့ယဉ်ကျေးမှုကနေ ပေါက်ဖွားလာတာကိုလည်းဂုဏ်ယူတယ်။ ရင်းနှီး တယ်လို့ခံစားရတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေများစွာမှာ အမျိုးသမီးတွေ နိုင်ငံရေးလောကထဲဝင်လာတာကို တွေ့မြင်ဖူးခဲ့ပါတယ်။ သူတို့ဟာ ရှက်စရာကောင်းတဲ့ကိစ္စတွေကို ဖြစ်စေခဲ့ပါတယ်။ ပါကစ္စတန်ဝန်ကြီးချုပ် ဘနာဇာဘူတိုတို့ ဘင်္ဂလားဒေ့ရှ် အမျိုးသမီးဝန်ကြီးချုပ်နှစ်ယောက်ဆိုလည်း အဲဒီလိုတွေ့ကြုံခဲ့ရတယ်။ ကျွန်မတို့ အိန္ဒိယ ဝန်ကြီးချုပ်အင်ဒီရာဂန္ဒီနဲ့ တခြားထင်ရှားတဲ့နိုင်ငံရေးခေါင်းဆောင်တွေမှာလည်း စံချိန်စံညွှန်းအသစ် ချမှတ်နိုင်ခဲ့တဲ့သူ အင်မတန်နည်းပါတယ် ။ သူတို့တွေက အဂတိလိုက်စားတာတို့ အာဏာရှင်ဆန်ဆန် လုပ်ဆောင်တာတို့ အမျိုးသားတွေ ချမှတ်ခဲ့တဲ့လမ်းစဉ်ကိုအတိုင်း လုပ်လေ့ရှိကြတယ်။ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းတွေမှာ အဓိပ္ပါယ်ရှိတဲ့ပြောင်းလဲမှုမျိုးတွေကို မလုပ်နိုင်ခဲ့ဘူး။ သီရိလင်္ကာသမ္မတ ကုမာရတွန်ဂါ ဆိုရင်လည်း နှစ်ပေါင်းများစွာအာဏာမြဲခဲ့တယ်။ အာဏာရပြီးနောက်ပိုင်းမှာ အရှိန်အဝါလျော့လာတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ အမြင်သစ်၊ စာနာရိုင်းပင်းတတ်မှုနဲ့ ရဲစွမ်းသတ္တိတွေကို နိုင်ငံရေးထဲ ယူဆောင်လာမယ့် အနည်းငယ်သော နိုင်ငံ့ခေါင်းဆောင်တွေထဲကတစ်ယောက်လို့ ယုံကြည်ပါတယ်။ မဟတ္တမ ဂန္ဒီလိုလုပ်ခဲ့သလို နိုင်ငံရေးစံချိန်စံညွှန်းသစ်တွေသာမကဘဲ ယဉ်ကျေးမှုစံချိန်စံညွှန်းအသစ်တွေကို စတင်ဖို့ ကြိုးစားမယ့်သူလို့ ထင်ပါတယ်။ မင်ဒဲလားကို တောင်အာဖရိကရဲ့ ဂန္ဒီလို့တင်စားသလိုမျိုး သူမကိုလည်း မြန်မာနိုင်ငံရဲ့ ဂန္ဒီဆိုပြီး သိကြပါတယ်။ ဂန္ဒီရဲ့အမြင်တွေထဲမှာ နိုင်ငံရေးထဲမှာအမျိုးသမီးတွေပါဝင်မှုဟာ နိုင်ငံရေးကို သန့်ရှင်းစေသင့်တယ်။ ပြည်သူတွေရဲ့ ဘဝအရည်အသွေးကို မြှင့်တင်သင့်တယ်။ စစ်ပွဲဆန့်ကျင်တဲ့တိုက်ပွဲတွေမှာ ကမ္ဘာ့အမျိုးသမီးတွေဟာ ဦးဆောင်သင့်တယ်၊ ဦးဆောင်ရမယ်လို့ ပါပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း အဲဒီခံယူချက်နဲ့နေပါတယ်။ ကျွန်မလည်း လက်ကိုင်ထားပါတယ်။ အမျိုးသမီးတွေက နိုင်ငံရေးလောကထဲဝင်ပြီး အာဏာရှင်ဆန်သွားတာတွေ အကျင့်ပျက်ခြစားတာတွေမြင်ရတော့  ကျွန်မအရမ်းနာကျင်ခံစားရတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က အလွန်ရက်စက်ကြမ်းကြုတ်တဲ့ စစ်တပ်နဲ့ရင်ဆိုင်ရတဲ့အခါမှာတောင် ကြံ့ကြံ့ခံနိုင်ခဲ့တဲ့ အနည်းငယ်သောသူတွေထဲက တစ်ယောက်ပါ။ အရှက်ကင်းမဲ့တဲ့စစ်အစိုးရကတော့ သူ့ပြည်သူ တွေကို ညှင်းပန်းနှိပ်စက်တဲ့အခါ၊ ကိုယ်ပိုင်အဖွဲ့အစည်းအတွင်း သဘောထားကွဲလွဲမှုတွေကို နှိမ်နင်းတဲ့အခါနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီလှုပ်ရှားမှုကို ဖိနှိပ်တဲ့အခါတွေမှာ ကျင့်ဝတ်တွေတောင် ကျော်လွန်ပါတယ်။ ဒါပေမယ့် သူမရဲ့ သနားကြင်နာမှု၊ ရဲစွမ်းသတ္တိ၊ သစ္စာရှိမှုနဲ့ အမြင်ကြည်လင်မှုတွေက အရမ်းကို စိတ်ဝင်စားစရာ ကောင်းပါတယ်။ အိန္ဒိယက အမျိုးသမီးတွေအတွက် သူမဟာ စံပြတစ်ယောက်လို့ ထင်ပါတယ်။ အများပြည်သူ ဘဝမှာ အမျိုးသမီးတွေနိုင်ငံရေးလောကထဲကိုလည်း ပါဝင်လာအောင်တွန်းအားပေးချင်တာရယ်၊ မွေးနေ့ကို အမှတ်တရကျင်းပချင်တာရယ်ကြောင့် MANUSHI အနေနဲ့ အမျိုးသမီးများနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ဆိုတဲ့ခေါင်းစဉ်နဲ့ လူထုအစည်းအဝေးနဲ့ဆွေးနွေးပွဲကို လုပ်တာပါ။ ပြောင်းလဲမှုတွေ၊ ဖွဲ့စည်းတည်ဆောက်ပုံ ဆိုင်ရာပြောင်းလဲမှုတွေနဲ့  နိုင်ငံရေးအဖွဲ့အစည်းဆိုင်ရာပြောင်းလဲမှုတွေ ဘယ်လို ဖြစ်အောင်လုပ်မလဲဆိုတာ ဆွေးနွေးကြမှာပါ။ အမျိုးသားတွေ ကျင့်သုံးတဲ့ အကြမ်းဖက်မှု၊ ခိုးယူမှု၊ လုယက်မှု၊ ကိုယ်ကျိုးအတွက် အာဏာအလွဲသုံးစားလုပ်မှု စတဲ့ ဗျူဟာတွေ စည်းမျဉ်းတွေကို နိုင်ငံရေးမှာ မကျင့်သုံးဘဲနဲ့ နိုင်ငံရေးကို အမျိုးသမီးတွေနဲ့ထိုက်တန်အောင်လုပ်ရပါမယ်။ တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ နိုင်ငံရေးနဲ့ ကိုယ်စားလှယ်နဲ့ အဖွဲ့အစည်းတွေအပေါ် ပြည်သူကထိန်းချုပ်နိုင်တဲ့ နိုင်ငံရေးမျိုးကို ဒေါ်အောင်ဆန်းစုကြည်က ကိုယ်စားပြုနိုင် မယ်လို့ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က metro-politics ရဲ့သားကောင်ဖြစ်နေတယ်လို့ မြင်ပါတယ်။ တစ်ဖက်မှာက သူမဦးတည်တဲ့လှုပ်ရှားမှုတွေကို ရသမျှ လက်နက်အင်အားတွေနဲ့ ချေမှုန်းမယ့် စစ်တပ်ရှိနေတယ်။ တစ်ဖက်မှာက စံပြုလောက်တဲ့အမျိုးသမီးအင်အားကို ကိုယ်စားပြုတဲ့ သူမရှိတယ်။  သူမမှာ လက်နက်မရှိဘူး။ ပြည်သူတွေကိုလှုံ့ဆော်ပေးနိုင်တဲ့ ရဲစွမ်းသတ္တိ၊ အတွေးအခေါ်နဲ့ အမြော်အမြင်တွေရှိတယ်။ ပြည်သူတွေ လွတ်မြောက်မှုရအောင် ဦးဆောင်ဖို့ အဲဒီအင်အားတွေကို အသုံးချတာပါ။ အင်အားနဲ့အကြမ်းဖက်မှု စတာတွေကို ယောကျ်ားဖြစ် အရည်အချင်းလို့ ယုံကြည်တဲ့ ယောကျ်ားသားတွေနဲ့ ယဉ်ကျေးမှုရှိတဲ့ မိန်းမသားအကြားက တိုက်ပွဲသဘောမျိုးပါ။

ဒါဟာ အရမ်းအရေးကြီးတဲ့ လူမှုတိုးတက်မှုနဲ့ဆိုင်တဲ့ တိုက်ပွဲလို့ ကျွန်မ ယုံကြည်ပါတယ်။ မြန်မာနိုင်ငံအတွက် နိုင်ငံရေးတိုက်ပွဲတစ်ခုဖြစ်ရုံတင် မကပါဘူး။ အများပြည်သူဘဝမှာ ရိုးသားမှု၊ အမှန်တရား၊ ရဲစွမ်းသတ္တိနဲ့ ကြင်နာမှုရှိတယ်လို့ ယုံကြည်သူတွေရဲ့အောင်ပွဲဟာ သူမအောင်ပွဲဖြစ်လာမှာပါ။ နိုင်ငံရေးဟာ အကျည်းတန်တဲ့ ပုဂ္ဂိုလ်ရေးရာတွေအတွက် အာဏာနဲ့ အာဏာအလွဲသုံးစားလုပ်မှုလောက်သာ မဟုတ်ပါဘူး။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို အာရှအမျိုးသမီးများနေ့အဖြစ် ကျင်းပဖို့ ဘာကြောင့် အဆိုပြုတာလဲ။

ဖြေ။ ။ အဲဒီနေ့ကို အာရှအမျိုးသမီးများနေ့ကျင်းပသင့်တယ်လို့ ခံစားရတဲ့အကြောင်းပြချက်ကတော့ တတိယကမ္ဘာ့နိုင်ငံတွေကို ယုံကြည်လို့ပါ။ အိန္ဒိယနဲ့ မဖွံ့ဖြိုးသေးတဲ့အဖွဲ့အစည်းအများစုမှာ အနောက်တိုင်းက လှုပ်ရှားရုန်းကန်မှုရဲ့ သင်္ကေတတွေ၊ အယူအဆတွေ အားလုံးကို လက်ခံနိုင်တဲ့ အလားအလာတွေရှိပြီး အတုယူတာကို မွေ့လျော်ကြပါတယ်။

ဥပမာ - မတ်လ ၈ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ဆိုပြီး ကျင်းပကြတယ်။ အဲဒီရက်က ဘာကို ကိုယ်စားပြုတာလဲဆိုတာ ဘယ်သူမှမသိကြဘူး။ ဥရောပဒေသအချို့က အမျိုးသမီးတွေဟာ လှုပ်ရှားမှုတ ပြုလုပ်ခဲ့ကြတယ်။ အဲဒီသမိုင်းနဲ့ သင်္ကေတတွေက နိုင်ငံတကာနေ့တစ်နေ့အဖြစ် လက်ခံသတ်မှတ်တာကလွဲလို့ တခြား အဓိပ္ပါယ်အများကြီး မရှိပါဘူး။ ဒါပေမယ့် ကျွန်မတို့ရဲ့ လူစွမ်းကောင်းအမျိုးသမီးတွေအတွက် ဆင်နွှဲဖို့ လိုအပ်တယ်။ ကျွန်မတို့ရဲ့ ကိုယ်ပိုင်ရုန်းကန်မှုသင်္ကေတတွေကို အောင်ပွဲခံဆင်နွှဲဖို့လိုတယ်လေ။

ကျွန်မအတွက်ကတော့ ဒေါ်အောင်ဆန်းစုကြည်က အာရှရဲ့ စိတ်ဓာတ်အားမာန်ပါ။ သူမမွေးနေ့ကို မြန်မာ အမျိုးသမီးအဖွဲ့အစည်းတွေဖြစ်စေချင်တဲ့ ‘မြန်မာအမျိုးသမီးများနေ့’ အနေနဲ့သာမကဘဲ ‘အာရှအမျိုးသမီးများနေ့’ အဖြစ်ပါ ကျင်းပတာကို တွေ့မြင်ချင်ပါတယ်။

မေး။ ။ ဇွန်လ ၁၉ ရက်မှာလုပ်မယ့် အစီအစဉ်ကနေ ဘာတွေ မျှော်လင့်ထားပါသလဲ။

ဖြေ။ အစီအစဉ်တစ်ခုလုံးကနေပြီးတော့ ပထမဆုံးအနေနဲ့ အိန္ဒိပြည်သူတွေကို အိမ်နီးချင်းနိုင်ငံရဲ့ လုပ်ဆောင်ချက်တွေနဲ့ တခြား လွဲမှားတဲ့လုပ်ဆောင်ချက်တွေကိုသတိပြုမိပြီး ကူညီထောက်ပံ့ပေးစေချင်တာပါ။ မြန်မာနိုင်ငံက ဒီမိုကရေစီထောက်ခံတဲ့အင်အားစုတွေကို အထောက်အပံ့များများပေးပြီး ဖြစ်ပျက်နေတဲ့အရာတွေ ကို တန်ဖိုးထားဖို့ပါ။ ဂန္ဒီရဲ့ အကြမ်းမဖက်လှုပ်ရှားမှု လမ်းစဉ်ဟာ နိုင်ငံရေးကို နောက်ထပ် ပိုမိုမြင့်မားတဲ့ ယဉ်ကျေးမှုပုံစံတစ်ခုအဖြစ်မြှင့်တင်သလိုမျိုး ဒါဟာ အလွန်အရေးကြီးတဲ့ ရုန်းကန်မှုတစ်ခုပါ။ သူမရဲ့လှုပ်ရှားမှု ကလည်း ထိုနည်းလည်းကောင်းပါပဲ။ အိန္ဒိယကလူအများစုက မြန်မာနိုင်ငံမှာဖြစ်ပျက်နေတာတွေနဲ့ သူမအကြောင်းတွေကို သိပ်မသိကြတဲ့အချက်နဲ့ အနောက်နိုင်ငံမှာသူမနိုဘယ်ငြိမ်းချမ်းရေးဆုရပြီးမှ ချီးကျူးဂုဏ်ပြုခံရတာတွေအတွက်  ကျွန်မစိတ်မကောင်း ဖြစ်ရတယ်။ ဒီစမ်းသပ်ကာလမှာ ပိုမိုအသိရှိပြီး မြန်မာလူမျိုးတွေနဲ့ ပိုမိုရင်းနှီးတာကို မြင်ချင်ပါတယ်။

နိုင်ငံရေးမှာ ကျယ်ပြန့်တဲ့ဖွဲ့စည်းပုံဆိုင်ရာပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်တဲ့အခါ အမျိုးသမီးရော အမျိုးသား ရော ပါဝင်နိုင်ဖို့ ဒီပွဲက ကြိုးပမ်းအားထုတ်မှုရဲ့အစဖြစ်စေလိုတာပါ။ အဲဒီနိုင်ငံရေးဟာလည်း သာမန်ပြည်သူတွေ အထူးသဖြင့် အမျိုးသမီးတွေ ပိုမိုပြောဆိုတဲ့အလေ့အကျင့်ဖြစ်အောင်လုပ်နိုင်မယ့် နိုင်ငံရေးမျိုးဖြစ်ရပါမယ်။ ဒီမိုကရေစီဆိုတာ ငါးနှစ်တစ်ကြိမ် ဒါမှမဟုတ် သုံးနှစ်တစ်ကြိမ် မဲပေးရုံတင်မဟုတ်ပါဘူး။ ဒီမိုကရေစီဆိုတာ ကိုယ့်ဘဝကိုသက်ရောက်တဲ့ ဆုံးဖြတ်ချက်ချရာမှာ ပါဝင်ပြောဆိုခွင့်ရတာပါ။ အထူးသဖြင့်အမျိုးသမီးတွေအတွက် နိုင်ငံရေးကို ချင့်ချိန်နိုင်အောင်၊ နိုင်ငံရေးအဖွဲ့အစည်းတွေကို အကဲဖြတ်ပြီး တာဝန်ယူနိုင်အောင် လုပ်ပေးတဲ့ အရာပါ။

ဒါကြောင့် ဒီအစီအစဉ်ဟာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအစီအစဉ်တစ်ခုလုံးအကောင်အထည်ဖော်တဲ့ ရှည်လျားတဲ့ လုပ်ငန်းစဉ်ရဲ့ အစပါ။ဒါက ပြည်သူတွေ အထူးသဖြင့် အမျိုးသမီးတွေအတွက် အကျိုးကျေးဇူး ရှိမှာပါ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly