ကမန်တိုင်းရင်းသားများရဲ့ ရွေးကောက်ပွဲအလွန် မျှော်လင့်ချက်

ကမန်တိုင်းရင်းသားများရဲ့ ရွေးကောက်ပွဲအလွန် မျှော်လင့်ချက်
ရခိုင်ပြည်နယ်လွှတ်တော်အတွက်ရွေးကောက်ပွဲဝင်သည့်သံတွဲရှိကမန်အမျိုးသားတိုးတက်ရေးပါတီမှဦးသန်းဝင်းကိုမိသားစုဝင်များနှင့်အတူသံတွဲမြို့နေအိမ်တွင် မကြာသေးမီကတွေ့ရစဉ်။ ဓာတ်ပုံ - ဆွေဝင်း/Myanmar Now)

ရခိုင်ပြည်နယ်တွင် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများ ဖြစ်ပွားပြီးနောက်ပိုင်း နိုင်ငံသား အခွင့်အရေး ဆုံးရှုံးနေသော ကမန်တိုင်းရင်းသားများက ၎င်းတို့၏ ကံကြမ္မာကို ၂ဝ၁၅ ရွေးကောက်ပွဲက တစ်ဖန်ပြောင်း လဲစေမည်ဟု မျှော်လင့်နေကြသည်။

ပေါက်တော (Myanmar Now) ။         ။ လွန်ခဲ့သော ၂ နှစ် အောက်တိုဘာလဆန်းတွင် ကိုဇော်လင်းတစ်ယောက် ရခိုင်ပြည်နယ် တောင်ပိုင်း သူနေထိုင်ရာ ရွာငယ်လေးဖြစ်သည့် ပေါက်တောရွာအတွင်း သက်ငယ်မိုးအိမ်လေး၏ နောက်ဖက်တွင် တည်ရှိ သော တောင်ကုန်းပေါ်သို့ အလျင်အမြန် တက်ပြေးခဲ့သည်။

သူတို့မိသားစုမှာ အစ္စလာမ်ဘာသာ ကိုးကွယ်သူများ ဖြစ်သည်။ သူနှင့် မိသားစုဝင်များ ထိုတောင်ကုန်း ပေါ် အသက်လု၍ ပြေးလွှားနေရခြင်းမှာ တုတ် ဓားကိုင်စွဲထားသည် ရခိုင်ဗုဒ္ဓဘာသာဝင်တို့က မွတ်စလင် အိမ်များကို ပစ်မှတ်ထား မီးရှှို့ တိုက်ခိုက်နေခြင်းကြောင့်ဖြစ်ပြီး၊  နောက်ဆုံး သူတို့နေထိုင်ရာရွာသို့ ဝင်ရောက် လာသောကြောင့် ဖြစ်သည်။

ထိုသို့ ပြေးလွှားနေစဉ်တွင် ကိုဇော်လင်းသည် ရွာနှင့် နှစ်မိုင်ခန့်ကွာဝေးသော ရဲစခန်းကို ဖုန်းဆက် အကူအညီတောင်းသော်လည်း ထိုရဲစခန်းရှိ ရဲအရာရှိက လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကြောင့် မအားလပ်သ ဖြင့် လာရောက် မကူညီနိုင်ကြောင်းသာ ပြောဆိုပြီး ဖုန်းချသွားသည်။

တောင်ထိပ်တွင် သူတို့ ပုန်းအောင်းပြီး အန္တရာယ်ကို တိမ်းရှောင်နိုင်ခဲ့သော်လည်း သူ့အိမ်အပါအဝင် ပေါက်တောရွာရှိ မွတ်စလင်အိမ်များ ပြာအတိကျသွားသည်အထိ မီးရှို့ခံလိုက်ရသည်။ အနီးနားရှိ သဗြုချိုင်ရွာ တွင်မူ  ၉၁ နှစ်အရွယ် မွတ်စလင်အဖွားအိုကို တိုက်ခိုက်သူများ ကဓားဖြင့် အကြိမ်ကြိမ် ထိုးပြီး နောက်ဆုံးတွင် မီးပုံထဲ ပစ်သွင်းလိုက်ကြသည်။

သို့သော်လည်း ထိုအဖြစ်အပျက်များကို အကြောင်းပြု၍ အိမ်နီးခြင်း ဗုဒ္ဓဘာသာတို့အပေါ် မည်သည့် အာဃာတမှ မထားကြောင်း ကိုဇော်လင်းက ပြောသည်။ “အားလုံ းခံရတာပဲလေ။ ရခိုင်တွေလည်း ဘာသာ ရေး ခုတုံးလုပ်တာကို ခံရတာပဲ” ဟု သူက ၂ဝ၁၃ ထိုအရေးအခင်းအပြီး ပြန်ဆောက်ထားသည့် သူ့အိမ်၏ ဝါးကြမ်းပြင်တွင် ထိုင်လျက် ပြောဆိုသည်။

ကိုဇော်လင်းတို့ မိသားစုမှာ ဗုဒ္ဓဘာသာ ရခိုင်များနှင့် ပဋိပက္ခ စတင်ဖြစ်ခဲ့သော ဘင်္ဂါလီခေါ် ရိုဟင်ဂျာ မွတ်စလင်တို့နှင့် ဘာသာရေး တူညီသည်ကလွဲ၍ ကွဲပြားသည့် အခြေအနေများရှိသည့် ကမန်မွတ်စလင်များ ဖြစ်သည်။ သူတို့သည် ဗုဒ္ဓဘာသာအများစု နေထိုင်သည့် မြန်မာနိုင်ငံတွင် တရားဝင် အသိအမှတ်ပြုထားသော တိုင်းရင်းသား လူမျိုးစုများတွင် ပါဝင်သည်။ လွန်ခဲ့သော ခြောက်ရာစုနှစ်ကျော်က ကမန်တိုင်းရင်းသားတို့သည် အစ္စလာမ်ဘာသာသို့ ပြောင်းလဲ ကိုးကွယ်ခဲ့ကြသော်လည်း ရခိုင်တို့၏ လူမှှုရေး ထုံးတမ်းအစဉ်အလာများကို ဆက်လက် ကျင့်သုံးနေကြသည်။ ၎င်းတို့အများစုမှာ ပြည်နယ်တွင်း ကမ်းရိုးတမ်းမြို့များဖြစ်သော သံတွဲ၊  ကျောက်ဖြူ၊ စစ်တွေ၊ ရမ်းဗြဲတို့တွင် နေထိုင်ကြသည်။

၂ဝ၁၂ ရခိုင်ပြည်နယ်တွင် ဘာသာရေး လူမျိုးရေး အခြေခံသော ပဋိပက္ခများဖြစ်ပြီး နောက်ပိုင်း အစ္စ လာမ်ဘာသာ ကိုးကွယ်မှှုကို အကြောင်းခံ၍ အာဏာပိုင်တို့၏ ခွဲခြားဆက်ဆံမှှုများကို ခံနေရပြီး ၎င်းတို့၏ နိုင်ငံ သား အခွင့်အရေးများပါ ချိုးဖောက်ခံနေရသည်။ ကမန်တိုင်းရင်းသား ခေါင်းဆောင်တို့က ၎င်းတို့နှင့် ဘာသာ တူသည့် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီခေါ် ရိုဟင်ဂျာတို့နှင့် မဟာမိတ်ပြုမည့် အစားသူတို့သည် ရိုဟင်ဂျာမဟုတ် ကြောင်း ကွဲပြားထင်ရှားအောင် ကြိုးစားနေကြသည်။ ၂ဝ၁၅ ရွေးကောက်ပွဲသည် ၎င်းတို့၏ ကံကြမ္မာကို အကောင်းဘက်သို့ ပြန်လည်ရောက်ရှိစေမည်ဟု မျှော်လင့်နေကြသည်။

လူဦးရေ တစ်သန်းကျော်ရှိသည့် ဘင်္ဂါလီ ရိုဟင်ဂျာတို့မှာ ရွေးကောက်ပွဲတွင် ပါဝင်မဲထည့်ခွင့် မရကြ သော်လည်း ကမန်တိုင်းရင်းသားတို့မှာ မဲထည့်ခွင့်တော့ ရကြသေးသည်။ အာဏာရ ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှမ်းမိုးထားသည့် လွှတ်တော်နှင့် အစိုးရအုပ်ချုပ်သည့် လွန်ခဲ့သည့် နှစ်များတွင် ပြည်သူတို့က ကသောင်းကနင်း ဖြစ်ရပ်များနှင့် ရင်ဆိုင်နေရပြီး အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုသာ မဲထည့်ရန် အများအပြားက အားသန်နေသကဲ့သို့  ကမန်တိုင်းရင်းသားတို့မှာလည်း ထိုပါတီကို သာ မဲထည့်ပြီး အပြောင်းအလဲဖြစ်ရန် မျှော်လင့်နေသည်။

“ကြံ့ခိုင်ရေး(ပါတီ) ဘယ်လိုဆိုးဆိုးဝါး အုပ်ချုပ်သွားတာ ကျုပ်တို့အားလုံး သိတာပဲ” ဟုသံတွဲမြို့ရှိ ကမန်တိုင်းရင်းသား တစ်ဦးဖြစ်သူ ကျုရှင်ဆရာ ကိုတင်မောင်ထွန်းက ဆိုသည်။ “ဥပဒေ စိုးမိုးရေးကို ရချင်လို့ ကမန်တိုင်းရင်းသား ရပ်မိရပ်ဖတွေကလည်း NLD ကို ပဲမဲပေးဖို့ ဆုံးဖြတ်ပြီးကြပြီ” ဟု သူက ဆက်၍ ဆိုသည်။

ခွဲခြားဆက်ဆံခံရမှှုများ

ခန့်မှန်းခြေစာရင်းများအရ ကမန်တိုင်းရင်းသားတို့သည် မြန်မာတစ်နိုင်ငံလုံးတွင် ငါးသောင်းခန့်ရှိပြီး နှစ်သောင်းခန့်မှာ ရခိုင်ပြည်နယ်တွင် နေထိုင်ကြရာ ၂ဝ၁၂ အရေးအခင်းများ နောက်ပိုင်း ၎င်းတို့ ခွဲခြားဆက် ဆံမခံနေရကြောင်း ရခိုင်ပြည်နယ် လွှတ်တော်အတွက် ရွေးကောက်ပွဲဝင်သည့် သံတွဲရှိ ကမန်အမျိုးသား တိုးတက်ရေးပါတီမှ  ဦးသန်းဝင်းက ဆိုသည်။ အရေးအခင်းများ ဖြစ်ပြီးနောက်ပိုင်း အသက် ၁၈ နှစ်ပြည့် လာသော ကမန်တို့မှာ နိုင်ငံသားစိစစ်ရေးကတ် မရရှိတော့ခြင်းကြောင့် ၎င်းတို့နေထိုင်ရာ မြို့များမှ ထွက်ခွာ ခွင့် မရခြင်းအပါအဝင် ပညာရေး၊ လူမှှုရေး အခွင့်အရေးများ ဆုံးရှုံးနေကြောင်း သူက ဆိုသည်။

“အရေးအခင်း မတိုင်မီကတော့ နိုင်ငံသား အခွင့်အရေး အားလုံး တန်းတူရတယ်။ ဒီနောက်ပိုင်းကျ တော့ အဲလို မဟုတ်တော့ဘူး။ ယခင်ကတည်းက မှတ်ပုံတင် ရထားသူတွေကတော့ လွတ်လွတ်လပ်လပ် သွားလာလို့ရပါတယ်” ဟု သူက ဆိုသည်။ “ခွဲခြားခံရတာ အဓိက အကြောင်းကတော့ဗျာ မွတ်စလင်မို့လို့ပဲ။  ကျွန်တော်သာ နိုင်ငံသား မှတ်ပုံတင် ကိုင်ဆောင်ထားပေမယ့်၊ နိုင်ငံသားဖြစ်ပေမယ့် ကျွန်တော့်သားကျတော့ မှတ်ပုံတင်မရဘူး။ သူတက္ကသိုလ် သွားတက်ဖို့ဟာ အခက်ကြုံနေရတယ်” ဟု သူက ရှင်းပြသည်။

အရေးအခင်းနောက်ပိုင်း မွေးဖွားလာသော ကမန်တိုင်းရင်းသား ကလေးငယ်များအတွက် ဖွားစာရင်း မရခြင်း၊ မှတ်ပုံတင်မရှိသော ကမန်လယ်သမားများ မြေယာပိုင်ဆိုင်ခွင့် လျှောက်ထားမှု အခက်အခဲဖြစ်ခြင်း တို့နှင့် ကြုံနေရကြောင်းလည်း သူက ပြောပြသည်။ သူ၏ အိမ်နီးခြင်းဖြစ်သူူ ကမန်အမျိုးသမီးငယ် သုံးဦး လွန်ခဲ့သော လအနည်းငယ်က မှတ်ပုံတင်မရှိ ဘဲရန်ကုန်သို့ သွားရောက်ခဲ့ပြီး၊  မှတ်ပုံတင်အတု ကိုင်ဆောင်ပြီး သံတွဲသို့ ပြန်လာသည်ကို ရဲများက စစ်ဆေး တွေ့ရှိပြီးနောက် အဖမ်းခံရကာ ထောင်ခြောက်လစီ ကျသွားကြ သည်။

ကမန်အမျိုးသား တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးလှတိုးက ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် မကြာသေးမီ လအနည်းငယ် အချိန်ထိ လုပ်ကိုင်ခဲ့သူ ဦးမောင်မောင်အုန်းနှင့် ကမန်တိုင်းရင်းသားများ နိုင်ငံသားအခွင့်အရေး ရရှိရေးအတွက် ၂ဝ၁၄၊၂ဝ၁၅ တို့တွင် သုံးကြိမ် ဆွေးနွေး ညှိနှှိုင်းခဲ့သော်လည်း မည့်သည့်ရလဒ်မှ မရရှိခဲ့ ကြောင်း ဆိုသည်။ (သူ၏ ကမန်အမျိုးသား တိုးတက်ရေးပါတီသည် ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး တို့ရှိ မဲဆန္ဒနယ် ၄ ခုတွင် ဝင်ရောက် ယှဉ်ပြိုင်သည်။)

“ဦးမောင်မောင်အုန်းကတော့ သူရခိုင် ရပ်မိရပ်ဖတွေနဲ့ တိုင်ပင်ပြီး ညှိနှှိုင်းပေးပါ့မယ်တဲ့။ ဒါကိုကလည်း သိပ်တော့ သဘာဝမကျဘူး။ သူ့ကို အချိန်ပေးပါတဲ့၊ သူသာ ဝန်ကြီးချုပ်ရာထူးကသာ ထွက်သွားတာ ဘာမှဖြစ် မလာခဲ့ဘူး” ဟု ဦးလှတိုးက ဆိုသည်။ သို့သော် ရွေးကောက်ပွဲတွင်မူ အသက် ၁၈ နှစ်ပြည့်ပြီး မှတ်ပုံတင် မရှိ သော ကမန်တိုင်းရင်းသားများမှာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှှုးတို့၏ ထောက်ခံချက်ဖြင့် မဲထည့်ခွင့် ရမည် ဖြစ်ကြောင်း သံတွဲရှိ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူများက ဆိုသည်။

ရွေးကောက်ပွဲ ဒွိဟများ

ရခိုင်ပြည်နယ်တွင် ပြည်ခိုင်ဖြိုး၊ NLD တို့ ပြီးလျှင် ရခိုင်လူမျိုးတို့ ဦးဆောင်သည့် ရခိုင်အမျိုးသားပါတီ (ANP)မှာ အားအကောင်းဆုံး ပါတီဖြစ်သည်။ ကမန်လွှတ်တော် အမတ်လောင်း ဦးသန်းဝင်းက ANP  ပါတီမှာ ရခိုင်အမျိုးသားအရေးကို ရှေ့တန်း အလွန်အကျုး တင်နေသဖြင့် ကမန်တို့မှာ NLD ကိုသာ မဲပုံပေးကြလိမ့် မည်ဟု ခန့်မှန်းသည်။ “ဖြစ်နိုင်ရင် ANP ကိုပဲ မဲထည့်ချင်တယ်။ တကယ်တော့ ရခိုင်ဆိုတာ ကိုယ့်အစ်ကိုကြီး လိုပဲ။ ဒါပေမယ့် ခက်တာက ကျွန်တော်တို့ကို ဘင်္ဂါလီနဲ့ ကမန် အတူတူပဲ၊ မွတ်စလင်ပဲ ဘာညာဆိုတော့ ကျွန်တော်တို့လည်း NLD ကိုပဲ မဲထည့်ရမှာပေါ့” ဟု သူက ရှင်းပြသည်။

သူဝင်ပြိုင်နေသည့် ရခိုင်ပြည်နယ် လွှတ်တော်တစ်နေရာအတွက် သူ့ကိုယ်သူ မဲပေးမည် ဖြစ်သော် လည်း ပြည်ထောင်စု လွှတ်တော်နေရာများအတွက်မူ NLD ကိုသာ မဲထည့်မည်ဖြစ်ကြောင်း၊ NLD ဦးဆောင် သော အစိုးရသည် ကမန်တိုင်းရင်းသားတို့၏ နိုင်ငံသားဖြစ်ခွင့် အခြေအနေများကို လျင်မြန်စွာ ဖြေရှင်းပေး သွားမည်ဟု မျှော်လင့်ကြောင်း ဦးသန်းဝင်းက ပြောသည်။

NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ မြန်မာနိုင်ငံရှိ မွတ်စလင်များ ဖိနှိပ်ခံနေရခြင်းအပေါ် အရေးတယူ ပြောဆိုခြင်း မရှိသောကြောင့် နိုင်ငံတကာတွင် ဝေဖန်ခံနေရသည်။ အမျိုးသားရေး ဝါဒီ သံဃာ တော်အချို့ကလည်း မွတ်စလင်ဆန့်ကျင်ရေး လှှုံ့ဆော်မှှုများ ရွေးကောက်ပွဲမတိုင်မီ ပြောဆိုခဲ့ပြီးနောက်တွင်  NLD ပါတီက မည်သည့် မွတ်စလင် တစ်ဦးတစ်ယောက်ကိုမျှ ၎င်း၏ လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ထည့်သွင်းခြင်း မရှိခဲ့ပေ။ သို့ရာတွင် ပေါက်တောကျေးရွာမှ ကိုဇော်လင်းကမူ NLD ပါတီကိုသာ မဲထည့်မည်ဟု ဆိုသည်။

“တိုင်းရင်းသားတွေအားလုံး မျှမျှတတ ဆက်ဆံခံရမယ့် နိုင်ငံရေးစနစ်မျိုး NLD က လုပ်နိုင်မယ်လို့ ထင်တာပဲ” ဟု သူကဆိုသည်။ ပြည်နယ်တောင်ပိုင်းရှိ ကမန်တို့မှာ NLD ကို မဲထည့်မည့် အခြေအနေရှိသော် လည်း NLD အားမကောင်းသော၊ အမျိုးသားရေး စိတ်ဓာတ်များ၊ လူမျိုးရေး စိတ်ဓာတ်များ မြင့်မားနေသော ပြည်နယ်မြောက်ပိုင်းတွင်မူ ANP သို့မဟုတ် ပြည်ခိုင်ဖြိုးပါတီတို့ကိုသာ မဲထည့်ကြမည်ဟု မျှော်လင့်ရသည်။

“NLD က ဒီမြောက်ပိုင်းမှာတော့ စည်းရုံးရေးလည်း သိပ်မရှိဘူး၊ အားမကောင်းဘူးဗျ။ ကျွန်တော်က တော့ ANP ပါတီကို ပြည်ထောင်စ လွှတ်တော်နေရာတွေအတွက် မဲထည့်သွားမယ်” ဟု ပြည်နယ်လွှတ်တော် နေရာအတွက်  ကမန်တိုင်းရင်းသား တိုးတက်ရေးပါတီ ကိုယ်စားပြု၍ စစ်တွေမြို့နယ်တွင်   ဝင်ရောက် ယှဉ်ပြိုင်သော ကိုကျော်ငြိမ်းက ဆိုသည်။ ကိုကျော်ငြိမ်း၏ မဲဆွယ်ပွဲများတွင် ကမန်တို့သည် မွတ်စလင်ဖြစ် သော်လည်း ဘင်္ဂါလီတို့ကဲ့သို့ မဟုတ်ဘဲ တရားဝင် အသိအမှတ်ပြု ရခိုင်မျိုးနွယ် တိုင်းရင်းသားတစ်စု ဖြစ်ကြောင်း ရခိုင်လူမျိုးတို့ကို ရှင်းပြခဲ့သည်ဟု သူက ဆိုသည်။

“ဒီအချက်ကိုပဲ ထပ်ခါထပ် ပြောခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကမန်တိုင်းရင်းသားတွေရဲ့အဓိက ပြဿနာက ဘင်္ဂါလီတွေနဲ့ အတူတူလို့ အသတ်မှတ်ခံရလို့ပဲ” ဟု သူက ပြောသည်။ ၂ဝ၁၄ သန်းခေါင်စာရင်း ကောက်ယူချိန်တွင် ဘင်္ဂါလီတို့ကို ရိုဟင်ဂျာလူမျိုးများဟု ထည့်သွင်း ကောက်ယူခြင်းမပြုရန် ကမန်တိုင်းရင်း သား တိုးတက်ရေးပါတီက ကြေညာချက် ထုတ်သည့်နည်းဖြင့် ရိုဟင်ဂျာဆိုသော အသုံးအနှုန်းကို မနှစ်မြို့ သော ရခိုင်တိုင်းရင်းသားများနှင့် တစ်သားတည်း ရှိကြောင်း ပြသခဲ့သည်။

“ဒီရွေးကောက်ပွဲမှာ ကျွန်တော်တို့ မဲရတယ် မရတယ် ဆိုတာထက်၊ ရွေးကောက်ပွဲအပြီး ကမန်တိုင်း ရင်းသားတွေရဲ့ အခြေအနေ ဘယ်လိုဖြစ်မလဲဆိုတာ ပိုအရေးကြီးတယ်” ဟု ကိုကျော်ငြိမ်းက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly