အင်ဒိုနီးရှားတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ စံချိန်တင် ထပ်တိုး၊ အာဆီယံဒေသ၌ အမြင့်ဆုံး ဖြစ်နေ

အင်ဒိုနီးရှားတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ စံချိန်တင် ထပ်တိုး၊ အာဆီယံဒေသ၌ အမြင့်ဆုံး ဖြစ်နေ

ဇွန် ၁၉

အင်ဒိုနီးရှားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၁,၃၃၁ ဦးအထိ ထပ်မံတွေ့ရှိကြောင်း အာဏာပိုင်များက ဇွန်လ ၁၈ ရက်တွင် ထုတ်ပြန်သည်။ ယခုအခါ ယင်းနိုင်ငံတွင် ဗိုင်းရပ်စ်ကူးစက်ခံထားရသူ စုစုပေါင်းသည် ၄၂,၇၆၂ ဦး အထိ ရောက်ရှိနေခဲ့ပြီဖြစ်သည်။

အဆိုပါ ကိန်းဂဏန်းက ပြည်တွင်း၌ ဗိုင်းရပ်စ် ကူးစက်မှု စဖြစ်ခဲ့ပြီးနောက် တစ်နေ့တာအတွင်း အများဆုံးသော ကူးစက်သူဦးရေ ပမာဏ တိုးလာခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူပေါင်း ၆၃ ဦး ထပ်မံသေဆုံးခဲ့ကြောင်း အင်ဒိုနီးရှား ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် အာချ်မက်ဒ် ယူရီယန်တိုက ဇွန်လ ၁၈ ရက်တွင် ပြောသည်။

ယင်းအတွက်ကြောင့် အင်ဒိုနီးရှားနိုင်ငံတွင် ဗိုင်းရပ်စ်ကြောင့် စုစုပေါင်း သေဆုံးသူဦးရေသည် ၂,၃၃၉ ဦး ရှိနေပြီး တရုတ်ပြင်ပ အရှေ့အာရှဒေသ၌ အမြင့်ဆုံးသော သေဆုံးမှုနှုန်း ဖြစ်နေသည်။

အလားတူ အင်ဒိုနီးရှားသည် ယမန်နေ့ ဇွန်လ ၁၇ ရက်က စင်ကာပူကို ကျော်တက်ပြီး အရှေ့တောင်အာရှဒေသတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အမြင့်ဆုံး နိုင်ငံအဖြစ် ရပ်တည်နေခဲ့ပြီဖြစ်သည်။

နောက်ဆုံးရရှိထားသည့် ကိန်းဂဏန်းများအရ စင်ကာပူနိုင်ငံရှိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူစုစုပေါင်းသည် ၄၁,၂၁၆ ဦး ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly